ဗုဒ္ဓ၏ သန့်ရှင်းစင်ကြယ်သော စိတ်တော်နဲ့ လွန်စွာထက်မြက်သော ဥာဏ်တော်တို့ကို ပွားများပြီးတဲ့နောက် ကိုယ်တော်တိုင် အသိဥာဏ်နှင့် ပြည့်စုံသလို အကျင့် မြတ်နဲ့လည်း ပြီးပြည့်စုံတယ်ဆိုတဲ့ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ကြီး ကို ပွားများကြည့်ပါမယ်။

buddha

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် (ကျက်မှတ်ပွားများရန်)

  1. ၀ိဇ္ဇာတရား၊ စရဏတရားနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

  2. အသိဥာဏ်၊ အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

  3. ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  4. ပုဗ္ဗေနိဝါသာနုဿတိဥာဏ်ကို ရတော်မူသောမြတ်စွာဘုရား

  5. ဒိဗ္ဗစက္ခုဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  6. အာသ၀က္ခဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  7. ရှေးရှေးဘ၀၌ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  8. ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  9. ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  10. ၀ိဇ္ဇာဥာဏ်အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

  11. ရုပ်နာမ်တရားအားလုံးကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား

  12. သူတစ်ပါး၏ စိတ်ကို သိနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  13. မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  14. ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင်သောဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား

  15. တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဥာဏ်ကိုရတော်မူသော မြတ်စွာဘုရား

  16. အသိဥာဏ်ပညာ အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

  17. နိဗ္ဗာန်သို့ရောက်နိုင်သော အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

  18. စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  19. အရာရာ၌ တတ်သိလိမ္မာမှု ဟူသော ပညာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  20. ၀ီရိယ အားကောင်းတော်မူသော မြတ်စွာဘုရား

  21. အကြားအမြင်များမှုဟူသော သုတနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  22. နိုးနိုးကြားကြား အိပ်မှု၊ အအိပ်အနေ နည်းမှု ဟူသော ဇာဂရိယာနုယောဂအကျင့်မြတ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား

  23. တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်အောင် စောင့်စည်းနိုင်သော မြတ်စွာဘုရား

  24. အကျင့်သီလနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  25. အသိဥာဏ် ရှိသလို အကျင့်မြတ်နှင့် လည်းပြည့်စုံတော်မူသော မြတ်စွာဘုရား

  26. ၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား

(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၃ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)
(ကျွန်တော့်ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ အမှတ်တရ post)

အရဟံဂုဏ်တော် ပွားများပြီးနောက်မှာ ဗုဒ္ဓ၏ သန့်ရှင်းသော စိတ်တော်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော်ကြီး တည်နေပုံအား အာရုံပြုနိုင်ရန် သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်အတွက် မြန်မာလို ကျက်မှတ်စရာများကို ရေးသားလိုက်ပါသည်။

buddha

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်(ကျက်မှတ်ပွားများရန်)

  1. အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား

  2. သိဖွယ်တရား (၅)ပါးတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား

  3. ဉေယျဓမ်တရား ၅ပါး တို့ကို ပြည့်စုံအောင် သိမြင်တော်မူသော မြတ်စွာဘုရား

  4. သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ ပညတ်၊ နိဗ္ဗာန် တရားတို့ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား

  5. သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် သိမြင်တော်မူသော မြတ်စွာဘုရား

  6. သိဖွယ်တရားများကို ရှင်းရှင်းလင်းလင်း သိမြင်တော်မူသော မြတ်စွာဘုရား

  7. အလုံးစုံသော တရားတို့ကို ဖောက်ပြန်မှားယွင်းခြင်းမရှိ သိမြင်တော်မူသော မြတ်စွာဘုရား

  8. အလုံးစုံသော တရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်း သိမြင်တော်မူသော မြတ်စွာဘုရား

  9. အလုံးစုံသော တရားတို့ကို နည်းပေးလမ်းပြဆရာမရှိဘဲ သိမြင်တော်မူသော မြတ်စွာဘုရား

  10. အလွန်ထက်မြက်သော ဥာဏ်တော်ကြီးကို ရတော်မူပါပေသော မြတ်စွာဘုရား

  11. သဗ္ဗညုဥာဏ်တော်ကြီးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

  12. နည်းပေးလမ်းပြဆရာမရှိဘဲ သဗ္ဗညုတဥာဏ်တော်ကြီး ရတော်မူသော မြတ်စွာဘုရား

  13. သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူသော မြတ်စွာဘုရား

(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၀ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)

အရဟံဂုဏ်တော်
6:37 PM | Author: sankooo
အရင်ဖော်ပြခဲ့ပြီးသော ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့် တွေကို မြန်မာလို ရွတ်ဖတ် အာရုံပြုပြီး သွားတဲ့အခါ ဂုဏ်တော်တွေကို မြန်မာလို ရွတ်ဖတ်ပြီး ထည့်သွင်းကြည်ညိုကြည့်ပါမယ်။ ရုပ်ပုံတော် ရွတ်လိုက်လို့အတွေးထဲမှာ ထင်ပေါ်လာတဲ့ ဗုဒ္ဓရုပ်ပုံတော်အား ဂုဏ်တော်သွင်းလိုက်တော့ ဘုရားကို ဖူးနေရသလို ဖြစ်ပြီး သဒ္ဓါတရားတွေ အားကောင်းလာပါမယ်။ ဂုဏ်တော်ကို မြန်မာလို ထပ်ပွားလိုက်ရင်လည်း ဘုရားရှင်တစ်ဆူရဲ့ ဂုဏ်တော်တွေကို အရင်ထက် နားလည်လာသလို ဗုဒ္ဓရှင်တော်အပေါ် ယုံကြည်မှု သဒ္ဓါတွေ တိုးပွားလာပါလိမ့်မယ်။ ဒါကြောင့် အရဟံဂုဏ်တော်ကို စပွားကြည့်ပါမယ်။ အရှင်ဇနကာဘိဝံသ ရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက အဓိပ္ပါယ်ရှင်းလင်းချက်ကိုပဲ ဂုဏ်တော်ပွားခြင်းအတွက် စုဆည်း အသုံးပြုထားပါတယ်။ ယုံယုံကြည်ကြည်နဲ့ ပွားများနိုင်ပါတယ်။ (ဘာသာရေးဘလော့ဘ်ရေးရတာ အရမ်းအရေးကြီးတဲ့အတွက် ကျွန်တော် သေချာ ဖတ်ပြီးမှ ရေးပါတယ်။ စကားလုံးအသုံးအနှုန်းတွေကအစ သေချာ ဂရုပြုရပါတယ်။ အခု အရဟံဂုဏ်တော် အတွက်လည်း ဆရာတော်ကြီးရဲ့ အဓိပ္ပါယ်ရှင်းချက်ကိုပဲ ပွားပြီးရေးသားထားပါတယ်။)

buddha

အရဟံ (ကျက်မှတ်ပွားများရန်)

  1. ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

  2. သောက ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား

  3. တစ်ထောင့်ငါးရာ ကိလေသာ အမှိုက်သရိုက်တို့ ကင်းစင်တော်မူသော မြတ်စွာဘုရား

  4. ကိလေသာ(၁၀)ပါးကို အထုံဝါသနာပါ ကင်းအောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား

  5. ကိလေသာ(၁၀)ပါးအနောက်အကျူတို့ ကင်းစင်တော်မူသော မြတ်စွာဘုရား

  6. ကိလေသာ အားလုံးကို အငွေ့အသက်ပါ ပျောက်ကင်းအောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား

  7. မောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား

  8. အနုသယမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား

  9. ပရိယုဋ္ဌာနမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား

  10. အကြမ်းစားမောဟ၊ အနုစားမောဟ တို့ကို ကုန်စင်အောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား

  11. အဟိရိက ကင်းစင်တော်မူသော မြတ်စွာဘုရား

  12. အနောတ္တပ္ပ ကင်းစင်တော်မူသော မြတ်စွာဘုရား

  13. စိတ်ပျံ့လွင့်ခြင်း မရှိသော မြတ်စွာဘုရား

  14. စိတ်လွင့်ပါးခြင်း မရှိသော မြတ်စွာဘုရား

  15. လိုချင်မှု ကင်းစင်တော်မူသော မြတ်စွာဘုရား

  16. တပ်မက်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

  17. သမုဒယ ကင်းစင်တော်မူသော မြတ်စွာဘုရား

  18. သံယောဇဉ် ကင်းစင်တော်မူသော မြတ်စွာဘုရား

  19. စွဲလမ်းမှု ကင်းစင်တော်မူသော မြတ်စွာဘုရား

  20. လောဘ ကင်းစင်တော်မူသော မြတ်စွာဘုရား

  21. အယူမှားခြင်း မရှိသော မြတ်စွာဘုရား

  22. မာန်မာန ကင်းဝေးသော မြတ်စွာဘုရား

  23. ဒေါသ ကင်းစင်တော်မူသော မြတ်စွာဘုရား

  24. စိတ်ညစ်နွမ်းမှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

  25. စိတ်အားငယ်မှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

  26. စိတ်ညစ်မှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

  27. ကြောက်လန့်မှု ကင်းတော်မူသော မြတ်စွာဘုရား

  28. အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား

  29. သတ္တ၀ါတို့၏ အကျိုးကို နေ့စဉ်နှင့်အမျှ ပြုကျင့်ဆောင်ရွက်တော်မူသော မြတ်စွာဘုရား

  30. ၀ိစိကိစ္ဆာ ကင်းစင်တော်မူသော မြတ်စွာဘုရား

  31. စိတ်တော်သန့်ရှင်းတော်မူသော မြတ်စွာဘုရား

  32. အနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား

  33. ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

  34. လျူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

ရှင်းလင်းချက်
ဒါ ကျွန်တော် အရဟံဂုဏ်တော်မှာ အကျုံးဝင်တာတွေကို ရသမျှ ပွားလိုက်တာပါ။ မိတ်ဆွေတို့လည်း မှန်မှန်ကန်ကန် နဲ့ ထပ်ပွားမယ်ဆိုရင် အရဟံ ဂုဏ်တော်တွေ နောက်ထပ်အများကြီး ရနိုင်ပါသေးတယ်။ ဒါ အရဟံ တစ်ခုပဲ ရှိပါသေးတယ် ကျန်တဲ့ ဂုဏ်တော် (၈)ပါး ရှိသေးတယ်။ အရဟံလို့ ပွားနေရင် အဓိပ္ပါယ် အရင်က သိကောင်းသိထားမယ် ဒါပေမယ့် ပွားနေချိန်မှာ ပါဠိလိုပွားတဲ့အတွက်ကြောင့် အဓိပ္ပါယ် မထင်ပေါ်ဘူးပေါ့။ “အရဟံ” ဆိုတာပဲ တောက်လျောက်ဆိုနေတော့ ကြာတော့ ပျင်းလာနိုင်ပါတယ်။ အခုလို မြန်မာလို ပွားလိုက်တဲ့အတွက် ဂုဏ်တော်နဲ့ ပက်သက်တာတွေ ကျက်ပြီးသားဖြစ်သလို ထပ်ထပ်ပြီး ပွားချင်စိတ်တွေနဲ့ ကြည်ညိုတတ်လာဖို့ ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးလိုက်တာပါ။
အရဟံဆိုတာ ကိလေသာ ကင်းတယ်လို့ အဓိပ္ပါယ် ရတယ်။ ကိလေသာမှာမှ (၁၀)ပါး ရှိပြန်တော့ အများကြီးပွားလို့ရသွားပါတယ်။
ကိလေသာ (၁၀)ပါး...

  1. လောဘ

  2. ဒေါသ

  3. မောဟ

  4. မာန

  5. ဒိဋ္ဌိ

  6. ၀ိစိကိစ္ဆာ

  7. ထိန

  8. ဥဒ္ဓစ္စ

  9. အဟိရိက

  10. အနောတ္တပ္ပ

(ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိမ္မာအနှစ်ချုပ် ၊ စာ-၁၉၉)
မောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား လို့ပွားလို့ရသလို..မောဟကို တခါထပ်ခွဲပြီး ပွားလို့ရပါသေးတယ်..

ပရိယုဋ္ဌာန မောဟ(အကြမ်းစား)ဓာတ်သတ္တိ- ထကြွခြင်းအကုသိုလ်၊ကုသိုလ်မှန်းခွဲခြားမသိခြင်း
အနုသယ မောဟ(အနုစား)ဓာတ်သတ္တိ- ကိန်းဝပ်နေခြင်းပဋိစ္စသမုပ္ပါဒ်ကိုမသိခြင်း

Table: မောဟနှစ်မျိုး (အရှင်ဇနကာဘိဝံသ- ကိုယ်ကျင့်အဘိဓမ္မာ၊ စာ-၁၈)

အဲတော့
ပရိယုဋ္ဌာနမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား
အနုသယမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား
အကြမ်းစားမောဟ၊ အနုစားမောဟ တို့ကို ကုန်စင်အောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား
လို့ ပွားဆိုလို့ရသွားတယ်။
အဘိဓမ္မာနားလည်လေလေ ပိုပြီး ပွားလို့ကောင်းမယ် ထင်တယ်။
တခါ ထိန ဆိုတာ အလုပ်ကိစ္စတခုမှာ ထက်ထက်သန်သန်မရှိဘဲ တွန့်ဆုတ်နေခြင်း ထိုင်းတိုင်းတိုင်းဖြစ်နေခြင်း လို့ အဓိပ္ပါယ်ရပါတယ် (အရှင်ဇနကာဘိဝံသ- ကိုယ်ကျင့် အဘိဓမ္မာ၊ စာ-၇၈)
ဘုရားရှင်က ထိန-ကင်းစင်တော်မူတယ်လို့ ပွားချင်တော့..အဲဒီ့အဓိပ္ပါယ် အကျုံးဝင်ပြီးသားဖြစ်တဲ့..
သတ္တ၀ါတို့၏ အကျိုးကို နေ့စဉ်နှင့်အမျှ ပြုကျင့်ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
လို့ ပွားလိုက်တော့ ထိန ကင်းတယ် ဆိုတယ့်အဓိပ္ပါယ်သက်ရောက်ပြီးသားဖြစ်သွားပါတယ်။
မိတ်ဆွေတို့ ဒီပို့စ်လေးကို တခေါက်ဖတ်လိုက်ယုံနဲ့ ပိုပြီး ကြည်ညိုလာရမယ် ထပ်ပြီး ပွားချင်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဗုဒ္ဓရှင်တော်အား မှန်ကန်စွာ ကြည်ညိုမှု တိုးပွားစေခြင်းငှာ..

စေတီတော်ဖွင့်
3:22 AM | Author: sankooo

buddha

စေတီတော်ဖွင့်

  • လူအပေါင်းတို့ကို သင့်လျော်အောင် ဟောပြဆုံးမတော်မူရ

  • သံဃာတော်များကိုလည်း ဆုံးမဩ၀ါဒ နှင့် ကမ္မဋ္ဌာန်း တရားပေးတော်မူရ

  • ချေချွတ်သင့်သော သတ္တ၀ါအများကို ကြည့်ရှုတော်မူရ

  • နတ် ဗြဟ္မာအပေါင်းတို့၏ အမေးပုစ္ဆာများကိုလည်း ပြန်လည်ဖြေရှင်းတော်မူရ

  • ဆွမ်းခံကြွတော်မူရ စသဖြင့်..

ဘုရားရှင်သည် လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ အကျိုးကို နေ့စဉ်နှင့်အမျှ ပြုကျင့်တော်မူပေသည်။

ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့် တို့ကို ရွတ်ဆိုခြင်းအားဖြင့် ဗုဒ္ဓရှင်တော် အလွန်တင့်တယ်တော်မူပုံ အားလပ်ခွင့်မရအောင် သတ္တ၀ါများ၏ အကျိုးကို ပရိနိဗ္ဗာန်စံတော်မူချိန်အထိ ဆောင်ရွက်တော်မူပုံများကို စိတ်ကူးကြည်နူးလျက် အထူးကြည်ညိုစွာ အာရုံပြုပါ၏။

(အရှင်ဇနကာဘိဝံသ "ရတနာ့ဂုဏ်ရည်" စာအုပ် စာမျက်နှာ-၁၄ မှ မြန်မာလိုအဓိပ္ပါယ်များကို မှတ်လွယ်အောင် ရေးသားထားသည်။)

ရောင်ခြည်တော်ဖွင့်

  • ပင်ကိုအားဖြင့် ညိုမှောင်သော ကိုယ်အင်္ဂါတော်၏ အစိတ်အပိုင်းမှ ညိုညိုမှောင်မှောင် နီလရောင်ခြည်တော်များ ထွက်တော်မူကြသည်။

  • ကိုယ်အရေတော် နှင့် မျက်ခွံတော်စသောအရေတော်တို့မှ ၀ါရွှေရွှေ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။

  • ပင်ကိုအားဖြင့် ဖြူသော ကိုယ်အင်္ဂါတော်အစိတ်အပိုင်းမှ ဖြူဝင်းသော ဩဒါတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။

  • အရေတော်အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော်စသည်တို့မှ အနီရောင်ရှိသော လောဟိတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။

  • မောင်းသောအဆင်းရှိသော မဥ္ဇိဋ္ဌရောင်ခြည်တော်များလည်း ထွက်တော်မူကြသည်။

  • ပြိုးပြိုးပြက်ပြက် ထွက်သော ဟဘဿရ ရောင်ခြည်တော်များလည်း ထွက်တော်မူကြသည်။

(အရှင်ဇနကာဘိဝံသ "ရတနာ့ဂုဏ်ရည်" စာအုပ် စာမျက်နှာ-၇ မှ မြန်မာလိုအဓိပ္ပါယ်များကို မှတ်လွယ်အောင် ရေးသားထားသည်။)

ဗုဒ္ဓဘုရားရှင် အား ပိုပြီး ကြည်ညိုတတ်ရလေအောင် ရည်ရွယ်ပြီး ဘုရားရှင် ၏ရုပ်ပုံတော်ဖွင့်ဆိုတဲ့ ဘုရားရှိခိုးလေးကို မြန်မာလို ရွတ်ဖတ်အာရုံပြုနိုင်အောင် ရေးသားလိုက်ပါသည်။ ရုပ်ပုံတော်ဖွင့် ၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့် ဆိုပြီး အရှင်ဇနကာဘိဝံသ ၏ ရတနာ့ဂုဏ်ရည်စာအုပ်တွင် ဖတ်ဖူးပါသည်။ ဆရာတော်က ဒီဘုရားရှိခိုးတို့ကို သေချာစွာ မြန်မာလို ရှင်းပြထားသည့်အတွက်ကြောင့်လည်း ဘုရားရှင်အား ပိုပြီးကြည်ညိုရပါသည်။ ဆရာတော်မြန်မာလို ရှင်းပြထားတာလေးတွေကို နှစ်သက်တာရယ် မြန်မာလို ရွတ်ဆိုလိုက်လျှင် ဘုရားရှင်၏ ရုပ်ပုံတော် ကို အာရုံပြုရတာ ပိုပြီး ထင်သာတဲ့အတွက်ကြောင့် ကျွန်တော်.. အရှင်ဇနကာဘိဝံသ အဓိပ္ပါယ်ရှင်းလင်းချက်များကို ဘုရားရှိခိုးအဖြစ် ရွတ်ဖတ်လို့ရအောင် စုဆည်းတင်ပြလိုက်ပါသည်။ ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့်များကို မြန်မာလို ရေးသားသွားပြီးလျှင် ဘုရားဂုဏ်တော် မြန်မာလို များကိုပါ စုဆည်းရေးသားသွားပါမည်။

buddha

ရုပ်ပုံတော်ဖွင့်

  • ကမ္ဘာလောက၌ ရှိသမျှ သတ္တ၀ါအပေါင်း၏ ကောင်းမှုပါရမီတို့ကို စုပေါင်း၍ အဆတစ်ရာမြှောက်ပြီးလျှင် တစ်ဆူသောဘုရားရှင်၏ ပါရမီကုသိုလ်နှင့်နှိုင်းယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိပါ၏။

  • သို့ပါ၍ ဘုရားရှင်၏ကောင်းမှုပါရမီတော်များသည် ‘ဤ၍ ဤမျှ ရှိ၏ မည်၍ မည်မျှ ရှိ၏’ ဟု ဂဏာန်းချလျက်နှိုင်းဆရေတွက်၍ မရလောက်အောင် များပြားလှပေ၏။

  • များပြားလှသော ပါရမီတော်တော်တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံးစုဆောင်းတော်မူခဲ့ရသောကြောင့်ဖြစ်၏။

  • ထိုပါရမီတော်တို့၏ ကောင်းမှုကုသိုလ်တို့သည် ဘုရားဖြစ်မည့်ဘ၀၌ အဆုံးစွန် အကျိုးပေးခဲ့၏။

  • ထို့ကြောင့် ရှင်တော်ဘုရားသည်--

    • မျက်နှာတော် ကျက်သရေရှိသည်

    • လက်တော် ခြေတော် ပြေပြစ်ညက်ညော ချောမောသည်

    • ကိုယ်လုံးတော်နှင့် အရပ်တော် ခန့်ညားညီညွတ်သည်

  • တကိုယ်လုံး၏ အသွင်အပြင် အရပ်ရပ်၌ ယောကျာင်္းမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာတော်ကြီး ၃၂ ပါး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်များဖြင့် တံဆိပ်ခတ်ထားလျက် အလွန်တင့်တယ် သပ္ပာယ်နေပါ၏။

  • အညစ်အကြေးကင်း၍ သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတဥာဏ်တော်နှင့် မေတ္တာဂရုဏာတော် ထုံမွှမ်းလျက်ရှိသောကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူတယောက်နှင့်မျှ နှိုင်းပြိုင်၍ မရဘဲ ဖူးမြော်၍ မ၀နိုင်အောင် တက်သစ်စနေ၀န်း ထွန်းသစ်စလစန်း နှင့် ပွင့်ခါစပန်းကဲ့သို့ လန်းလန်း ဆန်းဆန်း ရွှန်းရွှန်းဝေေ၀ အလွန်ကျက်သရေ ရှိတော်မူပါပေသည်။

(အရှင်ဇနကာဘိဝံသ "ရတနာ့ဂုဏ်ရည်" စာအုပ် စာမျက်နှာ-၂ မှ မြန်မာလိုအဓိပ္ပါယ်များကို ဘုရားရှိခိုးအဖြစ် စုဆည်းရေးသားသည်။)
ဒေါင်းလုပ်
ရတနာ့ဂုဏ်ရည်

ရှင်ဥပဂုတ်မထေရ်ကိုးကွယ်မှုသည် မှန်နေသလား မှားနေသလား ?
ထိုကိုးကွယ်မှုနဲ့ပက်သက်ပြီး သက်သေထောက်စရာ တွေ့လို့ ရေးလိုက်ပါတယ်..အရှင်ဧသိက (ရေစကြို) ရေးသော ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းစာဖြစ်ပါသည်။ ထိုကျမ်းစာသည် ပထမစာပေဆု ရရှိထားပါတယ်လို့ လည်း ဖော်ပြထားပါတယ်။ထိုကျမ်းစာ ၏ ဒုတိယပိုင်း အခန်း(၁) “ ထေရ၀ါဒ၌ ရောနှောလာသော ကိုးကွယ်မှုများ ” ခေါင်းစဉ်အောက်မှ ရှင်ဥပဂုတ် ကိုးကွယ်မှု အကြောင်းကို အခုလို ဖော်ပြလိုက်ရပါသည်။…
ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှုများထဲတွင် မဟာယာနဂိုဏ်းမှ အယူအဆများကို ရောနှော လက်ခံနေသည်ကို တွေ့ရသည်။ ထိုအယူများအနက် ရှင်ဥပဂုတ်ကိုးကွယ်မှုလည်း ရှေ့တန်းက ရှိနေလေသည်။
ရှင်ဥပဂုတ်မထေရ်၏ အတ္ထုပ္ပတ်သည် မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော ဒိဗျာဝါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇာတ်လမ်း ဖြစ်သည်။ ရှင်ဥပဂုတ္တမထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိ ဟူသော ဘွဲ့မည် အမျိုးမျိုးဖြင့် ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။
ရှင်ဥပဂုတ္တမထေရ်နှင့် ပက်သက်၍ ထေရ၀ါဒ ပိဋကတ်တော် အဋ္ဌကထာတို့၌ မပါရှိပေ။ ထိုမထေရ်အကြောင်းကို သာသနာနှစ် ၈၀၀-ခန့်က ရှင်မဟာနမ ရေးသော မဟာဝင်ဝတ္ထု၌ ဖော်ပြခဲ့သည်။ ရှင်မဟာနာမသည် မဟာယာနကျမ်းစာ ဒိဗျာဝါနမှ ထုတ်ယူ၍ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။
ထိုမဟာဝင်ကျမ်းလာ စကားကို ယူ၍ မြန်မာကျမ်းပြုဆရာတို့ကလည်း ဖော်ပြခဲ့ကြပြန်သည်။ မဟာရာဇ၀င်ကြီး၊ လောကပညတ္တိကျမ်း၊ ဇိနတ္ထပကာသနီကျမ်း တို့တွင် ထိုမထေရ်၏အတ္ထုပ္ပတ်ကို ကူးယူထည့်သွင်း ခဲ့ကြသည်။ ထိုအခါမှ မြန်မာတို့ စိတ်တွင် ရှင်ဥပဂုတ္တဟူသော ဇာတ်လမ်းသစ်ကို ရရှိခဲ့ကြသည်။ အစွမ်းကောင်းသော မထေရ်တစ်ပါးအဖြစ် မြန်မာတို့၏နှုတ်ဖျားတွင် တွင်ကျယ်လာခဲ့လေသည်။
ရှင်ဥပဂုတ်မထေရ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်ဖြင့် နေသည် ဟုလည်းကောင်း ယနေ့တိုင် အသက်ရှင်လျက်ပင် ရှိနေသေးသည် ဟုလည်းကောင်း ကြံကြီးစည်ရာ ယုံကြည်နေကြသည်။ ထို့ကြောင့် မြန်မာတို့သည် ရှင်ဥပဂုတ်ပုံကို ထုလုပ်၍ ဖောင်ဖြင့် မျှောကာ ပူဇော်ပွဲများ ပြုလုပ်ကြသည်။
ရှင်ဥပဂုတ်သည် မိုးရွာခြင်း၊ ရေလွှမ်းခြင်း၊ မိုးကြိုးပစ်ခြင်း စသော အန္တရာယ်တို့ကို ကာကွယ်ပေးနိုင်မည်ဟုလည်း ယုံကြည်ကြသည်။
ချုပ်၍ ဆိုရလျှင် ရှင်ဥပဂုတ်မထေရ်သည် ထေရ၀ါဒပိဋကတ်တော်လာ ပုဂ္ဂိုလ်မဟုတ်။ မဟာယာနဂိုဏ်းလာ စာအုပ်ထဲက ကူးထားသော ထေရုပ္ပတ္တိသာ ဖြစ်ပေသည်။

(စာမျက်နှာ - ၈၄/ ထေရ၀ါဒ ဗုဒ္ဓဘာသာ- ရေစကြို အရှင်ဧသိက)(ပထမ စာပေဆုရ ကျမ်းစာ)

ထိုအထက်ပါ စာသားကို ဖတ်ခြင်းဖြင့် မရှင်းလင်းသေးသော သူတို့ သံသယကင်းသင့်ပါပြီ ဟုထင်ပါသည်။
ကျွန်တော်လည်း ဦးကောသလ္လတရားမနာခင်က ထိုမထေရ်၏ ရုပ်ထုသည် ဘုရားစေတီများ၌ ပင်ရှိနေသောကြောင့် ရှိခိုး ခဲ့ဖူးပါသည်။ ကျွန်တော်တို့အိမ် ဘုရားကျောင်းဆောင်မှာပင် ထိုအရှင်ဥပဂုတ်မထေရ်၏ ရုပ်ထုကို ထား၍ကိုးကွယ်ခဲ့မိပါတယ်။ ထိုအချိန်က တရားကောင်းတရားမြတ်တို့ကို မလေ့လာမိသောကြောင့် အယူမှားခဲ့ပါတယ်။ သို့ပေမဲ့ ဦးကောသလ္လတရားနာပြီးသည့်နောက်တွင် ထိုမထေရ်၏ရုပ်ထုကို ဘုရားကျောင်းဆောင်မှ ဖယ်ခွာ၍ ကိုးကွယ်ခြင်းမပြုတော့ပါ။ ထေရ၀ါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်သောကိုးကွယ်မှုများသာ အိမ်က ဘုရားကျောင်းဆောင်မှာ ကိုးကွယ်ခဲ့သည်။
အခု အရှင်ဧသိက ၏ ကျမ်းကို ဖတ်မိတော့ အရှင်ဥပဂုတ်ကိုးကွယ်မှုနှင့်ပက်သက်ပြီး သံသယဖြစ်သူတို့ ကို ဖြန့်ဝေငှရန် သက်သေနောက်တစ်ခု အဖြစ် တွေ့ရတာလို့ အားရမိပါတယ်။
သို့ပါသောကြောင့် အမှန်အတိုင်း အားမနာတန်း အတိပြုလက်ခံရမည်ဆိုလျှင်..ယခုကဲ့သို့ ဖော်ပြလိုပါသည်။
shiupagotta1 wrong
Figure: ရှင်ဥပဂုတ်မထေရ် (Shin Upa Gotta) (ကိုးကွယ်ရန်မလို)(no need to worship & not included in Theravada Buddhism)
(ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖော်ပြမှုသည် ထိုဥပဂုတ္တမထေရ်ရုပ်ထုအား အသလွတ် မုန်းနေ၍မဟုတ်ပါ ကိုးကွယ်နေသူတို့ကိုလည်း ရန်လိုချင်၍မဟုတ်ပါ..ထေရ၀ါဒဗုဒ္ဓဘာသာ မှန်ကန်စွာကိုးကွယ်စေလိုသော စိတ်မှန်နှင့် ဖော်ပြပါတယ်)
ထေရ၀ါဒတွင်မပါလျှင် ထိုမထေရ်မှာ အမှန်တကယ်မရှိဟု ယူဆနိုင်ပါတယ်..အဘယ်ကြောင့်ဆိုသော် ထေရ၀ါဒသည်သာလျှင် ဗုဒ္ဓအဆုံးအမကို အတိအကျ လိုက်နာခဲ့သောကြောင့်ဖြစ်သည်။
ထိုအရှင်ဥပဂုတ်ကို ကိုးကွယ်သော မြန်မာတို့ ..

အရှင်ကောသလ္လတရားများကို နာကြည့်ပါ..ပြီးတော့ ယခု ကျွန်တော်ပေးသော အရှင်ဧသိက ကျမ်း၏စာမျက်နှာ (၈၄) ကိုလည်း ဖတ်ကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်..

ဒေါင်းလုပ်
ထေရ၀ါဒ ဗုဒ္ဓဘာသာ - အရှင် ဧသိက (ရေစကြို)