ငရဲ
11:19 PM | Author: sankooo

ယခု လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားဖို့ရာ အကျဉ်းထောင်များ တည်ရှိသကဲ့သို့ သတ္တ၀ါတို့၏တည်နေရာ ဤကမ္ဘာတွင်း၌လည်း မကောင်းမှုဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက်ခံနေဖို့ရာ ငရဲထောင်များ တည်ရှိကြသည်။ ထို ငရဲထောင်ကား သတ္တ၀ါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မမစ္စယ ဥတုဇရုပ်တရားတည်း။ ထိုငရဲသည် သတ္တ၀ါတို့ ကံအားလျော်စွာ အမျိုးမျိုးတည်ရှိနေရုံမျှသာမက လူ့ဘုံနှင့်နီးကပ်သော မြေအတွင်းမှာပင် လောဟကု မ္ဘီ သံရည်ငရဲရှိသည်။ ငရဲကြီးရှစ်ထပ်တို့မှာ..

(၁) သိဥ္စိုးငရဲ

(၂) ကာဠသုတ်ငရဲ

(၃) သံဃာတငရဲ

(၄) ရောရုဝငရဲ

(၅) မဟာရောရုဝငရဲ

(၆) တာပနငရဲ

(၇) မဟာတာပနငရဲ

(၈) အ၀ီစီငရဲ

ငရဲတစ်ထပ်တစ်ထပ်၌ ပါဝင်သောငရဲတို့မှာ..

(၁) ဘင်ပုပ်ငရဲ

(၂) ပြာပူငရဲ

(၃) လက်ပံတောငရဲ

(၄) သန်လျက်ရွက်တောငရဲ

(၅) ဝေတ္တရဏီ ခေါ် “သံရည်မြစ်ငရဲ” ဟူ ၍

ငရဲ (၅)ထပ်တို့ တံတိုင်းခတ်သကဲ့သို့ ရံပတ်၍ နေသည်။ ထိုငရဲ (၅) ထပ်ကို ဥဿဒငရဲဟုခေါ်သည်။

တချို့သော သူများသည် မစဉ်းစားနိုင်သောအရာ များကို လိုက်ပြီး မလိုအပ်ဘဲစဉ်းစားပါသည်။ ကျွန်တော်ပြောချင်တာ ဒီလိုပါ။ ထိုသူတို့သည် မိမိဥာဏ်မမီသော အရာတို့ကိုအဟုတ်ကြီးမှတ်စဉ်းစားပြီး တသမတ်ကြီးတွက်ဆနေကြသည်။ ကျွန်တော်တနေ့က ဖတ်လိုက်မိသောစာသားတခုပါ။ ငရဲကိုမယုံဘူးဟူသော သဘောမျိုးနှင့်ရေးထားပါသည်။ ကိုယ်က ဘာဥာဏ်ထူးကိုမှ မရသေးပဲ ထင်ရာမြင်ရာ လျှောက်တွေးပြီး မှန်သရောင်ရောင်ပြောဆိုနေကြသည်။ ဆိုးကျိုးမှာ တခြားသူ ဗုဒ္ဓဘာသာကို ယုံကြည်သူတို့ကိုပါ ကူးစပ်ပြီး ထိုသူတို့ပါ သံသယဖြစ်လျှင် ကိုးကွယ်ထားသော သာသနာ ညှိုးနွမ်းသည်ထင်ပါသည်။ သံသယဆိုတာ ရှိမှာပါပဲ။ သံသယ ရှိလိုလဲ ကျွန်တော်တို့ဟာ အရိယာပုဂ္ဂိုလ်မဖြစ်နိုင်တာပဲလို့ယုံပါတယ်။ ကိုယ့်ရဲ့ကိုးကွယ်ထားတဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ အပြည့်အ၀ယုံကြည်မှသာလျှင် ကိုယ်ရဲ့ သရဏဂုံဟာ ခိုင်မာနေမှာဖြစ်ပါတယ်။ သာသနာရေးမှာ ကိုယ်ထင်ရာကို လျှောက်တွေးပြီး ဖော်မြူလာထုတ်ဖို့ အသစ်တွေလျှောက်ထည့်စရာမလိုတော့ပါ။ ဗုဒ္ဓဘာသာ ဟာ အားလုံးကွက်တိပါ။ ဖြည့်စရာမလို နုတ်စရာမလိုပါ။ ကျွန်တော်အားလုံးကို တတ်သိလို့မဟုတ်ပါ ဆရာတော်တွေမှာထားချက်အတိုင်း ပြီးတော့ကိုယ်ကိုယ်တိုင် တချို့သော စာအုပ်တို့ကိုဖတ်ပြီးတဲ့အခါ ဗုဒ္ဓဘာသာနဲ့ပက်သက်တာ အားလုံးကိုယုံကြည်ပါတယ်။ ပြင်စရာမလိုသော ဗုဒ္ဓဘာသာကို တချို့သောသူများက ထက်ပြီးသိသလိုလို ကွန့်ချင်သလိုလို ဖြစ်အောင် ငရဲဆိုတာရှိပါ့မလား လို့ မယုံကြည်သလို ပြောနေခြင်းသည် အပြစ်ရှိသည် ထင်ပါသည်။ ထိုသူအတွက်လည်း နိဗ္ဗာန်နှင့်ဝေးသထက်ဝေးမည်သာဖြစ်သည်။လောကီသညာလေးတွေ တတ်သိရုံနဲ့ အဟုတ်ကြီးမှတ်ပြီး ရမ်းရော်နေခြင်းသည်လည်း မောဟတမျိုးပင်ဖြစ်သည် ထင်ပါသည်။ လောကီတွင်သင်နေသည့် အားလုံးသောအရာ (IT, Engineering, Medical,......) ရှိသမျှလောကီပညာအားလုံးတို့တွင်သာ ပြင်ဆင်လိုက် ထပ်ပေါင်းလိုက် နုတ်ပယ်လိုက် လုပ်နေလို့ရပါသည်။ လောကီဘက်ကတော့ ပြီးဆုံးသွားသည်လို့မရှိဘဲ ပြည့်စုံသွားသည်လို့မရှိဘဲ ပြောင်းလဲနေဦးမှာပါပဲ။ ဗုဒ္ဓဘာသာသည် ပန်းတိုင်မှန်ကိုရှိပြီး ပြီးပြည့်စုံပြီးသားပါ။ ဒါကိုဘာမှ ထွင်လုံး တွေးစရာ လုပ်စရာမလိုတော့ပါ။ ထိုထွင်လုံး တောင်တွေးမြောက်တွေး များသည် ဆိုးကျိုးများဖြစ်သည့်အတွက်လည်း ကျွန်တော် ဗုဒ္ဓဘာသာရဲ့စစ်မုန်သောတရားများကို Web စာမျက်နှာပေါ်တွင်ရေးခြင်တာပါ။

ငရဲကိုမယုံကြည်သူများအတွက် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာထဲမှ ငရဲခန်း ဟူသော အခန်းလေးကိုရေးခြင်မိပါသည်။

နိဗ္ဗာန်
1:12 AM | Author: sankooo

ဗုဒ္ဓဘာသာအကြောင်းကိုရေးမယ်လို့ကြံလိုက်တော့ ပထမဆုံး အနေနဲ့ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အကြောင်းကိုစဖြစ်တယ်။ သိလို့တတ်လို့ ရေးတာမဟုတ်ပါ။ အမုန်တရားဖြစ်တဲ့ ဗုဒ္ဓဘာသာအကြောင်းကို ကြည်ညိုတာရယ် scan ဖတ်ထားသော Ebooks တွေမှာ စာသားများမှေးမှိန်နေတဲ့အတွက်ကြောင့် ဘလောဘ့်မှာ ပြန်ရေးတာပါ။ ဗုဒ္ဓဘာသာပြန့်ပွားခြင်းအတွက်ရည်ရွယ်ပါတယ်။

နိဗ္ဗာန်၏ ချမ်းသာအေးမြ သော သန္တိသုခ တမျိုးရှိပုံကို အဖန်ဖန် အောက်မေ့နေခြင်းသည် ဥပသမာနုဿတိဖြစ်သည်။ "ခန္ဓာကိုယ်တွင်း၌ အနှစ်အမတေအလား မြဲခိုင်သော နိစ္စတရားရှိ၏။ ရုပ်တရား နာမ်တရား ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏။ ထိုအနှစ်အမတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်ဖြစ်သည်" ဟုလည်းကောင်း "နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် ဘယ်လို ချမ်းသာမှာလည်း" ဟုလည်းကောင်း မိမိထင်ရာမြင်ရာ ပြောဆိုကြသည်။
တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းအရာကို ထိုအာရုံရဖူးသူသာ ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်သလို နိဗ္ဗာန်အကြောင်းကိုလည်း ထိုနိဗ္ဗာန်ကိုရပြီးသော အရိယာပုဂ္ဂိုလ်တို့သာ ပိုင်နိုင်စွာ သိနိုင်ပါသည်။ ပုထုဇဉ်တို့ အတွေးဖြင့်လေးနက်သော နိဗ္ဗာန်ကို အမှန်မထိမိနိုင်ပါ။
ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ထူထောင်ရ၏။ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကားခံစားရသောသုခနှင့်အဆမတန်ပါ။ ထိုဒုက္ခဖြင့်ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် မတင်းတိမ်နိုင်သောကြောင့်အပိုအကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်လေးပါးသွား၍ သုခအကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ရသည်မှာ ၀မ်းနည်းစရာပါ။ ထိုကဲ့သို့ ခံစားမှုနှင့်မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘော ဖြစ်သည်။ ဥပမာ - လောကီအာရုံ ကာမဂုဏ်တွေပြည့်စုံကြွယ်ဝသော သူဌေးတစ်ယောက်သည် အားပါးတရ အိပ်ပျော်နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ အအိပ်ဖျက်ရမလား ဟု ကြိမ်းဝါး မောင်းမဲ မည်သာတည်း။ ထိုသူအိပ်နေစဉ် ခံစားမှု အထင်အရှားမရှိ။ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်ပေသေးသည်။ ထိုခံစားမှုမပါသော အိပ်ပျော်ခြင်းသုခကိုပင် အိပ်ရကောင်းလိုက်တာ ဟု အမွှမ်းတင်ကြသေး၏။ ထိုကြောင့် ရုပ်နာမ်ကင်း၍ ငြိမ်းချမ်းခြင်းသန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မုန်းဆသင့်သည်။
ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ၏ကိုယ်ကျင့်အဘိဓမ္မာစာအုပ် စာမျက်နှာ (၃၂၈)မှ ကူးယူရေးသားသည်။