ကမ္မစတုက္ကပိုင်းကို အရင်က..ခေါင်းစဉ် ၃ ခုနဲ့ ရေးပြီးခဲ့ပါတယ်..
ကိစ္စစတုက္က္က(လုပ်ငန်းဆောင်ရွက်ပုံနှင့် စပ်သော ကံ ၄-ပါး)၊
ပါကဒါနပရိယာယစတုက္က (အကျိုးပေးပုံ အလှည့်အကြိမ် နှင့်စပ်သော ကံ ၄-ပါး)၊
ပါကကာလစတုက္က (အကျိုးပေးရာ အချိန်ကာလ နှင့်စပ်သော ကံ ၄- ပါး)..ဟူ၍ ရေးသား ဖော်ပြခဲ့ပါတယ်။
အခုတော့..ကျန်ရှိနေတဲ့ ပါကဋ္ဌာနစတုက္က ကို ရေးလိုက်ပါတယ်.
ကမ္မစတုက္ကပိုင်းများကို ..ဓမ္မဗျူဟာ- ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ)ရဲ့ အဘိဓမ္မာသင်တန်း အသံဖိုင်များကို နားထောင်ပြီး ရေသားထားပါတယ်။
အဲဒီ့ဖိုင်များကိုတော့ DhammaDownload.com မှ Download ဆွဲပြီး နားထောင်နိုင်ပါတယ်။
ပါက=အကျိုး + ဋ္ဌာန=ဘုံဋ္ဌာန
ပါကဋ္ဌာနစတုက္က ဆိုသည်မှာ အကျိုးပေးရာဘုံဋ္ဌာန နှင့်စပ်သော ကံ ၄-ပါး ဖြစ်သည်။
အကျိုးပေးရာဘုံဋ္ဌာနနှင့်စပ်သော ကံ ၄-ပါး တို့မှာ...
- အကုသိုလ်ကံ
- ကာမာဝစရကုသိုလ်ကံ (ကာမကုသိုလ်ကံ)
- ရူပါဝစရကုသိုလ်ကံ (ရူပကုသိုလ်ကံ)
- အရူပါဝစရာကုသိုလ်ကံ (အရူပကုသိုလ်ကံ)
အကုသိုလ်ကံ ... ၁၂ ပါး ရှိသည်။
ကာမာဝစရကုသိုလ်ကံ... ၈ ပါး ရှိသည်။
ရူပါဝစရကုသိုလ်ကံ... ၅ ပါး ရှိသည်။
အရူပါဝစရာကုသိုလ်ကံ.... ၄ ပါး ရှိသည်။
ဆိုင်ရာ အကျိုးပေးရာ ဘုံဋ္ဌာန တို့မှာ..
- အပါယ် - ၄-ပုံ (ဒုဂ္ဂတိဘုံ)
- ငရဲ
- တိရစ္ဆာန်
- ပြိတ္တာ
- အသူရကာယ်
- ကာမသုဂတိ - ၇-ဘုံ (လူ့ဘုံ + နတ်ပြည် ၆-ထပ်) (သုဂတိဘုံ)
- လူ့ဘုံ
- စတုမဟာရာဇ်ဘုံ
- တာဝတိံသာဘုံ
- ယာမာဘုံ
- တုသိတာဘုံ
- နိမ္မာနရတိဘုံ
- ပရနိမ္မိတ၀သ၀တ္တိဘုံ
- ရူပ - ၁၆-ဘုံ
- ပထမဈာန် ၃-ဘုံ (ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ)
- ဒုတိယဈာန် ၃-ဘုံ (ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘာဘုံ၊ အာဘဿရာဘုံ)
- တတိယဈာန် ၃-ဘုံ (ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ)
- စတုတ္ထဈာန် ၇-ဘုံ (ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒ္ဓါဝါသ ၅-ဘုံ)
စုစုပေါင်း ၁၆ ဘုံတို့ ဖြစ်သည်။
(သုဒ္ဓါဝါသ ၅ ဘုံမှာ..အ၀ိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ နှင့် သုဒဿီဘုံ တို့ဖြစ်သည်။)
- အရူပ - ၄-ဘုံ မှာ..
- အာကာသာနဉ္စာယတနဘုံ
- ၀ိညာဏဉ္စာယတနဘုံ
- အာကိဉ္စညာယတနဘုံ
- နေ၀သညာ နာသညာယတနဘုံ
(စုစုပေါင်း ၃၁ ဘုံ ဖြစ်သည်။)
(ဘုံပိုင်းဆိုင်ရာကို .. အဘိဓမ္မာ - ဘူမိစတုက္က ပိုင်းတွင် လေ့လာနိုင်ပါသည်။)
(စာမျက်နှာ ၆၀၊ ဒေါ်ခင်လှတင် - အခြေခံ အဘိဓမ္မာသင်တန်းမှတ်စု ဒုတိယအဆင့်)
အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊--- ပေါင်း ၁၁-ဘုံ တို့ကို ကာမာဝစရ (ကာမ) ဘုံ ဟုလည်းခေါ်သည်။
ထိုကာမဘုံ ၁၁ ဘုံတွင် ဒုဂ္ဂတိ ၄-ဘုံ နှင့် သုဂတိ ၇-ဘုံ တို့ အထက်ပါအတိုင်း...ပါဝင်သည်။
အကုသိုလ်ကံ (၁၂-ပါး)ကို ပြုလျင် .... အပယ် ၄-ဘုံ သို့ အကျိုးပေးမည်။
ကာမကုသိုလ်ကံ (၈-ပါး)ကို ပြုလျင်...... ကာမသုဂတိ ၇-ဘုံ သို့ အကျိုးပေးမည်။
[ကာမဘုံသို့ ရောက်အောင် အကျိုးပေးမည့် ကံတို့ကို ကာမကံ ဟုခေါ်သည်။ ထိုကြောင့် ကာမကံ ၂၀-ပါး ဖြစ်သည်။
ကာမကံပေါင်း ၂၀ ပါးတွင်.. အကုသိုလ်ကံ ၁၂ ပါး နှင့် ကုသိုလ်ကံ ၈ ပါး ပါဝင်သည်။]
ရူပကုသိုလ် ၅-ပါးကို ပြုလျင်....ရူပ ၁၆-ဘုံ သို့ အကျိုးပေးမည်။
အရူပကုသိုလ် ၄-ပါးကို ပြုလျင် ...အရူပ ၄-ဘုံ သို့ အကျိုးပေးမည်။
[ရူပကုသိုလ် နှင့် အရူပကုသိုလ် တို့ကို မဟဂ္ဂုတ်ကုသိုလ်များ ဟုလည်းခေါ်သည်။ ထို့ကြောင့် မဟဂ္ဂုတ်ကုသိုလ် ၉-ပါး ရှိပေမည်။
မဟဂ္ဂုတ်ကုသိုလ် ၉ ပါး တွင်... အကုသိုလ်ကံ မရှိပေ။ မဟဂ္ဂုတ်ကုသိုလ်ကံ ၉ ပါး ပြုလျင်..ဗြဟ္မာ့ဘုံ-၂၀ (ရူပ ၁၆-ဘုံ + အရူပ ၄-ဘုံ) သို့ အကျိုးပေးပေမည်။ ] -
ဗြဟ္မာဘုံတွေရောက်ဖို့ရန်အတွက်....ရူပကုသိုလ်၊ အရူပကုသိုလ်များ လုပ်မှဖြစ်ပေမည်။ ထိုကုသိုလ်တို့မှာ. ရိုးရိုးကုသိုလ်များမဟုတ်ဘူး၊ ဈာန်ကုသိုလ်များဖြစ်လေသည်။...
ရိုးရိုးပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း၊ သီလတွေဆောက်တည်ခြင်း တို့မှာ....ဈာန်ကုသိုလ် မဟုတ်သေးပေ။
ဈာန်ကုသိုလ်ဖြစ်ဖို့ရန်မှာ.. သမထ ဘာဝနာ ပွားရမည်။ သမထဘာဝနာ ပွားလျင်.. ဈာန်ရမယ်။ ဈာန်ရလျင် ဗြဟ္မာဘုံရောက်မည်။
ဘာဝနာမှာ ၂ မျိုးရှိသည်။..သမထဘာဝနာ နှင့် ၀ိပဿနာဘာဝနာ တို့ဖြစ်သည်။
သမထဘာဝနာ ၏ လမ်းဆုံးသည်.....ဈာန် ဖြစ်သည်။....-ဈာန်ရလျင် ဗြဟ္မာ့ဘုံ သို့ အကျိုးပေးမည်။
ဝိပဿနာဘာဝနာ ၏ လမ်းဆုံးသည်..မဂ် ဖြစ်သည်။ မဂ် ရလျင် မဂ်ရဲ့ အကျိုး ဖိုလ်ရမည်။ ၀ိပဿနာဘာဝနာ ကား...ဘုံဋ္ဌာနကို အကျိုးမပေးပေ။
မြတ်ဗုဒ္ဓ တိုင်း၏ အကျဉ်းချုပ် ဆုံးမစကားမှာ...
မကောင်းမှုအကုသိုလ်ကို ရှောင်
ကောင်းမှုကုသိုလ်ကို ဆောင်
စိတ်ကို စင်အောင်ထား ... ဖြစ်ပေသည်။
မကောင်းမှု အကုသိုလ် တို့ကို ရှောင်ကျဉ်ခြင်းသည်....ကုသိုလ်ပြုခြင်းဖြစ်သည်။ ၎င်းကို ရှောင်ကုသိုလ် ဟုခေါ်သည်။
ကောင်းမှုကုသိုလ် တို့ကို ဆောင်ယူ၊ ထိန်းသိမ်းခြင်းသည်လည်း ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ ၎င်းကို ဆောင်ကုသိုလ် ဟုခေါ်သည်။
စိတ်ကို စင်အောင်ထားဖို့ရာ၌...
၁) စိတ်ကို ညစ်အောင် ပြုလေ့ရှိသော.ကိလေသာတို့မှ...ဝေးကွာအောင်..ဖယ်ခွါခြင်း နှင့်..
၂) ထိုကိလေသာ အညစ်အကြေးတို့ ထပ်မဖြစ်လေအောင် ပယ်သတ်ပစ်ခြင်း ဟူ၍ (၂)မျိုး ရှိပေမည်။
ကိလေသာ တို့မှ...ဝေးကွာအောင် ဖယ်ခွါပြုခြင်းသည်လည်း...ကုသိုလ်ပြုခြင်းဖြစ်သည်။ ၎င်းကို ပယ်ခွါတဲ့ ကုသိုလ် ဟု ခေါ်သည်။
ကိလေသာ အညစ်အကြေး တို့ ထပ်မဖြစ်ရလေအောင် ပယ်သတ်ခြင်းသည်လည်း ကုသိုလ်ပြုခြင်းပဲဖြစ်သည်။ ၎င်းကို ပယ်သတ်တဲ့ ကုသိုလ် ဟု ခေါ်သည်။
ပို၍ တိတိကျကျ ပြောလျင်..
ရှောင်ကုသိုလ် မှာ.. မကောင်းမှု ဒုစရိုက်တွေကို ရှောင်သော.... သုစရိုက် ၁၀ ပါးဖြစ်သည်။ (-ကာမကုသိုလ်)
ဆောင်ကုသိုလ် မှာ ဒါန၊ သီလ၊ ဘာဝနာ စသော...ပုညကြိယာဝတ္ထု ၁၀ ပါးပဲ။ (-ကာမကုသိုလ်)
ပယ်ခွါတဲ့ကုသိုလ် မှာ.. ဈာန်ကုသိုလ် ဖြစ်သည်။(-မဟဂ္ဂုတ်ကုသိုလ်)
ပယ်သတ်တဲ့ကုသိုလ် - မဂ်ကုသိုလ် ဖြစ်သည်။ (-လောကုတ္တရာကုသိုလ်)
ပါကဋ္ဌာနစတုက္က ဆိုသည်မှာ..
အကုသိုလ်ကံ ၁၂ ပါး (အကုသိုလ်)
ကာမကုသိုလ်ကံ ၈ ပါး (ကုသိုလ်) (ကာမကုသိုလ်) (ရှောင်ကုသိုလ်၊ ဆောင်ကုသိုလ်) (မဂ်မရသေးခင် ၀ိပဿနာ နှင့် ဈာန်မရသေးခင် သမထ ပြုခြင်းတို့သည် ကာမကုသိုလ် တွေပဲဖြစ်သည်။)
ရူပကုသိုလ်ကံ ၅ ပါး (ကုသိုလ်) (မဟဂ္ဂုတ်ကုသိုလ်)
အရူပကုသိုလ်ကံ ၄ ပါး (ကုသိုလ်) (မဟဂ္ဂုတ်ကုသိုလ်)
.....တို့ ဖြစ်ပါသည်။
အောက်ပါ အသံဖိုင်မှ ရေးသား ဖော်ပြထားသည်။
အပိုင်း ၀၅၄၊ ၀၅၅ ၊ အဘိဓမ္မာသင်တန်း အသံဖိုင် - ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ)
ကျေးဇူးတော်ရှင် ဒေါက်သီလာနန္ဒာဘိဝံသ ဆရာတော်ဘုရား၏ ဗုဒ္ဓဘာသာ အခြေခံတရားတော်များကို နားထောင်ခဲ့ဖူးပါတယ်။
ဆရာတော်ဘုရားက..ထိုတရားတော်များထဲမှာ ဩကာသ ကန်တော့ခန်းကို မှန်ကန်အောင် ပို့ချသင်ပြပေးထားပါတယ်။
ဆရာတော်ဘုရား ပို့ချသင်ပြထားသော ဩကာသ ကတော့...ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ၏ စနစ်တကျ ပြင်ဆင်ထားသော ဩကာသ ပဲဖြစ်ပါတယ်။
ဆရာတော်ဘုရားက မဟာစည်ဆရာတော်ဘုရားကြီး ရေးသားပြင်ဆင်ထားသော ဩကာသသည် သဒ္ဒါနည်းကျ မှန်ကန် တိကျတယ်လို့ ဖော်ပြ ညွှန်းဆိုထားပါတယ်။
ထို့ကြောင့် ကျွန်တော်လည်း အားရ နှစ်သက်ပြီး ထိုအချိန်ကစ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သဒ္ဒါနည်းစနစ်ကျသော ဩကာသကန်တော့ကို ပဲ ရွတ်ဆိုဖြစ်ပါတော့တယ်။
ဩကာသ ကန်တော့ခန်းဩကာသ - ဩကာသ - ဩကာသ ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍
အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ
ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာမြတ်သုံးပါး တို့ကို အရိုအသေ လက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမျှော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့်
အပါယ် ၄-ပါး၊ ကပ် ၃-ပါး၊ ရပ်ပြစ် ၈-ပါး၊ ရန်သူမျိုး ၅-ပါး၊
ဝိပတ္တိတရား ၄-ပါး၊ ဗျသနတရား ၅-ပါး၊ အနာမျိုး ၉၆-ပါး၊
မိစ္ဆာဒိဋ္ဌိ ၆၂-ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
(စာမျက်နှာ-၉၊ မဟာစည်ဩကာသအဖွင့်)
အပါယ် ၄-ပါး
- ငရဲ
- တိရိစ္ဆာန်
- ပြိတ္တာ
- အသူရကာယ်
(စာ-၁၄၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ကပ် ၃-ပါး
- ဒုဗ္ဘိက္ခန္တရကပ် - အစာငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေကြေပျက်စီးခြင်း
- သတ္တန္တရကပ် - သေစေတတ်သောဓား၊ လှံ၊ သေနတ်စသော လက်နက်တို့ဖြင့် တိုက်ခိုက်၍ သေကြေပျက်စီးခြင်း
- ရောဂန္တရကပ် - ကူးစက်တတ်သော အနာရောပါများ ကြောင့် သေကြေပျက်စီးခြင်း။
(စာ-၁၅၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ရပ်ပြစ် ၈-ပါး
- ငရဲ၌ ဖြစ်ရခြင်း
- တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း
- ပြိတ္တာ၊ အသူရကာယ်ဘုံ၌ ဖြစ်ရခြင်း
- ဘုရားပွင့်နေဆဲအခါတွင် လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အရူပဗြဟ္မာဘုံ နှင့် အသညသတ် ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်း
- ဘုရားအမှူးပြုသော သံဃာတော်များမရောက်သော၊ သာသနာမရှိသော ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။ (ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသူတို့အရပ်၊ သာသနာမရှိသောအရပ်)
- ဘုရားပွင့်ဆဲ့အခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ ၍ တရားတော်ကို နားလည်နိုင်လောက်သောဉာဏ် မရှိသောသူဖြစ်ရခြင်း။
- ဘုရားပွင့်ဆဲအခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူသောသူ ဖြစ်ရခြင်း
- တတ်သိနားလည်လောက်သောဉာဏ်နှင့် တိဟိတ်ပဋိသန္ဓေစိတ်ရှိသော်ငြားလည်း ဘုရားသာသနာ မရှိသောအခါ၌ လူဖြစ်ရခြင်း။
(စာ-၁၆၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ရန်သူမျိုး ၅-ပါး
- မီး
- ရေ
- မင်းဆိုး
- ခိုးသူ
- မချစ်မနှစ်သက်သောသူ (အမွေခံသားဆိုး၊ သမီးဆိုး)
(စာ-၁၇၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ဝိပ္ပတ္တိတရား ၄-ပါး
- ကာလ၀ိပ္ပတ္တိ - မကောင်းသောမင်း၊ မကောင်းသော လူတို့၏လက်ထက်ဟု ဆိုအပ်သော ကာလ
- ဂတိဝိပ္ပတ္တိ - အပါယ်လေးဘုံ၌ ဖြစ်ရခြင်း
- ဥပဓိဝိပ္ပတ္တိ - ယုတ်ညံ့သောအတ္တဘောကိုရခြင်၊ အဆင်းမလှခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း
- ပယောဂ၀ိပ္ပတ္တိ - အသိအလိမ္မာမရှိ၊ မကောင်းသော ဒုစရိုက်များကို ပြုလုပ်မှု၊ မကောင်းသော အားထုတ်မှု ရှိခြင်း
(စာ-၁၇၊ သာသနာ့အခြေခံ- ဦးသက်စိန်)
ဗျသနတရား ၅-ပါး
- ဉာတိဗျသန - အဆွေအမျိုးတို့ ပျက်စီးခြင်း
- ဘောဂဗျသန - စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း
- ရောဂါဗျသန - ရောဂါကြောင့် ပျက်စီးခြင်း
- သီလဗျသန - အကျင့်သီလ ပျက်စီးခြင်း
- ဒိဋ္ဌိဗျသန - မိစ္ဆာအယူကို ယူခြင်း
(စာ-၁၇၊ သာသနာ့အခြေခံ- ဦးသက်စိန်)
အနာမျိုး ၉၆-ပါး
- သည်းခြေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး၊
- လေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး နှင့်
- သလိပ်ကြောင့် ဖြစ်သော ရောဂါ (၃၂)ပါး၊
စုစုပေါင်း (၉၆)ပါး ဖြစ်သည်။
(စာ-၁၈၊ သာသနာ့အခြေခံ- ဦးသက်စိန်)
မိစ္ဆာဒိဋ္ဌိ ၆၂-ပါးသဿတ ဒိဋ္ဌိဝါဒ (၄)ပါး
ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
အန္တာနန္တ ဒိဋ္ဌိဝါဒ (၄)ပါး
အမရာ ၀ိက္ခေပ ဒိဋ္ဌိဝါဒ (၄)ပါး
အဓိစ္စသမုပ္ပန္န ဒိဋ္ဌိဝါဒ (၂)ပါး
ဥဒ္ဒမာဃာတနသညီ ဒိဋ္ဌိဝါဒ (၁၆)ပါး
ဥဒ္ဓမာဃာတနအသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥဒ္ဓမာဃာတနနေ၀သညီနာသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥစ္ဆေဒ ဒိဋ္ဌိဝါဒ (၇)ပါး
ဒိဋ္ဌဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ (၅)ပါး
စုစုပေါင်း (၆၂)ပါး ဖြစ်သည်။
(စာ-၁၉၊ သာသနာ့အခြေခံ- ဦးသက်စိန်)
မဂ်တရား၊ ဖိုလ်တရားမဂ်တရား ၄-ပါး
- သောတာပတ္တိမဂ်
- သကဒါဂါမိမဂ်
- အနာဂါမိမဂ်
- အရဟတ္တမဂ်
ဖိုလ်တရား ၄-ပါး
- သောတာပတ္တိဖိုလ်
- သကဒါဂါမိဖိုလ်
- အနာဂါမိဖိုလ်
- အရဟတ္တဖိုလ်
သောတာပတ္တိမဂ် ရသော ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကိုလည်း အခါမလင့် ရတော့၏။ သောတာပတ္တိမဂ် နှင့် ဖိုလ်ကို သိမြင်ပြီး ပုဂ္ဂိုလ်ကို သောတာပန်ဟု ခေါ်သည်။
သောတာပန် အရိယာ၌
ဒိဋ္ဌိ
ဝိစိကိစ္ဆာ
သီလဗ္ဗတပရာမာသ
ဣဿာ
မစ္ဆရိယ သံယောဇဉ် ၅-ပါး မရှိတော့။
သကဒါဂါမိမဂ်ရသော ပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကိုလည်း အခါမလင့် ရတော့၏။ သကဒါဂါမိမဂ် နှင့် ဖိုလ်ကိုရသော အရိယာကို သကဒါဂါမ်ဟု ခေါ်သည်။
သကဒါဂါမ် အရိယာသည်
ရုန့်ရင်းသော ကာမရာဂသံယောဇဉ် နှင့် ပဋိဃသံယောဇဉ် တို့ကို ပယ်ပြီး ဖြစ်သည်။
အနာဂါမိမဂ်ကို ရသော ပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကို အခါမလင့် ရတော့သည်။ အနာဂါမိမဂ် နှင့် အနာဂါမိဖိုလ်ကို ရပြီးသော အရိယာကို အနာဂါမ်ဟု ခေါ်သည်။
အနာဂါမ် အရိယာ၌ သိမ်မွေ့သော ကာမရာဂသံယောဇဉ် နှင့် ပဋိဃ သံယောဇဉ် ၂ ပါး မရှိတော့။
အရဟတ္တမဂ်ကို ရသော ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကိုလည်း အခါမလင့် ရတော့သည်။ အရဟတ္တမဂ်နှင့် ဖိုလ်ကို ရပြီးသော အရိယာကို ရဟန္တာဟု ခေါ်သည်။
ရဟန္တာ ၌
ဘာဝရာဂ (ဘ၀ ၃-ပါး၌ တပ်မက်မှု)
မာန
အ၀ိဇ္ဇာ သံယောဇဉ် ၃-ပါး မရှိတော့။
(အောက်မဂ်တို့က ပယ်ပြီးသော သံယောဇဉ်တို့ကို အထက်မဂ်တို့က ပယ်ပြီး ဖြစ်သည်။)
(စာမျက်နှာ-၃၂၊ မဟာစည်ဩကာသအဖွင့်)
နိဗ္ဗာန်
မဖြစ်ခြင်းသဘော၊ မပြတ်ဖြစ်သော ရုပ် နာမ်အစဉ် ကင်းခြင်း သည် နိဗ္ဗာန်ဖြစ်သည်။
ဒုက္ခအပေါင်း ချုပ်ငြိမ်းခြင်း၊ ကိလေသာတဏှာ တို့ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း၊
အာယာတန ၆-ပါးတို့ ချုပ်ငြိမ်းခြင်း၊ ဘ၀အသစ်တဖန်မဖြစ်တော့ဘဲ ရုပ်၊ နာမ်၊ သင်္ခါရဖြစ်စဉ် ချုပ်ငြိမ်းပြတ်စဲ၍ ပကတိ ငြိမ်းအေးခြင်း။
(စာမျက်နှာ-၃၃၊ မဟာစည်ဩကာသအဖွင့်)(စာမျက်နှာ-၂၃၊ သာသနအခြေခံ - ဦးသက်စိန်)