ဆရာတော်ဟောတဲ့တရားထဲက စိတ်ထဲမှာ ကြည်ညိုစရာဖြစ်သွားတာလေးတွေ ဆက်ရေးလိုက်ပါဦးမယ်။
မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား မွေးဖွားလာကတည်းက လူတွေ၊ နတ်တွေ ဗြဟ္မာတွေ အားလုံး အားလုံးကို အေးချမ်းစေမယ့် အငြိမ်းဓာတ်ကလေး သူ့ထဲမှာ ပါလာပြီးသားပါ။
ထို အငြိမ်းဓာတ်လေး သည် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ သုမေဓာရှင်ရသေ့အဖြစ်နဲ့ အလျားမှောက်ပြီး တံတားခင်းပေးကတည်းက စတင်ခဲ့ပါတယ်။

မြတ်စွာဘုရား၏တရားတော်များ သည် အားလုံးသော သူများအတွက် ဆင်းရဲ ချမ်းသာမရွေး လူမျိုးမရွေး အေးချမ်းစေပါသည်။ မျက်နှာလိုက်ခြင်းမရှိ။ ဘက်လိုက်ခြင်းမရှိပါ။ အဲဒီ့သဘောကို ဆရာတော်က ရွှေတိုင်ညွှန့်သီချင်းရဲ့ စာသားနဲ့ ပေါ်လွင်အောင် ရှင်းလိုက်ပါသေးတယ်။ အဲဒီ့စာသားလေးက..
စတုသင်္ချေ တစ်သိန်းကမ္ဘာထက်မှာ ပုထုဇဉ်တွေ ငြိမ်းစရာတွေ့မှာ.. (စတုသင်္ချေ=လေးသင်္ချေ)
သတ္တ၀ါ မြတ်ဓမ္မာ အမြိုက်ဆေး.. တိုက်ကြွေးဖို့ရန် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ ၂၀ မလှစ်ခဲ့ပါ..

ဒါကြောင့် ဗုဒ္ဓ၀ါဒသည် အားလုံးနှင့်သက်ဆိုင်ပါသည်။ အားလုံးကို အေးချမ်းစေမယ် ဆိုတဲ့ သဘောပါ။
Buddha Teaching is for all human being

ဥပမာ ရန်ကုန်သားက သမ္မတ ဖြစ်ပြီး ရန်ကုန်မြို့ တစ်မြို့တည်း သာယာစည်ကားအောင်လုပ်နေမယ်ဆိုရင် ဒီလုပ်ရပ်သည် ဗုဒ္ဓ၀ါဒနဲ့ မကိုက်ညီပါ။
ဒီစာသားတွေအားလုံးက အရမ်းကောင်းတဲ့ စာသားတွေ ဖြစ်လို့ ကျွန်တော် ပြန်ရေးလိုက်တာပါ။ တချို့ တရားနာရမှာ ပျင်းစရာကြီး ဆိုပြီး မနာဖြစ်သူတွေ အတွက် ဒါလေး ဖတ်ကြည့် လိုက်ရင် တရားမှာ စိတ်ပါလာအောင် ရည်ရွယ်ပါတယ်။ သိပြီးသားသူတွေအတွက်ကတော့ ပြောစရာမလိုဘူးပေါ့ဗျာ..ဒါပေမယ့် တချို့ သော တရားနာဖြစ်ပြီး မမှတ်ထားတဲ့သူတွေအတွက်လည်း ကျွန်တော်ရေးလိုက်တာလေးက အသုံးဝင်ပြီး ဗဟုသုတ ရလိုစေခြင်းငှာ ရည်ရွယ်ပါတယ်။

နောက်တခု ဆရာတော် တရားထဲက မှတ်သားလိုက်ရာလေးက..
ဘုရားကို ကိုးကွယ်တဲ့နေရာမှာ..
ဥာဏ်ဘုရား
ကံဘုရား
သင်္ကေတဘုရား ဟူပြီး သုံးမျိုးရှိပါတယ်။
ဥာဏ်ဘုရားဆိုတာ မိမိ၏ စိတ်ထဲမှ ဗုဒ္ဓသည် ဘာတွေလုပ်ခဲ့တယ် ဘယ်လိုသင်ပေးခဲ့တယ်လို့ စသဖြင့်ပေါ့လေ အသိထားပြီး ကိုးကွယ်သိမှတ်တာမျိုးပါ။
ကံဘုရားဆိုတာက ကံကြောင့်ဖြစ်လာတဲ့ မျက်စိနဲ့ မြင်ရုံလေးတင်ပဲ ကိုးကွယ်တာမျိုးပေါ့ အသိဥာဏ်ထည့်ပြီးကိုးကွယ်တာမျိုးမဟုတ်ဘူးပေါ့။ ဥပမာ သံဃာကို ကန်တော့ရင်လည်း မြင်နေလို့သာ ကန်တော့ရုံသာဖြစ်ပြီး သံဃာရဲ့ ကျေးဇူး ဂုဏ်တော်တွေကို မသိပဲ ကန်တော့နေခြင်းမျိုးပေါ့။
သင်္ကေတဘုရားကတော့ ရုပ်ပွားတော်တို့ ကို ဆိုလိုတာပါပဲ။
အဲတော့ ကျွန်တော်တို့က သင်္ကေတဘုရားကို ဖူးမျှော်ပြီး ဥာဏ်နဲ့ဂုဏ်တော်တွေ ထည့်ပြီး ကိုးကွယ်ဖို့ လိုပါမယ်။
ဒါဆိုရင် ကျွန်တော်တို့ ကိုးကွယ်မှုသည် ထိရောက်လာမှာပါ။

ဒီနေ့တော့ ဒီလောက်ပဲ ရေးပါဦးမယ်နော်....

ဓမ္မစေတီဆရာတော် ဘဒ္ဒ န္တကောသလ္လ ၏ တရားတော်မှ ကောက်နှုတ်ချက်များ

ဒီနေ့ ပဲ ကျွန်တော် ဆရာတော်ရဲ့တရားကို ဒေါင်းလုပ်ချ ပြီး နာမိပါတယ်။ နေ့ခင်းဘက် ကျောင်းမသွားမီ နာရင်းနဲ့ ကျောင်းတောင် ပြန်သွားချင်စိတ်မရှိတော့ဘဲ ဆက်နာချင်လာတယ်။ ဒါပေမယ့် မဖြစ်မနေ ကျောင်းသွားရတာမို့ တစ်ပိုင်းနာ ပြီး ကျောင်းသွားခဲ့တယ်။ ကျောင်းက ပြန်လာမှ အပြီးထိအောင် နာဖြစ်ခဲ့တယ်။ ကျွန်တော် တရားတွေ တော်တော်ကို နာဖူးပါတယ်။ မိုးကုတ်ဆရာတော်တရား၊ အရှင်ဥာဏိဿရတရား၊ အရှင်ကောဝိဒတရား၊ အရှင်ဆန္ဒာဓိကတရား၊ အရှင်ဆေကိန္ဒတရား စသဖြင့်ပေါ့လေ  နာဖူးပါတယ်။ တရားတွေနာပြီးကျွန်တော်လည်း မမှတ်ထားတော့ ဘာမှာရေရေရာရာ မမှတ်မိဘူးပေါ့။ အခုတော့ အရှင် ကောသလ္လရဲ့ တရားနာပြီး မှတ်မိသမျှ ပြန်ရေးချင်လာတာနဲ့ ရေးဖြစ်ခဲ့ပါတယ်။ သေချာနာပြီး ချမှတ် ရေးထားတာပါ။ အမှားအယွင်းမပါအောင်ရေးထားပါတယ်။
ဆရာတော်တရားက ၂၀၀၇ခုနှစ်တုန်းက လပွတ္တာမြို့မှာဟောထားတဲ့တရားပါ။

ပထမဆုံး ဆရာတော်သင်ပေးလိုက်တဲ့ ရတနာသုံးပါး ကန်တော့ ပုံလေးက ဒီလိုပါ...

ဗုဒ္ဓံ - မြတ်စွာဘုရားကို

သရဏံ - ကိုးကွယ်ရာအစစ်ဟူ၍

သရဏံ - ကိလေသာဘေး

စိတ်ဆင်းရဲခြင်းဘေး

ကိုယ်ဆင်းရဲခြင်းဘေး

အပယ်ဘေးတို့မှ ကာကွယ် စောက်ရှောက် တားဆီး တတ်၏ဟူ၍

ဂစ္ဆာမိ - ကိုးကွယ် ဆည်းကပ် သိမှတ်ပါ၏။

ဓမ္မံ - တရားတော်မြတ်ကို

သံဃံ - သံဃာတော်မြတ်ကို

ဒီစာသားလေးက ရတနာသုံးပါးကို ကြည်ညိုကန်တော့ရမယ့် မြန်မာပြန်စာသားလေးပါ။
ဘုရားရှိခိုးတိုင်းမှာ ဒီလိုလေး ဆိုပြီး အာရုံပြုလိုက်ရင် ရင်ထဲမှာ လုံခြုံသွားသလို ယုံကြည်မှုရသွားသလို ခံစားမိမှာ သေချာပါတယ်။

ဘုရား၊ တရား၊ သံဃာ သည် ရတနာသုံးပါး ဆိုတာတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ ဘယ်လိုရတနာမျိုးနဲ့ သဘောထားရမလဲဆိုတာလေး ကို ဆရာတော်က အခုလို ပြောထားပါတယ်....

ဗုဒ္ဓ သည် ပတ္တမြားနဲ့ တူသည်
ဓမ္မ သည် စိန်နဲ့ တူသည်
သံဃာ သည် ပုလဲနဲ့ တူသည်

ဒါကြောင့်

ဘုရားကို ရှိခိုး ရင် ဘုန်းကံကြီးမားမည်။
တရားတွေ ရှိနေရင် ဂုဏ်တက်မည်။
သံဃာ ကို ရှိခိုးရင် ကျက်သရေ တက်မည်။

နောက်တခု မှတ်သားစရာက..
စိန်သည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ကင်းစင်သည်။ သူ သည် hardness power အမြင့်မားဆုံးရှိသည်။ သူ့ ကို ရွံ့ထဲမှာပဲနှစ်ထားထား သူရဲ့ ဓာတုဗေဒ ဂုဏ်သတ္တိသည် ပြောင်းလဲခြင်းမရှိပေ။
ထိုကဲ့သို့ပဲ နိဗ္ဗာန်၊ တရားတို့သည် ကိလေသာ ကင်းစင်ပြီး ပြောင်းလဲခြင်းမရှိပေ။ သူဋ္ဌေးရတဲ့နိဗ္ဗာန်ဖြစ်ဖြစ် ဆင်းရဲသားရတဲ့ နိဗ္ဗာန်ဖြစ်ဖြစ် သူတောင်းစားရတဲ့နိဗ္ဗာန်ဖြစ်ဖြစ် အားလုံးဟာ အတူတူပါပဲ။
ထိုကြောင့် ဓမ္မကို စိန်နဲ့နှိုင်းယှဉ်ထားခြင်းကြောင့် ကျွန်တော်တို့ စေတီများတွင် စိန်ဖူးတော်ကို အထွတ်အမြတ်အဖြစ် ထားရှိခြင်းဖြစ်ပါသည်။
ဆက်ရေးပါဦးမည်....

kyaukkwin

ဒီစာအုပ်လေးကတော့ ထွက်တာတော့ကြာပါပြီ။ ဒါပေမယ့် မဖတ်ဖူးတဲ့သူတွေအတော်များမယ်ထင်ပါတယ်။ ဒီစာအုပ်ထဲမှာ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်ဘာသာတို့ ရဲ့ ၀ါဒပြိုင်ပွဲ ဖြစ်ရစ်မှန်အကြောင်းကို ရေးထားပါတယ်။ ဖတ်လို့ ကောင်းသလို တန်ဖိုးလည်းရှိတယ်ဗျ။ ရှင်ဥက္ကဌ နဲ့ ခရစ်ယာန်ဘာသာဝင်တို့ ရဲ့ ၀ါဒပြိုင်ပွဲပါ။ ဒီထဲမှာပါတဲ့အမေးအဖြေတွေဟာ အသုံးဝင်ပါတယ်။ အခြားဘာသာများသည် အလွန်ဝါဒဖြန့်ကြသလို လာရောက်တိုက်ခိုက်ဟန်စကားများနဲ့လည်း မေးလာတတ်ပါသည်။ အဲလို အခါမျိုးမှာ ပြန်လည်ပြီး ရှင်းပြနိုင်ရန် ဒီစာအုပ်ထဲက ဖြစ်ရပ်က သက်သေပြုထားပါသည်။ ဒီစာအုပ်ကို ဘယ်ဘာသာဝင်မဆို ဖတ်သင့်ပါတယ်။

ဒီမှာ(Pdf) ဒေါင်းလုပ်ဆွဲပါ.