သင်္ခတ နှင့် အသင်္ခတ
3:18 PM | Author: sankooo
သင်္ခါရ ဆိုသည်မှာ အကြောင်းတို့ စုပေါင်း၍ ပြုလုပ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာသော တရားကို ဆိုခြင်း ဖြစ်သည်။
တိုတိုရှင်းရှင်း ဆိုရလျင် အကြောင်းကြောင့် ဖြစ်သော တရားပင် ဖြစ်၏။
ဖြစ်ပေါ်လာသော တရားဖြစ်ပေသည်။ အဖြစ်တရား ဖြစ်သောကြောင့် ပျက်တတ်ပေမည်။
အဖြစ်တရားမှန်သမျှ အပျက်ရှိသမြဲဖြစ်ပေမည်။ ထို့ကြောင့် ဆင်းရဲ ပေသည်။

ရုပ် နှင့် နာမ်တို့သည် သင်္ခါရတရားများချည်း ဖြစ်ပေသည်။
ရုပ်သည်လည်း အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသော တရားဖြစ်သည်။ ရုပ်၏ မှီရာအကြောင်းတရားတို့မှာ..
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ပင်ဖြစ်လေသည်။
ကံကြောင့် ကမ္မဇရုပ်တို့ဖြစ်ရသည်။
စိတ်ကြောင့် စိတ္တဇရုပ်တို့ ဖြစ်ရသည်။
ဥတုကြောင့် ဥတုဇရုပ်တို့ ဖြစ်ရသည်။
အာဟာရကြောင့် အာဟာရဇရုပ်တို့ ဖြစ်ရလေသည်။

ထို့အတူ မြင်စိတ် ကြားစိတ် ...စသည်တို့သည်လည်း ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်လာသော သင်္ခါရတရားများ ဖြစ်သည်။
ဥပမာ ကြားစိတ်ကလေးဖြစ်လာဖို့ရန်ျမှာ ...
နား(သောတပသာဒ)၊ အသံ(သဒ္ဒါရုံ) ၊ နှလုံးသွင်းအာရုံစိုက်မှု (မနသိကာရ)၊ လေဖြတ်သန်းနိုင်သော အပေါက်အကြား (အာကာသဓာတ်) တို့ ရှိရပေမည်။
(သောတာ ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့။)[စာ-၁၀၁၊ ဗုဒ္ဓအဘိဓမ္မာ-ဒေါက်တာမင်းတင်မွန်]

ထို ဆိုင်ရာ အကြောင်းတရားများကြောင့်သာ ကြားစိတ်ကလေး ဖြစ်လာရပေသည်။
ရုပ်/နာမ် အပေါင်းတို့သည် ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသောကြောင့် သင်္ခါရ တရားများဟု ခေါ်ဆိုခြင်းဖြစ်ပေသည်။
အကြောင်းကြောင့် ဖြစ်သော တရားဖြစ်သောကြောင့်လည်း အကျိုးတရားဖြစ်လေသည်။
သင်္ခါရ နှင့် သင်္ခတ တို့သည် အတူတူပင်ဖြစ်သည်။
ထိုနေရာတွင် သင်္ခါရ ဆိုသည်မှာ
ပဋိစ္စသမုပ္ပါဒ်တွင် ပါသော သင်္ခါရကို ဆိုခြင်းမဟုတ်ပေ.၊ ပဋိစ္စသမုပ္ပါဒ်တွင် ပါသော သင်္ခါရသည် အကြောင်းတရားဖြစ်ပေသည်။
ယခု ဆိုသော သင်္ခါရဆိုသည်မှာ အကျိုးတရား ဖြစ်၏။

သင်္ခါရ ၏ ပြောင်းပြန်တရားကို ၀ိသင်္ခါရဟု ခေါ်ဆိုသည်။
ဝိသင်္ခါရ နှင့် အသင်္ခတ မှာ အတူတူပင်ဖြစ်၏။
ဝိသင်္ခါရ (သို့မဟုတ်) အသင်္ခတ ဆိုသည်မှာ အရှိတရား ဖြစ်လေသည်။
မည်သည့် တစုံတရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ..ရှိနေသောတရားပင်..ဖြစ်၏။
ဖြစ်လာသော တရား မဟုတ်သောကြောင့် ပျက်ခြင်း မရှိပေ။
ထိုကြောင့် ချမ်းသာအမှန်ဖြစ်ပေသည်။ ထို အသင်္ခတသည် နိဗ္ဗာန်ပင်ဖြစ်ပေသည်။

နိဗ္ဗာန်သည် ဖြစ်ပေါ်လာသော တရားမဟုတ်ပေ။ ဖြစ်လည်းမဖြစ် ပျက်လည်းမပျက်ပါဘဲ ဆင်းရဲငြိမ်းသော သဘာဝအနေဖြင့် အမြဲ တည်ရှိနေသော အရှိတရားပင် ဖြစ်ပေသည်။

မဂ္ဂင်(၈)ပါးကျင့်ကြံ ပွားများခြင်းသည် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ပေသည်။ ထိုနေရာတွင် မဂ္ဂင်(၈)ပါးသည် နိဗ္ဗာန်၏ အကြောင်းတရားဟု ဆိုနိုင်ပါသော်လည်း
မဂ္ဂင်(၈)ပါး ကျင့်ကြံခြင်းသည် နိဗ္ဗာန်ကို ဖြစ်စေခြင်းမျိုး မဟုတ်ပေ။
မဂ္ဂင်(၈)ပါး ကျင့်ကြံခြင်းကြောင့် ဆင်းရဲငြိမ်းသော အရှိသဘာဝ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ခြင်း ဖြစ်၏။

ဥပမာ ဆိုရလျင်..
မန္တလေးသို့ မီးရထားဖြင့် ခရီးသွားသောအခါ...
မီးရထား စီးသွားခြင်းကြောင့် နဂိုက ရှိနေသော မန္တလေးသို့ ဆိုက်ရောက်သွားခြင်းမျိုးပင် ဖြစ်ပေသည်။

သင်္ခါရ နှင့် ၀ိသင်္ခါရ တို့ကို အတိုချုပ်နားလည်အောင် ဖော်ပြရလျင်..


















သင်္ခတ (သင်္ခါရ)အသင်္ခတ (၀ိသင်္ခါရ)
ဆင်းရဲသည်ချမ်းသာသည်
အဖြစ်တရားအရှိတရား
ရုပ်/နာမ်နိဗ္ဗာန်


ထိုတရားတို့သည် မြတ်ဗုဒ္ဓ ဟောတော်မူ၍သာ ကျွန်ုပ်တို့သည် သိခွင့်ရပေသည်။ မြတ်ဗုဒ္ဓမှ မဟောကြားခဲ့လျင် အဖြစ်တရားရယ်လို့လည်း မသိရ အရှိတရားဟု၍လည်း မသိနိုင်ပေ။
ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကျွန်ုပ်တို့ အတွက်..အနန္တ ကျေးဇူးရှင် ဖြစ်၏။


ဗုဒ္ဓ မြတ်စွာ၊ ပွင့်ထွန်းလာ၍၊
သစ္စာလေးအင်၊ ရှစ်မဂ္ဂင်နှင့်၊
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ၊
မြတ်ဓမ္မကို၊ နက်လှဉာဏ်တော်၊
ဟောထုတ်ဖော်၍၊ သူတော်အများ၊
သိရငြား၊ များလှအကျိုးတွေ။ ။



အောက်ပါတရားတော်မှ ကောက်နုတ်ရေးသားထားပါသည်...
သင်္ခတ နှင့် အသင်္ခတ တရားတော် - ချမ်းမြေ့ဆရာတော်ဘုရားကြီး
ကိလေသာ သုံးမျိုး
12:54 AM | Author: sankooo
လူတို့သည် ဘာသာအယူဝါဒများကို ယုံကြည်ရာ ကိုးကွယ်ဆည်းကပ်ကြလေသည်။
..အဓိကမှာတော့..ဆင်းရဲငြိမ်းချင်၍ ဖြစ်၏။
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မဖြစ်ချင်ဘဲ.ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ချင်သောကြောင့် ဖြစ်၏။
ကိုယ်၊စိတ် ဆင်းရဲ ငြိမ်းချင်သော ရည်ရွယ်ချက်ဖြင့် ဆိုင်ရာဆိုင်ရာ ဘာသာအယူဝါဒများကို ကိုးကွယ်ယုံကြည်ကြသည်။ အားကိုးကြ၏။

ကိုယ်ဆင်းရဲမှု နှင့် စိတ်ဆင်းရဲမှု တွင်လည်း..
စိတ်ဆင်းရဲမှု ငြိမ်းဖို့က..ပဓာနကြ၏။
ကိုယ်ဆင်းရဲမှုဖြစ်သည်မှာ..စိတ်မချမ်းသာ စိတ်မသက်သာ စိတ်ထဲတွင် မခံသာ၍ ဖြစ်လာခြင်းသည် အကြောင်းရင်း ဖြစ်၏။

စိတ်ကို ပူလောင်အောင် မသက်သာအောင် ဖြစ်စေသော အရာများသည် စေတသိက်ဆိုးများပင် ဖြစ်၏။

စေတသိက်ဆိုသည်မှာ..စိတ်ကို ခြယ်လှယ်သောသဘောရှိ၏။
စိတ်ဆိုသည်မှာတော့ အာရုံကို သိရုံသာ သိတဲ့သဘော ရှိ၏။ အကောင်း အဆိုး မကွဲပြားသေးပေ။
စေတသိက်ဆိုးတွေ ခြယ်လှယ်သောအခါ စိတ်ဆိုးရယ်လို့ ဖြစ်လာတော့၏။

လိုချင်သော လောဘ..
ကြမ်းတမ်းသော ဒေါသ..
မဟုတ်တာတွေသိ၊ ဟုတ်တာတွေကိုမသိတတ်တဲ့ မောဟ တို့သည် စေတသိက်ဆိုးများပင် ဖြစ်ကြ၏။

လိုချင်မှုလေးဖြစ်သောအခါတွင်လည်း စိတ်ကို ပူလောင်စေ၏။
တယောက်ယောက်အပေါ်မှာ မကျေနပ် မုန်းတီးလိုက်သောအခါတွင်လည်း စိတ်ကို ပူလောင်စေ၏။
စိတ်ကို ဆင်းရဲစေတတ်သော အရာများပင်ဖြစ်၏။

မောဟသည်..အမှန်ကို အမှားဟုထင်သည်၊ ဟုတ်တာကို မဟုတ်ဟု ထင်သည်.အကောင်းကို အဆိုးဟုထင်သည်...ပြောင်းပြန်.တလွဲတွေချည်း သိနေတတ်ပါသည်..
အမှန်သဘာဝကို ပြောင်းပြန်ချည်းပဲ.သိနေသောမောဟကို အခြေခံတဲ့လုပ်ရပ်တို့သည် ဆင်းရဲကြောင်းတွေချည်းဖြစ်၏။

ထို့ကြောင့်
လောဘ ဒေါသ မောဟ တို့သည် ဆင်းရဲစေတဲ့စိတ်(စေတသိက်) နှိပ်စက်တဲ့စိတ်(စေတသိက်) တို့ဖြစ်၏။
ထိုအတူ ကိလေသာ..၁၄ပါးလုံးသည်...ဆင်းရဲစေတဲ့စိတ်(စေတသိက်) နှိပ်စက်တဲ့စိတ်(စေတသိက်) ညစ်နွမ်းစေတတ်တဲ့စိတ်...စိတ်ဆိုးစိတ်မိုက်တို့ဖြစ်၏။

ကိလေသာတွေ ရှိနေသမျှ စိတ်ဆင်းရဲနေမယ် စိတ်ပူလောင်နေမည်..
စိတ်ဆင်းရဲတော့ ကိုယ်ပါ ဆင်းရဲတော့၏။

ထို ကိလေသာတွေ ရှိနေသမျှ အပြစ်မကင်းတာများကို လုပ်မိသည်...အပြစ်မကင်းတာတွေလုပ်မိတော့ ဆင်းရဲ၏။

ကိလေသာ နည်းနည်းဖြစ်လျင် နည်းနည်းဆင်းရဲ၏..များများဖြစ်လျင် များများဆင်းရဲ၏။

ကိလေသာကို အဆင့်ခွဲလျင် သုံးမျိုး ရှိ၏...

  1. ကြမ်းတမ်းတဲ့အဆင့် ၀ီတိက္ကမကိလေသာ
  2. သာမာန်ကြမ်းတမ်းရုံမျှအဆင့် ပရိယုဋ္ဌာနကိလေသာ
  3. အနုညံ့ဆုံး အသိမ်မွေ့ဆုံးအဆင့် အနုသယကိလေသာ


ဝီတိက္ကမကိလေသာသည်..ကိုယ်၊ နှုတ် မှတဆင့် လွန်ကျူးမှု ဖြစ်စေတတ်သော ကိလေသာ ဖြစ်၏။
ပရိယုဋ္ဌာနကိလေသာဖြစ်သောအခါ...စိတ်ထဲတွင်ပင် လိုချင်မှု စိတ်ဆိုးမှု တပ်မက်မှု ဘ၀င်မြင့်မှုများ ဖြစ်နေလေသည်။ စိတ်ထဲမှာတင် ပူလောင် နေသောအဆင့် ဖြစ်၏။
အနုသယကိလေသာဆိုသည်မှာ သတ္တ၀ါတို့ သန္တာန်တွင် အမြဲ ကိန်းနေ ၀ပ်နေတဲ့ ကိလေသာဖြစ်၏။ အစဉ်တစိုက် ကိန်းနေ တည်နေသော ကိလေသာ ဖြစ်သည်။
အစ မထင် သံသရာမှ စ၍ ကိန်းနေ တည်နေသော ကိလေသာ ဖြစ်၏။

အနုသယကိလေသာကို ကိလေသာ မျိုးစေ့လို့လဲ ခေါ်၏။
အသိမ့်မွေ့ဆုံးကိလေသာ ဖြစ်သောကြောင့် ပယ်ပစ်ဖို့ရန် ခက်ခဲသော ကိလေသာဖြစ်လေသည်။

အနုသယကိလေသာကို မဂ်ဥာဏ်နဲ့ ပယ်နိုင်ပါမှ အမြစ်ပြတ် ပျောက်ကင်းနိုင်၏။
မဂ်ဥာဏ်နဲ့ မပယ်နိုင်သမျှ အစဉ်ကိန်းနေနိုင်သည်မှာ အနုသယကိလေသာ ပင်ဖြစ်ပေ၏။

မှတ်မိလွယ်ရန် ဆောင်ပုဒ်မှာ
လွန်ကျူး ထကြွ စဉ်ကိန်းက သုံးဝကိလေသာ။
ကိုယ် နှုတ် နှစ်ဝ လွန်ကျူးက ၀ီတိက္ကမကိလေသာ
စိတ်တွင်ထကြွဖြစ်ပေါ်က..ပရိယုဋ္ဌာနကိလေသာ
မဂ်မပယ်ရ စဉ်ကိန်းက အနုသယကိလေသာ
(ချမ်းမြေ့ဆရာတော်)


ထိုကိလေသာ သုံးမျိုးတို့ကို သီလ သမာဓိ ပညာ သိက္ခာသုံးပါးဖြင့် ဆိုင်ရာဆိုင်ရာ ပယ်ဖျောက်ရပေသည်။

သီလသည် ကိုယ် နှုတ် (၂)ပါးမှတဆင့် အပြစ်များကို မကျူးလွန်မိအောင် ထိန်းထားခြင်းဖြင့် ၀ီတိက္ကမကိလေသာကို ပယ်ဖျောက်သည်။
သမာဓိသည် စိတ်ကို တည်ကြည်စေခြင်းဖြင့် ပရိဋ္ဌာနကိလေသာကို ပယ်ဖျောက်သည်။
ပညာသည် စိတ်ကို အပြီးတိုင် သန့်ရှင်းစေခြင်းဖြင့် အနုသယကိလေသာကို ပယ်ပစ်နိုင်ပေသည်။

သီလစောင့်ခြင်း သမာဓိတည်အောင် အားထုတ်ခြင်း ၀ိပဿနာရှုမှတ်ခြင်း တို့သည်..ထိုကိလေသာ သုံးရပ်ကို ပယ်ဖျောက်ဖို့ဖြစ်ပါသည်။

ပညာတွင်လည်း (၂)မျိုးရှိ၏။

  1. ၀ိပဿနာပညာ
  2. မဂ် ဖိုလ် ပညာ ..တို့ ဖြစ်၏။


ဝိပဿနာပညာသည် ခန္ဓာ၏ သဘောမှန်ကို ဥာဏ်ဖြင့်သိမြင်ခြင်း ဖြစ်၏။ ခန္ဓာ၏ သဘောမှန်ဆိုသည်မှာ အနိစ္စ ဒုက္ခ အနတ္တ တို့ပင်ဖြစ်၏။ ခန္ဓာ၏ အရှိအတိုင်း သဘောကို အမှန်အတိုင်း ဥာဏ်ဖြင့်သိမြင်ခြင်းသည်ပင် ၀ိပဿနာပညာ ဖြစ်၏။
ငိပဿနာပညာကို လောကီပညာဟုလည်း ခေါ်၏။

မဂ် ဖိုလ် ပညာသည် မဂ် ဖိုလ်ရမှသာလျင် ရရှိနိုင်သော ပညာဖြစ်၏။
မဂ် ဖိုလ် ပညာသည် သစ္စာ(၄)ပါးကို အမှန်အတိုင်း သိ၏။

ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)
ဆင်းရဲကြောင်းအမှန်တရား (သမုဒယသစ္စာ)
ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား (နိရောဓသစ္စာ)
ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်း အမှန်တရား (မဂ္ဂသစ္စာ)
ထိုသစ္စာလေးတို့ကို မဂ်ပညာသည် မှန်မှန်ကန်ကန် သိလေတော့၏။
ထိုပညာကို လောကုတ္တရာပညာဟုလည်း ခေါ်၏။

ပညာ(၂)မျိုးရှိသလို အနုသယကိလေသာသည်လည်း (၂)မျိုးရှိလေ၏။

  1. အာရမ္မဏာနုသယ နှင့်
  2. သန္တာနာနုသယ တို့ဖြစ်လေသည်။


အာရုံကို အကြောင်းပြုပြီး ၀င်လာ တည်လာ ကိန်းလာ ရှိလာနိုင်သော ကိလေသာကို အာရမ္မဏာနုသယ ကိလေသာဟု ခေါ်၏။
အာရုံတခုခုကို စိတ်ထဲတွင် ကြိုက်မိ ချစ်မိလိုက်လျင် ပရိဋ္ဌာနကိလေသာ ဖြစ်လေသည်။
ထို့နောက် နောင်တချိန်ချိန်ကျတော့ ပြန်လည်၍ အမှတ်ရ တမ်းတလိုချင်နေမိတော့၏။ အဘယ်ကြောင့်ဆိုသော် ထိုအာရုံကို ချစ်မိ ကြိုက်မိ၍ စိတ်ထဲ ပရိဋ္ဌာနကိလေသာဖြစ်လိုက်စဉ်ကပင်...အာရမ္မဏာနုသယကိလေသာပါ ၀င်လာ တည်ရှိလာသောကြောင့် ဖြစ်၏။ ထို့ကြောင့် ပြန်လည်၍ အမှတ်ရ လိုချင်နေမိလေသည်။
ထိုသို့ အာရုံအကြောင်းပြု၍ ၀င်လာ ကိန်းလာနိုင်သော ကိလေသာသည် အာရမ္မဏာနုသယကိလေသာပင်ဖြစ်၏။

ခန္ဓာအစဉ်တွင် အမြဲကိန်းနေသော ကိလေသာကို သန္တာနာနုသယကိလေသာဟု ခေါ်လေ၏။

ပညာ(၂)ရပ်ဖြင့် ထိုကိလေသာ (၂)မျိုးကို ပိုင်ပိုင်နိုင်နိုင် ပယ်နိုင်လေသည်။
ဝိပဿနာပညာသည် အာရမ္မဏာနုသယကိလေသာကို ပယ်နိုင်လေသည်။
မဂ်ပညာသည် သန္တာနာနုသယကိလေသာကို အပြီး ပယ်နိုင်၏။

ဗုဒ္ဓဘာသာတို့၏ တရားအားထုတ်ခြင်း ရည်ရွယ်ချက်မှာ ကိလေသာအမျိုးမျိုးတို့ကို ပယ်ပစ်ဖို့ပင်ဖြစ်၏။
ကိလေသာ အမျိုးဖြုတ်ဖို့ရန်ဖြစ်၏။ ကိလေသာ အမျိုးဖြုတ်ခြင်းလုပ်ငန်းသည်ပင် စိတ်ကို သန့်ရှင်းအောင် ပြုလုပ်ခြင်းဖြစ်၏။

စိတ်သန့်ရှင်းသူဖြစ်ပါမှလည်း အမှန်တကယ် အောင်နိုင်သူဖြစ်လေသည်။
စိတ်သန့်ရှင်းအောင် ရည်ရွယ်သော နည်းလမ်းသည်ပင် ဓမ္မ ဖြစ်ပေသည်။
ထို့ကဲသို့သော ဓမ္မကို ညွှန်ပြပေးနိုင်သောသူမှာလည်း မြတ်ဗုဒ္ဓပင် ဖြစ်လေသည်။

အောက်ပါတရားတော်မှ ကောက်နုတ်ရေးသားထားပါသည်....

သိက္ခာသုံးပါးဖြင့် ကိလေသာ သုံးပါးကို ပယ်ပုံ - အရှင်ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်ဘုရားကြီး)
သရဏဂုံတရားတော်များ နာဖြစ်တဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်......

သရဏ ဆိုသည်မှာ
ဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရပေသည်။
ဘေးအန္တရာယ်ဆိုသည်မှာ

  1. ၀ဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)
  2. စိတ်ပူလောင်မှု

  3. ကိုယ်ဆင်းရဲမှု

  4. ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။


ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ် သည် သရဏ ဖြစ်ပေ၏။
တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏ ဖြစ်ပေသည်။ ထို့ကြောင့် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်၏။
ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ မဖြစ်ပေ။

ဗုဒ္ဓ သည် သရဏ ဖြစ်၏။ ဓမ္မ သည်လည်း သရဏ ဖြစ်၏။ သံဃာ သည်လည်း သရဏ ဖြစ်၏။

ဗုဒ္ဓ သည် ဘေးဒုက္ခများကို တားမြစ်ပေးတတ်၏။ အကျိုးစီးပွားမဲ့ကို တားဆီးပေးတတ်သည်။
ကောင်းရာကို လမ်းညွှန်ပေး၏။ အကျိုးစီးပွားကောင်းကိုလည်း ဖြစ်စေတတ်သည်။
ဘေးဒုက္ခများမဖြစ်စေရန် မကောင်းမှုတို့ကို မပြုလုပ်ရန်၊ မပြောဆိုရန်၊ မကြံစည်ဖို့ရန် ဆုံးမ ပေးခြင်းဖြင့်လည်းကောင်း၊ ကောင်းကျိုးချမ်းသာများရစေရန် ကောင်းမှုတို့ကို ပြုလုပ် ပြောဆို ကြံစည်ကြဖို့ရန်လည်းကောင်း လမ်းညွှန်ပေးလေသည်။
ထိုကြောင့် သရဏ ဖြစ်ပေ၏။

ဓမ္မ ဆိုသည်မှာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာကိုးပါး နှင့် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဟူသော ပဋိကတ် သုံးပုံတို့ ပင်ဖြစ်ပေ၏။
ထိုဓမ္မ သည် ဘ၀ကန္တာရခရီးခဲမှ လွန်မြောက်စေသည်၊ ထုတ်ဆောင်ပေးတတ်သည်။ ဘ၀အခက်အခဲများကို လွန်မြောက်စေတတ်သည်။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတို့ကို သက်သာစေသည်။ ထို့ကြောင့် သရဏ ဖြစ်ပေ၏။

သံဃာအား နည်းနည်းလေး လှူရုံမျှဖြင့် ကြီးကျယ် များပြားသော အကျိုးထူးများကို ရစေတတ်သည်။ မြတ်သော အလှူကို ထိုက်တန်တော်မူခြင်းသည် အရိယာသံဃာ၏ ဂုဏ်ရည် ဖြစ်၏။ ထို့ကြောင့် သံဃာသည်လည်း သရဏ မည်ပေ၏။ သံဃံ သရဏံ ဂစ္ဆာမိ တွင် သံဃာသည် အရိယာသံဃာကို ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် “သံဃံ သရဏံ ဂစ္ဆာမိ” (သံဃာကို ကိုးကွယ်ဆည်းကပ် ပါ၏) ဟု ဆိုရာ၌ သမုတိသံဃာ (ပုထုဇဉ် ရဟန်း သံဃာ) များမှ တဆင့် အရိယာသံဃာတို့၏ ဂုဏ်ရည်တို့ ကို သတိရ အမှတ်ရလျက် ရည်မှန်းလျက် ရွတ်ဆိုရပေမည်။
ဥပမာ..စေတီတော်၊ ဆင်းတုတော်များကို ရှိခိုးတိုင်း ထိုဆင်းတုတော်မှတဆင့် ဘုရားရှင်၏ ဂုဏ်တော်များကို ထွင်းဖောက် အာရုံပြုရပါသည်။ ထို့အတူပါပဲ ပုထုဇဉ် ရဟန်း သံဃာတို့ကို ဆင်းတုတော်များကဲ့သို့ သဘောထားလျက် အရိယာ ဖြစ်ပြီးသော ရဟန်းသံဃာများ၏ ဂုဏ်ရည်ထိအောင် ရည်မှန်းလျက် ကိုးကွယ် ဆည်းကပ်နိုင်ပါမှ သံဃံ သရဏံ ဂစ္ဆာမိ စစ်စစ်ကို ရပေမည်။ သံဃာကို သင်ပေးနေတဲ့ ဆရာပဲလို့ ဆရာ အဆင့်လောက် သတ်မှတ်ရုံမျှဖြင့် သံဃံ သရဏံ ဂစ္ဆာမိ မဖြစ်သေးပေ။ သရဏဂုံ စစ်စစ် ရအောင် အရိယာ သံဃာထိအောင် ရည်မှန်း ပူဇော် ကိုးကွယ်ရပေမည်။

သရဏဂုံ = သရဏ + ဂမန
သရဏဂုံ ဆိုသည်မှာ သရဏ နှင့် ဂမန ပေါင်းစပ်ထားခြင်းဖြစ်၏။ ဂမန ဆိုသည်မှာ အသိအမှတ်ပြုခြင်းဖြစ်သည်။
ထိုသရဏသုံးပါး ဗုဒ္ဓ ဓမ္မ သံဃာ ၏ အထက်ပါ အရည်အသွေး ဂုဏ်ရည်များကို အာရုံပြုပြီး ကြည်ညိုလေးမြတ်သော ယုံကြည်မှု သဒ္ဓါဖြစ်ဖို့ရန် လိုပေသည်။ ထိုသဒ္ဓါကို အခြေခံလျင် သမ္မာဒိဋ္ဌိ ဖြစ်လေတော့သည်။ ထို မှန်ကန်သော ယုံကြည်မှု သဒ္ဓါ သည်ပင်လျင် ဂမန မည်ပေသည်။
ထိုကြောင့် သရဏဂမန(သရဏဂုံ) သည် ရတနာသုံးပါးအပေါ် ရောက်နေသော ယုံကြည်မှုသဒ္ဓါ နှင့် အသိမှန် (သမ္မာဒိဋ္ဌိ) ဖြစ်၏။
လွယ်လွယ်ဖြင့် တိုတိုဆိုရလျင် ကိုးကွယ်ရာအဖြစ် သိမှတ်ခြင်း ဟုလည်း အဓိပ္ပါယ်ရပေသည်။ ကိုးကွယ်ရာအဖြစ် သိမှတ်ရာ၌ ထိုမှန်ကန်သော ယုံကြည်မှုသဒ္ဓါ သည် ရှေးဦးစွာ အရေးကြီးပေသည်။ ထိုကဲ့သို့သော မှန်ကန်သော သဒ္ဓါဖြစ်ပါမှ သရဏဂုံတည်သော ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ပေတော့မည်။

သရဏဂုံ အမျိုးအစား (၂) မျိုးရှိလေသည်။
လောကုတ္တရာသရဏဂုံ နှင့်
လောကီသရဏဂုံ
တို့ဖြစ်၏။

လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏ သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သောစိတ်ဖြစ်၏။ သစ္စာသိသူ၏ သရဏဂုံ ဖြစ်သည်။ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း မရှိတော့ပေ။ မဂ်စိတ်နှင့် အတူတူဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်စိတ် ဖြစ်ပေသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျင် လောကုတ္တရာသရဏဂုံကို ရပေမည်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မရနိုင်ပေ မဖြစ်နိုင်ပေ။

ပုထုဇဉ်တို့သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ယုံကြည် အားကိုးမှု စိတ်သည် လောကီသရဏဂုံဖြစ်၏။ လောကီသရဏဂုံနှင့် ကိလေသာတို့ကို ခေတ္တ ခဏမျှ ပယ်နိုင်လေသည်။ တဒင်္ဂပဟာန်ဖြင့် ကိလေသာကို ပယ်ခြင်းဖြစ်၏။

လောကီသရဏဂုံသည် ညစ်ညူးတတ်သည် ပျက်စီးတတ်ပေသည်။
ရတနာသုံးပါးအပေါ် နားမလည်ခြင်း(အ၀ိဇ္ဇာ)၊ ရတနာသုံးပါး၏ ဂုဏ်ရည်တို့ကို ဟုတ်မှ ဟုတ်ပါ့မလားဟု သံသယဖြစ်နေခြင်း (၀ိစိကိစ္ဆာ) တို့သည် လောကီသရဏံဂုံ ညစ်နွမ်းတတ်ပေသည်။ တကယ် နားလည်ပြီး ကိုးကွယ် ဆည်းကပ်နိုင်ပါမှလည်း သန့်ရှင်း စင်ကြယ်သော လောကီသရဏဂုံ စစ်စစ်ကို ရပေမည်။

လောကီသရဏဂုံသည် ပျက်စီးတတ်ပေသည်။ ပျက်စီးရာ၌လည်း အပြစ်ရှိသော ပျက်စီးခြင်း နှင့် အပြစ်မရှိသော ပျက်စီးခြင်းဟု (၂)မျိုးရှိ၏။
အပြစ်ရှိသော ပျက်စီးခြင်းမှာ…ဘာသာပြောင်း ကိုးကွယ်သွားခြင်း ဖြစ်သည်။ တနည်းအားဖြင့် သရဏ မဟုတ်သော အရာများကို လက်ခံချင်သော (တဏှာ) နှင့် ထို သရဏ မဟုတ်သော အရာများကို မှန်တယ်ထင်သော (ဒိဋ္ဌိ) ရှိလျင် အပြစ်ရှိသော ပျက်ခြင်း ဖြစ်လေသည်။

အပြစ်မရှိသော ပျက်စီးခြင်းမှာတော့..သေဆုံးသွားသောအခါ ဖြစ်ပါသည်။ သေသောအခါ စိတ်မရှိတော့သောကြောင့် ဆောက်တည်ထားသော လောကီသရဏဂုံ ပျက်စီးသွားတော့သည်။ အပြစ်မရှိသော ပျက်စီးခြင်း ဖြစ်ပေသည်။

ဘာသာခြား ပုဂ္ဂိုလ်တဦးအား မိမိ၏ ဆရာဖြစ်သောကြောင့် လည်းကောင်း၊ ဆွေမျိုး ဖြစ်သောကြောင့် လည်းကောင်း၊ ကြောက်သော အားဖြင့်လည်းကောင်း၊ ကျေးဇူးတင်သော အားဖြင့် လည်းကောင်း ကန်တော့ လျင် လောကီသရဏဂုံ မပျက်စီးနိုင်ပါ။ ဒါကြောင့် ယခုခေတ် အထက်လူကြီး ဖြစ်နေလို့ ကြောက်လို့ လက်အုပ်ချီသောအားဖြင့်လည်း ကိုယ်ဆောက်တည်ထားသော သရဏဂုံ မပျက်စီးနိုင်ပါဘူး။
အချုပ်အားဖြင့်တော့ သရဏမဟုတ်တော့အရာတို့ကို သဒ္ဓါဖြင့် ကိုးကွယ်လျင် သရဏဂုံ ညစ်နွမ်း ပျက်စီး ပါတော့သည်။

သရဏဂုံ ဆောက်တည်ရာမှာ..မြန်မာလို အဓိပ္ပါယ်ဖြင့်လည်း ဆောက်တည်နိုင်ပါသည်…


  1. တပည့်တော်၏ အသက် နှင့် ခန္ဓာကို ဗုဒ္ဓ ဓမ္မ သံဃာ တို့အား လှူဒါန်းပါ၏။ (ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ ရတနာ သုံးပါးတို့အပေါ်၌ ထားရှိသော ယုံကြည်မှု ဆည်းကပ်မှု သဒ္ဓါကို ဘယ်တော့မှ မစွန့်ဘူး ဟု အဓိပ္ပါယ်ရပေသည်။)
  2. မှီခိုစရာ အားကိုးစရာ ဆည်းကပ်စရာ အလုပ်အကျွေးပြုစရာ ရှိပါက..ရတနာသုံးပါးတို့အတွက်ပဲ ပြုမည်။
  3. လက်အုပ်ချီ အရိုအသေပြု ရှိခိုးတဲ့အခါမှာလည်း ရတနာသုံးပါးကိုပဲ ရှိခိုး ကန်တော့ မည်။
  4. တပည့်အဖြစ် ချဉ်းကပ် သော အခါမှာလည်း ရတနာသုံးပါးထံမှာပဲ တပည့်ခံ ချဉ်းကပ်မည်။


ထိုသို့ ရွတ်ဆိုခြင်းအားဖြင့်လည်း လောကီသရဏဂုံကို ဆောက်တည်ရာရောက်ပါသည်။

အထက်ပါတို့မှာ..သရဏဂုံကို ဆောက်တည်ခြင်းနဲ့ ပက်သက်သော အလေး အနက်ထားရမည့် အချက်များဖြစ်ပါသည်။ သရဏဂုံကို စစ်စစ်ကို ရကြစေခြင်းအကျိုးငှာ ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

အောက်ပါတရားတော်များအား နာကြားမှတ်သားပြီး ရေးသားထားပါသည်

ဗုဒ္ဓဘာသာအခြေခံတရားတော်များ - ဒေါက်တာ သီလာနန္ဒာဘိဝံသ
သရဏဂုံ(၃)ပါးတရားတော် - ဒေါက်တာအရှင်ဥာဏိဿရ
သရဏဂုံတရားတော် - အရှင်ကောသလ္လ (ဓမ္မစေတီ)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဘဂ၀တော - ဘုန်းတော် (၆) စုံ ကျေးဇူးဂုဏ် နှင့် ပြည့်စုံလည်း ပြည့်စုံတော်မူပါပေထသော

ဘဂ၀တော - လောကဓာတ် (၃)ရပ် ဘုံ (၃)ထပ်၌ ကိလေသာ မှန်သမျှကို တခုမကျန် ပယ်လှန် ထွေးအန်တော်မူပြီးပါပေထသော

အရ ဟတော - (၁၅၀၀)ကိလေသာ ရန်သူအပေါင်းတို့ကို အရဟတ္တမဂ် ဥာဏ်သံလျက်ဖြင့် ချိုးဖြတ်သတ်ဖြတ်လည်း သတ်ဖြတ်တော်မူပြီးပါပေထသော


အရ ဟတော - သံသရာစက်၏ အကန့်အကွက်တို့ ဖြစ်ကုန်သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ ဟု ဆိုအပ်ကုန်သော သံသရာစက် သင်္ခါရ အကန့်အကွက်တို့ကို ချိုးဖြတ်လည်း ချိုးဖြတ်တော်မူပြီးပါပေထသော

အ ရဟတော - ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုတွေ မှန်သမျှကို ကိုယ်တော်ဖြင့်လည်း ပြုတော်မမူ နှုတ်တော်ဖြင့်လည်း ပြောတော်မမူ စိတ်တော်ဖြင့်လည်း ကြံစည်လည်း ကြံစည်တော်မမူတတ်ပါပေထသော

အရဟတော - လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော် ဦးခိုက် ရှိခိုးခြင်းငှာလည်း ထိုက်တန်လည်း ထိုက်တန်တော်မူပါပေထသော

သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်လည်း သိမြင်တော်မူပြီးပါပေထသော

တဿဗုဒ္ဓဿ - ထို သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား

အမှာကံ - ဘုရားတပည့်တော်၏

နမော - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး ဦးညွှတ်ရခြင်းသည်

အတ္ထု - စင်စစ်မသွေ အမှန်ပင်ဖြစ်ပါစေသတည်း။ ။


ဘုရားရှိခိုး အသံဖိုင်

[audio:http://blip.tv/file/get/Sanko-ashinsaykainda375.mp3|autostart=no title=နမောတဿ]

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ

မဟာကာရုဏိကဿ - ကြီးကျယ်များပြားကရုဏာတရားကို ဝေနေယျာ သတ္တ၀ါတို့ အပေါ်၌ ထားတော်မူပေထသော

မဟာကာရုဏိကဿ - အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သော သက္ကာယ(၂)ဋ္ဌာနသို့ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊

မဟာကာရုဏိကဿ - ဒုက္ခတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာ(၂)ပါးတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊

ဝိဘဇ္ဇ၀ါဒိနော - ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကားသဿတလမ်းစဉ်၊ ဤကားဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရား(၂)ပါးတို့ကို ရှောင်ရှားကာ မဇ္ဈိမပဋိပဋာ အကျင့်မြတ်လမ်းစဉ်ကိုသာလျင် ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကား ပယ်သတ်ရမည့်အကြောင်းတရား၊ ဤကားသိရုံသာသိရမည့် အကျိုးတရား ဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိညာတဗ္ဗခန္ဓာတို့ကို ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင် ပြည့်စုံစွာသိမြင်တော်မူပြီးထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးသည့် အလျောက် ဝေနေယျသတ္တ၀ါတို့အား ကိုယ်တော်နှင့်မခြားတမူ၊ အလားတူသာလျင် သိမြင်တော်မူစေတတ်သော သဗ္ဗညုတဉာဏပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊

အမှာကံ - ဘုရားတပည့်တော်၏

နမော - ဦးခေါင်းညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးလိုက်ရခြင်းသည်၊

အတ္ထု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။ ။

ဘုရားရှိခိုး အသံဖိုင်

[audio:http://blip.tv/file/get/Sanko-dhamma706.mp3|autostart=no]

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ

ဝိဘဇ္ဇ၀ါဒိနော = အကြောင်းအကျိုး အကာင်းအဆိုး မှန်သမျှကို ခွဲခြမ်း ဝေဖန်လေ့ရှိသော ၀ိဘဇ္ဇ၀ါဒီဖြစ်တော်မူသော
အနန္တဇိနဿ = ယုတ်မာသော တရားတို့ကို အတိုင်းမသိ အကြွင်းမရှိ အောင်မြင်တော်မူသော
သဗ္ဗညု ဗုဒ္ဓအား
အမှာကံ = ဘုရားတပည့်တော်တို့၏
နမော = ကာယ ၀စီ မနော ချီလျက် အဉ္ဇလီ ညွှတ်ရုံး လက်စုံမိုး၍ ရှိခိုးရခြင်းသည်
အတ္ထု = ကောင်းစွာ မသွေ ဖြစ်ပါစေသတည်း။ ။
ှိ
ဘုရားရှိခိုး အသံဖိုင်


[audio:http://www.fileden.com/files/2009/6/5/2466828//UNyanissara 3-7-1984.mp3|autostart=no]



ဒီဘုရားရှိခိုးလေး ရွတ်ဖတ်ခြင်းဖြင့်လည်း ဘုရားဂုဏ်တော် ပွားများနိုင်ပါတယ်။

ဝိဘဇ္ဇ၀ါဒိနော နှင့် အနန္တဇိနဿ တို့ဟာ မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်ပုဒ်များဖြစ်ပါတယ်။
ဝိဘဇ္ဇ၀ါဒိနော ဆိုတာ အရာရာကို ဝေဖန်လေ့ရှိသော စီစစ်လေ့ ရှိသော လို့ အဓိပ္ပါယ်ရပါတယ်။

အနန္တဇိန ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဓမ္မစကြာ တရားဦး ဟောဖို့ရန် ကြွတော်မူခဲ့စဉ်အခါက..
လမ်းခုလတ် တနေရာမှာ ဥပကတက္ကတွန်း နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံစဉ်အခါက..
ကိုယ်တော်မြတ်ကိုယ်တိုင် အခုလို ကြွေးကြော်ခဲ့ပါတယ်....


မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသ၀က္ခယံ။
ဇိတာ မေ ပါပကာ ဓမ္မာ၊ တသ္မာဟမုပက ဇိနော။

အဓိပ္ပါယ်မှာ...

ငါကဲ့သို့သော အကြင်သူတို့သည် အာသဝေါကိလေသာ ကုန်ခြင်းသို့ ရောက်ကုန်၏။
ငါကဲ့သို့သော ထိုသူတို့သည် ဇိန မည်ကြပေ၏။
ငါသည် ယုတ်မာသော အကုသိုလ် ကိလေသာတရားတို့ကို အောင်နိုင်အပ်ကုန်ပြီ။
ထိုသို့ အကုသိုလ် ကိလေသာ ဟူသမျှတို့ကို အောင်နိုင်ပြီး ဖြစ်သောကြောင့်
ငါသည် ဇိန မည်ပါသည်။ ။

(မဟာစည်ဆရာတော်ဘုရာကြီး - ဓမ္မစကြာတရားတော် ပ၊ စာ-၂၅)

မြတ်ဗုဒ္ဓ မိန့်ကြား ကြွေးကြော်ခဲ့သော ထိုစကားတော်အရ...အနန္တဇိနဿ ဂုဏ်ပုဒ်ကို ရွတ်ဆိုခြင်းဖြစ်ပါတယ်။


သီတဂူဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော် မှ ဘုရားရှိခိုးဖြစ်ပါသည်။
loyarkayee

Download
sweyarnautlike

Download
မောရသုတ် (Video)
4:38 AM | Author: sankooo
[youtube]http://www.youtube.com/watch?v=yIT3kR72-Gc[/youtube]
ရှေ့ မှာတုန်းက..တင်ပေးဖို့ ကျန်နေခဲ့တဲ့ အင်္ဂုလိမာလသုတ် နဲ့ မောရသုတ် တင်ပေးလိုက်ပါတယ်..

[youtube]http://www.youtube.com/watch?v=fVRe6-ztE9Y[/youtube]
ဆရာကောင်းကိုရှာဖွေခြင်း


အားနေတဲ့အချိန်တုန်းက.....သူငယ်ချင်းဆီက ခဏ ငှားယူပြီး Scan ဖတ်ထားတာပါ။ ခုတော့ တင်ပေးလိုက်ပါပြီ။

Download Link
ဆရာကောင်းကိုရှာဖွေခြင်း
buddha_
ရုပ်ပုံ (ရုပ်စုံ ဗုဒ္ဓသာသနာဝင် စာအုပ်မှ ပန်းချီပုံအား ယူသုံးထားခြင်းဖြစ်သည်။)

ကုသိနာရုံ အင်ကြင်းတောကြီးဝယ် အင်ကြင်းပင် အစုံတို့ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြု၍ ညောင်စောင်းလေးပေါ်တွင် မြတ်ဗုဒ္ဓကိုယ်တော်မြတ် လျောင်းစက်တော်မူ၏။ လက်ယာ ခြေပေါ်၌ လက်ဝဲခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

ထိုအခါ၌ အင်ကြင်းပင်အစုံတို့သည်လည်း အခါမဲ့ ပွင့်ကာ ပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်လျက် ဝေဆာနေကြကုန်လေ၏။ မြတ်ဗုဒ္ဓအား နောက်ဆုံးပူဇော်ခြင်းဖြင့် အင်ကြင်းပန်းတို့သည် အထက်မှ ကိုယ်တော်မြတ်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကုန်၏။
ကောင်းကင်မှ မန္ဒာရ၀ နတ်ပန်းတို့သည်လည်းကောင်း၊ စန္ဒကူးနံ့သာမှုန့်တို့သည်လည်းကောင်း ပူဇော်သည့်အနေဖြင့် ကြဲဖြန့်ကုန်၏။နတ်တို့ကလည်း နတ်တူရိယာတို့ဖြင့် တီးမှုတ်၍ ပူဇော်ကြကုန်၏။

အင်ကြင်းတောကြီးတခုလုံးနှင့် ကုသိနာရုံမြို့ တပတ်လည် (၁၂)ယူဇနာ ပတ်ဝန်းကျင်တွင် စကြာဝဠာတိုက်တစ်သောင်းမှ နတ်များ လာရောက်စုဝေးနေကြလေ၏။ သံဃာတော်များ၏ အရေအတွက်မှာလည်း (၁၀၀၀၀၀)ကျော်ကျော် ရှိ၏။

ထိုအချိန်....မြတ်ဗုဒ္ဓ၏ အနီးအနားမှ အရှင်အာနန္ဒာလည်း မြတ်ဗုဒ္ဓ၏ ဘုန်းတန်ခိုးတော်ကို လွန်စွာပင် အံ့အားသင့်နေလေသည်။

မြတ်ဗုဒ္ဓက..အရှင်အာနန္ဒာအား..


“ဤမျှလောက် ပူဇော်မှုဖြင့် ငါဘုရားကို အရိုအသေပြုသည် မမည်သေး၊ အလေးအမြတ်ပြုသည် မမည်သေး၊ မြတ်နိုးသည် မမည်သေး၊ ပူဇော်သည် မမည်သေးပေ။
အာနန္ဒာ အကြင်ရဟန်းဖြင်စေ ရဟန်းမိန်းမဖြစ်စေ ဥပါသကာဖြစ်စေ ဥပါသိကာမဖြစ်စေ လောကုတ္တရာ တရားဖြင့် လျော်သော တရားတော်ကို ကျင့်လျက်နေ၍ လျော်သော အကျင့်ကို ကျင့်၊ တရားနှင့် လျော်စွာ ကျင့်နေခြင်းသည်ပင် ငါဘုရားအား အမြတ်ဆုံးပူဇော်ခြင်း၊ အရိုအသေပြုခြင်း မြတ်နိုးခြင်း မည်ပေ၏။
ထိုကြောင့် ဤ သာသနာတော်၌ လောကုတ္တရာ တရားနှင့်လျော်သော တရားကို ကျင့်လျက် နေကြပါ၊ လျော်သော အကျင့်ကို ကျင့်ကြံအားထုတ်ကြရမည်”


ဟု မြတ်ဗုဒ္ဓက မိန့်တော်မူ၏။

ထိုအချိန်မှာပင် အရှင် ဥပ၀ါဏဟူသော မထေရ်သည်လည်း... မြတ်ဗုဒ္ဓ၏ ရှေ့၌ ရပ်လျက် ကိုယ်တော်မြတ်အား ယပ်ခပ်ပေးနေလေ၏။ ထိုကြောင့် လာရောက်ဖူးမြော် ရောက်လာကြသော နတ်တို့က..မြတ်ဗုဒ္ဓအား ကောင်းစွာ မမြင်ရပေ၊ မဖူးတွေ့ရဘဲ ဖြစ်နေကြသည်။ ရှင် ဥပ၀ါဏ မထေရ်ကြီး ကွယ်နေသောကြောင့် ဖြစ်၏။ ထိုအချင်းအရာကို သိသော မြတ်ဗုဒ္ဓက..ဥပ၀ါဏကိုယ်တော်အား..


“ရဟန်း ဖဲသွားလော့၊ ငါဘုရားရှေ့ ၌ ရပ်မနေလင့်” ဟု မိန့်တော်မူ၏။



အချိန်သည်လည်း...တဖြေးဖြေး ညဥ့်ဦးယံအချိန်သို့.. ရောက်နေလေပြီ။ ထိုအခါ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား မလ္လမင်းတို့ထံ သွားရောက် အသိပေး သတင်းပို့ရန် မိန့်တော်မူ၏။

အရှင်အာနန္ဒာကိုယ်တော်လည်း မလ္လမင်းတို့အား မြတ်ဗုဒ္ဓ ဒီကနေ့ည သန်းခေါင်ကျော်လျှင် ပရိနိဗ္ဗာန်စံဝင်တော်မူမည့် အကြောင်းကို သတင်းပို့လေသည်။

အရှင်အာနန္ဒာ၏ စကားကို ကြားသောအခါ မလ္လမင်းတို့သည်လည်းကောင်း မိဖုရားတို့သည်လည်းကောင်း သားတော် သမီးတော်တို့သည်လည်းကောင် လွန်စွာ ကြေကွဲဝမ်းနည်းကြကုန်၏။ ထို့နောက် မြတ်ဗုဒ္ဓ ရှိရာ သို့ ရောက်လာကြလေ၏။

အရှင်အာနန္ဒာ၏ အစီအစဉ်ဖြင့်…မလ္လမင်းတို့က..အုပ်စုလိုက် အုပ်စုလိုက် မြတ်ဗုဒ္ဓဆီသို့ ၀င်ရောက် ဖူးမြော် ရှိခိုးဦးခိုက် ကန်တော့ကြ၏။ ညဥ့်ဦးယံ အချိန်သည်လဲ ကုန်လွန်လေပြီ။

ထို့နောက် သုဘဒ္ဒပရိဗိုဇ် ရောက်ရှိလာလေသည်။ သူ့တွင်လည်း ယုံမှားသံသယ မေးခွန်းရှိနေ၍ မြတ်ဗုဒ္ဓထံ မေးလျောက်ရန် ရောက်လာခြင်းဖြစ်၏။ ငါရဲ့ ယုံမှားသံသယတို့ကို ရှင်းလင်းသွားအောင် ရဟန်းဂေါတမ၏ တရားကို နာယူမည်ဟု ယုံကြည်လျက် ဘုရားထံ ရောက်ရှိလာ၏။ အရှင်အာနန္ဒာကို ဘုရားရှင်အား ဖူးခွင့်ပေးရန် တောင်းဆို၏။ အရှင်အာနန္ဒာက..ယခုအချိန် မြတ်စွာဘုရားအား ဖူးရန် အချိန်မသင့်တော့ဘူး၊ မြတ်စွာဘုရား ပင်ပန်းတော်မူနေပြီ၊ မညှဉ်းဆဲပါနဲ့ ငါ့ရှင်ဟု ပြန်လည် ပြောဆို၏။

မြတ်ဗုဒ္ဓကိုယ်တော်မြတ် ကြားတော်မူသောအခါ…သုဘဒ္ဒအားခွင့်ပြုလိုက်ရန် အရှင်အာနန္ဒာအား မိန့်တော်မူလိုက်၏။
ထိုအခါ သုဘဒ္ဒလည်း မြတ်ဗုဒ္ဓထံ ချဉ်းကပ်၍ မေးလျောက်လေ၏။

သူ၏ မေးခွန်း အဓိပ္ပါယ်မှာ...
သမဏ ဗြာဟ္မဏဟု ၀န်ခံထားသော တိတ္ထိဆရာကြီး (၆)ရောက်တို့သည် သဗ္ဗညုဖြစ်ပါသလား ဒါမှမဟုတ် အရှင်ဘုရားကပဲ သဗ္ဗညုဖြစ်ပါသလားဟု မေးလျောက်လေ၏။

ထိုအခါ မြတ်ဗုဒ္ဓက..သုဘဒ္ဒ၏ မေးခွန်းကို အသာထားပြီး၊ တရားဟောတော့လေ၏။


“ငါဘုရားရဲ့ သာသနာတော်မှတပါး အခြား အယူဝါဒတို့၌ မဂ္ဂင် (၈)ပါးအကျင့်တရားဆိုတာ ရှိသလား မရှိဘူးလား သုဘဒ္ဒ စဉ်းစားပါ။ မဂ္ဂင် (၈)ပါး ရှိသော အကြင်ဓမ္မ၀ိနယ သာသနာတော်၌ သောတာပန်ရဟန်းသည်လည်းကောင်း၊ သကဒါဂါမ်ရဟန်းသည် လည်းကောင်း၊ အနာဂါမ်ရဟန်းသည်လည်းကောင်း၊ ရဟန္တာသည်လည်းကောင်း ရှိ၏။
မဂ္ဂင် (၈)ပါး မရှိလျင် ထိုအရိယာရဟန်းတို့ မရှိ။ မည်သူမှားတယ် မှန်တယ်ဆိုတာ ငါဘုရားမပြောလိုဘူး..မဂ္ဂင် (၈)ပါးအကျင့် ရှိ မရှိ ကိုသာ စဉ်းစားပါ။ ဆင်ခြင်ပါ။
မဂ္ဂင် (၈)ပါးအကျင့်ကောင်း ရှိမှသာလျင် ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်း သည် ရှိ၏။ မဂ္ဂင် (၈)ပါးအကျင့်ကောင်း မရှိလျင် ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းသည် မရှိဟု” သုဘဒ္ဒအား.. မြတ်ဗုဒ္ဓက..တရားဟောလေ၏။

ဆက်လက်၍ မြတ်ဗုဒ္ဓကိုယ်တော်မြတ်က..
“ဒီမဂ္ဂင် (၈)ပါးအကျင့်ကောင်းကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ရဟန္တာအရှင်သူမြတ်တို့သည် ဘယ်သောအခါမှ မဆိတ်သုဉ်းနိုင်” ဟု တိတိလင်းလင်း ဟောတော်မူလေ၏။


သုဘဒ္ဒပရိဗိုဇ်လည်း မြတ်ဗုဒ္ဓ၏ ရှင်းလင်း တိကျသော တရားတော်ကို လွန်စွာ နှစ်သက် အားရ သွားလေတော့၏။ ထိုကြောင့် မဂ္ဂင် (၈)ပါးကို ကျင့်ကြံအားထုတ်လိုစိတ် ဖြစ်လာပြီး ဘုရား၊ တရား၊ သံဃာ သုံးပါးတို့ အား ယုံကြည် သိမှတ် ကိုးကွယ် ဆည်းကပ်တော့၏။
ရဟန်းခံပေးပါရန် မြတ်စွာဘုရားထံ.. လျောက်လေတော့၏။

အရှင်အာနန္ဒာက..သုဘဒ္ဒအား သပိတ် သင်္ကန်းပေး၍ ရဟန်းခံပေး၊ ကမ္မဋ္ဌာန်းပေးလိုက်သည်။ သုဘဒ္ဒလည်း ဆိတ်ငြိမ်ရာချဉ်းကပ်၍ ဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်မစံမှီကလေးတွင်ပင် ရဟန္တာဖြစ်လေ၏။

အချိန်သည်လည်း ညဥ့်သန်းခေါင်ကို ကျော်လွန်၍ သွားလေပြီ။ မြတ်ဗုဒ္ဓက..သံဃာတော်တို့ကို မှာကြားစရာရှိသည်များကို မှာကြားလေတော့၏။

ချစ်သားအားလုံးတို့ ဘုရား တရား သံဃာပေါ်၌ သံသယရှိသည်များကို မေးကြရန် မိန့်တော်မူ၏။ သံဃာတော်အရှင်သူမြတ်တို့သည်လည်း ဘာသံသယမှ မရှိသဖြင့် ဆိတ်ဆိတ်နေကြလေကုန်၏။

ထို့နောက် မြတ်ဗုဒ္ဓသည်..နောက်ဆုံး စကားကို မိန့်တော်မူလေ၏။

မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားတော်


“ရဟန်းတို့….ပြုပြင်ပေးရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”

ဟု မိန့်တော်မူလေ၏။

ဤစကားတော်သည် မြတ်ဗုဒ္ဓကိုယ်တော်မြတ်၏ နောက်ဆုံးမှာကြားသွားသော စကားတော်ဖြစ်၏။

မြတ်ဗုဒ္ဓ ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

ထို့နောက် မြတ်ဗုဒ္ဓသည် ဘာကိုမှဆက်လက် မပြောတော့ဘဲ ..
ပဋ္ဌမဈာန်ကို စတင်..၀င်စားတော်မူ၏၊
ပဋ္ဌမဈာန်မှထတော်မူ၍ ဒုတိယဈာန်ကို ၀င်စားတော်မူ၏၊
ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ၀င်စားတော်မူ၏၊
တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ၀င်စားတော်မူ၏၊
စတုတ္ထဈာန်မှတဖန် ထတော်မူ၍ အာကာသာနဉ္စာယတန (သမာပတ်)ကို ၀င်စားတော်မူ၏၊
အာကာသာနဉ္စာယတနသမာပတ်မှ ထတော်မူ၍ ၀ိညာဏဉ္စာယတန (သမာပတ်)ကို ၀င်စားတော်မူ၏၊
ဝိညာဏဉ္စာယတနသမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန (သမာပတ်)ကို ၀င်စားတော်မူ၏၊
အာကိဉ္စညာယတနသမာပတ်မှ ထတော်မူ၍ နေ၀သညာနာသညာယတန (သမာပတ်)ကို ၀င်စားတော်မူ၏၊
နေ၀သညာနာသညာယတနသမာပတ်မှ ထတော်မူ၍ သညာဝေဒနာတို့ ချုပ်ရာ နိရောဓ သမာပတ်ကို ၀င်စားတော်မူ၏။

ထိုအခိုက် အရှင်အာနန္ဒာက..အရှင်အနုရုဒ္ဓါအား..မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်ပြုတော်မူပါပြီလောဟု မေးလျောက်လေ၏။

အရှင်အနုရုဒ္ဓါကိုယ်တော်က..မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်ပြုတော်မမူသေးကြောင်း၊ နိရောဓသမာပတ်ကို ၀င်စားတော်မူလျက်ရှိကြောင်း ကို ပြန်လည်ဖြေကြား၏။

ထိုနောက် မြတ်ဗုဒ္ဓသည်
နိရောဓသမာပတ်မှ ထတော်မူ၍ နေ၀သညာနာသညာယတန သမာပတ်ကို ၀င်စားတော်မူ၏။
နေ၀သညာနာသညာယတန သမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန သမာပတ်ကို ၀င်စားတော်မူ၏။
အာကိဉ္စညာယတန သမာပတ်မှ ထတော်မူ၍ ၀ိညာဏဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏။
ဝိညာဏဉ္စာယတန သမာပတ်မှ ထတော်မူ၍ အာကာသာ နဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊
အာကာသာ နဉ္စာယသန သမာပတ်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ၀င်စားတော်မူ၏၊
စတုတ္ထဈာန်မှ တဖန် ထတော်မူ၍ တတိယဈာန်ကို ၀င်စားတော်မူ၏၊
တတိယဈာန်မှ ထတော်မူပြီး ဒုတိယဈာန်ကို ၀င်စားတော်မူ၏၊
ဒုတိယဈာန်ကို ၀င်စားတော်မူ၍ ပဋ္ဌမဈာန်ကို ၀င်စားတော်မူ၏။

တဖန်...
ပဋ္ဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်သို့ ၀င်စားတော်မူ၏၊
ဒုတိယဈာန်မှ ထတော်မူကာ တတိယဈာန်ကို ၀င်စားတော်မူ၏၊
တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ၀င်စားတော်မူ၏၊
စတုတ္ထဈာန်မှ ထတော်မူပြီးနောက် အခြားမဲ့၌ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။



အရပ်တပါးသို့ ခွဲခွါသွားခါနီး ပုဂ္ဂိုလ်တစ်ယောက်သည်..ချစ်ခင်လှစွာသော မိတ်ဆွေကို လည်ပင်းဖက်ပြီး အားပါးတရ နှုတ်ဆက်ပြီးမှ ခရီးသွားသလိုပါပဲ..
ဘုရားရှင်အဖြစ်နှင့် (၄၅)နှစ်တာ ကာလပတ်လုံး ၀င်စားလာခဲ့သော သမာပတ်တွေကို အားရပါးရ ၀င်စားပြီးတော့မှ နိဗ္ဗာန်ကြွတော်မူခြင်းဖြစ်၏။


မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုသည်နှင့် သဟမ္ပတိဗြဟ္မာကြီးက..ဂါထာရွတ်၍ ပူဇော်လေ၏။

ဗြဟ္မာကြီး၏ ဂါထာ

ကိုယ်တိုင် အလုံးစုံကို သိတော်မူသော အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဆရာသခင် အတုမဲ့ဘုရားရှင်ကိုယ်တိုင်သော်မှ အကြင်လောက၌ ပရိနိဗ္ဗာန်ပြုတော်မူ ရချေသေး၏။ ထိုလောက၌ သတ္တ၀ါအားလုံးတို့သည် ရုပ်နာမ်အစု တို့ကို စွန့်ပစ်ကြရကုန်မည် ချည်းသာတည်း ဟု ဂါထာရွတ်ဆိုလေ၏။


ထို့နောက် တဖန် နတ်တို့ အရှင် သိကြားမင်းကလည်း..

သိကြားမင်း၏ ဂါထာ

ဖြစ်ခြင်း ပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော သင်္ခါရ တရားတို့သည် မမြဲလေ ကုန်စွတကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို သင်္ခါရတရားတို့၏ ငြိမ်းခြင်းသည်သာလျင် ချမ်းသာ ပေလိမ့်မည် တကား ဟု ဂါထာရွတ်ဆို ပူဇော်လေ၏။


ထိုနောက် တဖန် အရှင်အနုရုဒ္ဓါကိုယ်တော်သည်လည်း…

အရှင်အနုရုဒ္ဓါ၏ ဂါထာ

တဏှာကင်းတော်မူသော မြတ်စွာဘုရားသည် ငြိမ်းအေးသော နိဗ္ဗာန်ကို ကြွ၍ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ စိတ်ဓာတ်ကြံ့ခိုင်သော မြတ်စွာဘုရား၏ ထွက်လေ၀င်လေတို့သည် မရှိတော့ပြီတကား။ ညှိုးငယ်ခြင်း တွန့်ဆုတ်ခြင်းမရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူရှာခဲ့လေပြီ၊ ဆီမီးလျှံ ငြိမ်းလေသကဲ့သို့ သင်္ခါရတရားတို့မှ လွတ်မြောက် ချုပ်ငြိမ်းတော်မူလေပြီ တကား ဟု..ဂါထာရွတ်ဆို ပူဇော်လေ၏။


ထို့နောက် အရှင် အာနန္ဒာကိုယ်တော်ကလည်း..

အရှင် အာနန္ဒာ၏ ဂါထာ

မွန်မြတ်သော ဂုဏ်တော်အားလုံးတို့ နှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန်ပြုတော်မူသော ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် မြေလှုပ်ခြင်းသည် ဖြစ်ခဲ့လေပြီ၊ ကြက်သီးမွေးညင်းထဖွယ် မြေလှုပ်ခြင်းသည်လည်း ဖြစ်ခဲ့လေပြီ တကား ဟု..ဂါထာရွတ်ဆို ပူဇော်ခဲ့လေ၏။….



ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံဝင်တော်မူလေပြီ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံဝင်တော်မူသွားပေမယ့်လည်း..ကျွန်တော်တို့..ဘုရားရှင်ရဲ့ ဂုဏ်တော်များကို မှန်မှန်ရွတ်ဆိုနေလျင်..ဘုရားကို မှန်မှန် ဖူးတွေ့ ခွင့် ရနေမှာပါပဲ။

မြတ်ဗုဒ္ဓ ဂုဏ်တော်တို့သည် များပြားလှပေ၏။ ကျွန်တော်တို့ အားလုံး အပေါ်၌ လူမျိုးမခွဲ ဘာသာမခွဲဘဲ..နည်းပေးလမ်းပြ လုပ်ဆောင်ခဲ့လေ၏။ ထိုကျေးဇူးကို ကျွန်တော်တို့ အားလုံး နေ့စဉ်၊ နေစဉ်မှာ..သိတတ်နေရပေမည်။ နားလည်နေရပေမည်။ ဘုရားရှင်ရဲ့ ကျေးဇူးကို အမြဲ နားလည်ပြီး..ဂုဏ်တော်တွေ ပွားများနေရပေမည်။ ဒါမှလည်းပဲ ဘ၀မှာ လူဖြစ်ရကျိုး နပ်ပေတော့မည်။ ။

အောက်ပါတရားတော်မှ နာယူပြီး ရေးသား ဖော်ပြထားသည်။
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး
ပါဠိစကားလုံးများ ဂါထားများကို မြန်မာပြန် တိပိဋက E-book မှ ကူးယူ ရေးသားထားသည်။
လမ်းခုလတ်တနေရာ အရောက်တွင် မြတ်ဗုဒ္ဓသည် ပင်ပန်းလွန်းသောကြောင့် လမ်းခရီးမှ ဘေးဖယ်ကာ..တစ်ခုသော သစ်ပင်ရင်းရှိရာသို့ ချဉ်းကပ်၏။ ထို့နောက် ရှင်အာနန္ဒာအား..


“ချစ်သားအာနန္ဒာ ငါဘုရား၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊ ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့”

ဟု မိန့်တော်မူလေသည်။

နေရာထိုင်ခင်းတွင် မြတ်ဗုဒ္ဓထိုင်တော်မူပြီးလျင်…

“ချစ်သားအာနန္ဒာ…ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူခဲ့ပါ”

ဟု မိန့်တော်မူ၏။

ထိုအနီးအနားတွင် မြစ်ကလေး တခုရှိ၏။ သို့ပေမယ့် ပူပြင်းသော ရာသီဖြစ်သောကြောင့် ရေအလွန်နည်းပေသည်။ ထို့ပြင် ခရီးသွား လှည်း (၅၀၀)တို့ ထိုမြစ်ကလေးကို ဖြတ်မောင်းထားသောကြောင့် ရေများမှာ နောက်၍ ရွှံ့အနည်များ ထနေလေသည်။ ထိုကြောင့် အရှင်အာနန္ဒာက..မြတ်ဗုဒ္ဓအား ပြန်လည်၍ လျောက်တင်လေသည်။



“အရှင်ဘုရား အနီးအနားမှ ထိုမြစ်ကလေးမှာ ရေများ နောက်ကျူနေပါ၏။ ဟိုရှေ့နားတွင် ကကုဓာမြစ်သည် ရှိ၏။ အေးမြသောရေ ရနိုင်ပေမည်။ ချိုမြိန်သော ရေသန့်ရနိုင်ပေမည်။ သာယာ၍ ဆိပ်ကမ်းလည်း ကောင်းပေမည်။ ထိုမြစ်ဆိပ်ကမ်းသို့ ရောက်လျင် ဘုရားတပည့်တော် ရေကြည် ရေချမ်းကို ဆပ်ကပ်ပါ့မည် ဘုရား” ဟု လျောက်တင်သည်။




သို့သော် မြတ်ဗုဒ္ဓ နီးရာ ထိုမြစ်ကလေးမှပင် သောက်ရေကို ယူဆောင်လာရန် ထပ်မံ မိန့်တော်မူပြန်၏။ အရှင်အာနန္ဒာလည်း ရှေ့စကားအတိုင်းပင် ပြန်လည် လျောက်တင်သည်။ ဒုတိယအကြိမ် မြတ်ဗုဒ္ဓက..သောက်ရေကို ဆောင်ယူရန် မိန့်တော်မူသော်လည်းပဲ အရှင်အာနန္ဒာလည်း ထိုစကားကိုသာ ပြန်လည်လျောက်တင်လေသည်။
မြတ်ဗုဒ္ဓက..တတိယအကြိမ် မိန့်တော်မူသောအခါမှ အရှင်အာနန္ဒာလည်း သပိတ်ကို ယူကာ ထိုချောင်းလေးဆီသို့ ချဉ်းကပ်လေ၏။

ထိုနောက် သပိတ်ကလေးဖြင့် လှမ်းခပ်မည်အပြုတွင် ချောင်းထဲရှိ ရေများမှာ ကြည်လင်သွားလေတော့၏။ အနည်များထိုင်ပြီး သန့်ရှင်းသွားလေ၏။ အရှင်အာနန္ဒာလည်း မြတ်ဗုဒ္ဓ၏ တန်ခိုးအာနုဘော်ကို လွန်စွာပင် အံ့သြသွားလေတော့၏။

ထို့နောက် ဘုန်းတော်ကြီးမားသော မြတ်ဗုဒ္ဓအား သောက်ရေကို ကပ်လေသည်။ မြတ်ဗုဒ္ဓလည်း သောက်ရေကို သုံးဆောင်မူပြီးသကာလ ဆက်လက်၍ ကြွချီတော်မူလေသည်။

ထို့နောက် ကကုဓာန်မြစ်သို့ရောက်သော အခါ တဖန်အနားယူလေ၏။ ထိုမြစ်တွင် မြတ်ဗုဒ္ဓ ရေသုံးသပ်၊ သောက်ရေ ဘုန်းပေးတော်မူလေသည်။ မြတ်ဗုဒ္ဓသည် ဆက်လက်၍ မြစ်၏ဟိုဘက်ကမ်း သရက်ဥယျာဉ်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုသရက်ဥယျာဉ်အတွင်းတွင် ခေတ္တခဏမျှ ထပ်မံ အနားယူ လှဲလျောင်းတော်မူလေ၏။ ပြန်လည် ထဦးမယ်ဆိုသော အမှတ်သညာ သတိလေးဖြင့် အနားယူခြင်းဖြစ်၏။

ထိုနောက် မြတ်ဗုဒ္ဓ နှင့် သံဃာတော်အပေါင်းတို့သည် ဟိရည၀တီမြစ်၏ တဖက်ကမ်း ကုသိနာရုံပြည် လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းတောသို့ ကြွတော်မူခဲ့လေ၏။


(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော် နာယူမှတ်သားပြီး ရေးသားထားသည်။
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး
ဗုဒ္ဓ
(ရုပ်စုံ ဗုဒ္ဓသာသနာဝင် စာအုပ်မှ ပန်းချီပုံအား ယူသုံးထားခြင်းဖြစ်သည်။)

ထို့နောက် မြတ်ဗုဒ္ဓသည် နောက်ဆုံးဝါဆိုတော်မူခဲ့ရာ ဝေဠုဝရွာ မှ သာဝတ္ထိမြို့သို့ကြွချီတော်မူလေသည်။

သာဝတ္ထိမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ ၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။
အဲဒီနောက် သာဝတ္ထိမှ ရာဇဂြိုလ်မြိုသို့ ဆက်လက်ကြွတော်မူသည်။
ရာဇဂြိုလ်မြို့တွင် တန်ဆောင်မုန်းလကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူလေသည်။

အဲဒီ့နောက် ဝေသာလီပြည် စာပါလစေတီသို့ကြွတော်မူ၏။ တပို့တွဲလပြည့်နေ့တွင် စာပါလစေတီသို့ ရောက်လေ၏။ ထိုနေရာတွင် မြတ်ဗုဒ္ဓသည် အာယုသင်္ခါရ ကို စွန့်လွှတ်တော်မူလေ၏။ ရောဂါကင်းဝေး၊ အသက်ရှည်ရန် ပြုပြင်မှု ဖလသမာပတ်ဝင်စားခြင်းကို အပြီး စွန့်လွတ်လိုက်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူရန် (၃)လသာ လိုတော့လေသည်။

ထိုစာပါလစေတီမှတဖန် ဝေသာလီပြည် မဟာဝုန်တော ကျောင်းတိုက်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုကျောင်းတိုက်ကြီးတွင် မြတ်ဗုဒ္ဓသည် သံဃာတော်များ စုစည်းခေါ်ယူပြီး သာသနာအရှည်တည်တံ့ကြောင်းတရားတော်ကို ဟောတော်မူခဲ့၏။
ထိုကျောင်းတိုက်ကြီးမှတဖန် ဘဏ္ဍုရွာသို့ ကြွတော်မူလေသည်။
ထိုရွာ၌ သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိ တရားတော်ကို ဟောတော်မူလေသည်။
ထိုဘဏ္ဍုရွာမှတဖန် ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့ သို့ တဆင့်ဆင့် ကြွချီတော်မူခဲ့လေသည်။ ထိုဘောဂမြို့၌ မြတ်ဗုဒ္ဓသည် မဟာပဒေသလေးပါးတရားတော်ကို ဟောတော်မူခဲ့၏။

ထို့နောက် ဘုရားကိုယ်တော်မြတ်သည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ဘောဂမြို့မှ ပါဝါပြည်သို့ ဆက်လက် ခရီးဒေသစာရီ ကြွချီတော်မူလေပြီ။

ပါဝါပြည်သို့ ရောက်ရှိသော အချိန်မှာ..ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန်ဖြစ်၏။

ပါဝါပြည် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ၏ သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူလေသည်။

စုန္ဒရွှေပန်းတိမ်သည်လည်း မြတ်ဗုဒ္ဓထံသို့ ရောက်ရှိလာပြီး နောက်နေ့ နက်ဖြန် သံဃာတော်များနှင့်တကွ ဆွမ်းဘုန်းပေးခြင်းကို လက်ခံတော်မူပါရန် လျှောက်ထားလေသည်။ မြတ်ဗုဒ္ဓမှ လက်ခံတော်မူပြီးနောက် စုန္ဒလည်း ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ကို ပြည့်စုံစွာ ပြင်ဆင်လေတော့သည်။ စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒ၀ အမည်ရှိသော စားဖွယ်လည်းပါဝင်သည်။
ထို သူကရမဒ္ဒ၀ စားဖွယ်မှာ အဋ္ဌကထာများတွင် (၅)မျိုးကွဲပြားနေလေသည်။

  1. မကြီးမငယ် ၀က်သားစားဖွယ်
  2. မှိုစားဖွယ်
  3. မျှစ်စားဖွယ်
  4. နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
  5. ဆေးတို့ဖြင့် စီမံထားသောစားဖွယ်..ဟူ၍ ကွဲပြားနေသည်။


လောကဓာတ် (၁)သောင်းမှ နတ်အပေါင်းတို့သည်လည်း ထိုသူုကရမဒ္ဒ၀စားဖွယ်ထဲသို့ နတ်သြဇာများထည့်၍ ပူဇော်ကြလေသည်။ စုန္ဒက..မြတ်ဗုဒ္ဓအား မနက်စောစောတွင် ဆွမ်းစားပင့်လေသည်။ မြတ်ဗုဒ္ဓက..စုန္ဒကပ်သော စားဖွယ်များထဲမှ ထိုသူကရမဒ္ဒ၀တွင် နတ်သြဇာများပါဝင်နေသည်ကို သိတော်မူ၏။ မြတ်ဗုဒ္ဓမှတပါး တခြားသူများစားလျင် အစာမကြေနိုင်မှန်းကိုလည်း သိတော်မူလေသည်။ နတ်သြဇာများပါဝင်နေသောကြောင့် ကမ္မဇတေဇောဓတ် အားကောင်းမှသာလျင် စားသုံးနိုင်၏။ ထိုကြောင့် မြတ်ဗုဒ္ဓက..အခြားသံဃာများအတွက် စိုးရိမ်တော်မူပြီး..ထိုစားဖွယ်မှလွဲလျင် တခြားစားဖွယ်တို့ကို သံဃာတို့အား ကပ်လိုက်ဟု စုန္ဒအား မိန့်တော်မူ၏။ ထိုစားဖွယ်ကိုတော့ ငါဘုရားကိုသာ ကပ်ပါဟု မိန့်တော်မူ၏။ ဆွမ်းဘုန်းပေးပြီး ကြွင်းကျန်ရှိသော ထို သူကရမဒ္ဒ၀ဟင်းတို့ကို တွင်းတူး၍ စွန့်ပစ်လိုက်ရန် မြတ်ဗုဒ္ဓက..စုန္ဒအား ထပ်မံမိန့်တော်မူလေ၏။

ထို့နောက်..မြတ်ဗုဒ္ဓသည် အလွန်ပြင်းထန်သော ရောဂါဝေဒနာ ခံစားရလေတော့၏။ ပရိနိဗ္ဗာန်စံဝင်လောက်အောင် ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်၏။

ထိုပြင်းထန်သော ဝေဒနာခံစားရခြင်းမှာလည်း စုန္ဒကပ်သော သူကရမဒ္ဒ၀စားဖွယ်ကြောင့် မဟုတ်ပေ။ စုန္ဒကပ်သော ဆွမ်းဟင်းကြောင့်ပင် မြတ်ဗုဒ္ဓမှာ အားအင်များပင် ပြည့်ဝလာပါသေး၏။ ယခုလို သွေးဝမ်းလွန်ရောဂါ ခံစားရခြင်းမှာ..ဟိုးရှေးဘ၀တုန်းက..ပြုခဲ့မိသောကံ၏ ၀ဋ်ကြွေးပင်ဖြစ်၏။

ကပတိအနေဖြင့် မြတ်ဗုဒ္ဓတွင် ဆင်ပေါင်းကုဋေတစ်ထောင်ဆောင်နိုင်သော အားအင် ရှိပေ၏။ သို့သော် ယခုတော့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသောကြောင့် မြတ်ဗုဒ္ဓမှာ အားအင်တို့ ကုန်ခန်းသွားတော့လေ၏။

ထိုသို့ ရောဂါဝေဒနာဖြင့် အားအင်လျော့ကျနေပေမယ့်လည်း ဆက်လက်ခရီးဒေသစာရီ ဆက်လက်ကြွချီရန် အရှင်အာနန္ဒအား မိန့်တော်မူလေသည်။ ပါဝါပြည်မှ (၃)ဂါဝဂ် ဝေးကွာသော ကုသိနာရုံပြည်သို့ ဖြစ်၏။

ဤနေရာတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်၌ ပါဝါ နှင့် ကုသိနာရုံသည် (၆)မိုင်ဝေးကွာသည်ဟု ဟောထားသေးပါ၏။ ၁ဂါဝဂ်လျှင် ၂မိုင် နှုန်းဖြင့် (၆)မိုင်ဝေးကွာမည်ဟု ဟောထားသည်။

မြတ်ဗုဒ္ဓ ဒီခရီးကို ကဆုန်လပြည့်နေ့မှာပဲ ကြွတော်မူခဲ့ခြင်းဖြစ်၏။

အမှန်ဆိုလျင်…ရာသီဥတုကလည်း အလွန်ပူပြင်းနေသော ကဆုန်လဖြစ်၏။ ပရိနိဗ္ဗာန်စံဝင်ခါနီး၍ သွေးဝမ်းလွန်ရောဂါကြောင့် ဘုရားကိုယ်တော်မြတ်မှာ အလွန်ပင် အားအင်ကုန်ခန်းနေသော အချိန်ဖြစ်၏။ ထိုသို့ ပင်ပန်းစွာခံစားနေသည့်ကြားမှ ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိ၏။

သုဘဒ္ဒပုရိဗိုဇ်ကြီးကို ချေချွတ်တော်မူဖို့ရန်ဖြစ်၏။ သုဘဒ္ဒသည် ထိုကုသိနာရုံတွင် ရှိသည်။ သူသည် ဘုရားကိုယ်တော်မြတ်၏ တရားစကားကို နာလိုက်ရလျင်ပင် သစ္စာကိုသိမြင်ကာ နောက်ဆုံးသာဝကဖြစ်ပေလိမ့်မည်။ ထိုသုဘဒ္ဒ၏ တရားထူးမြင်မည့် အကျိုးစီးပွားကို မြင်တော်မူ၍သာ ကုသိနာရုံသို့ မြတ်ဗုဒ္ဓမှာ အပင်ပန်းခံ၍ ကြွချီတော်မူခြင်းဖြစ်၏။

ထို့ပြင် အတိုင်းတိုင်း အပြည်ပြည်မင်းတို့၏ ဆရာဖြစ်သော ပုဏ္ဏားဒေါနကြီးသည်လည်း ထိုအရပ်၌ပင်ရှိ၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးလျင် ကျန်ရှိသော ဓာတ်တော်များကို ခွဲဝေပါက စီမံပေးမည့်သူသည်လိုပေ၏။ ထိုသို့ စီမံဝေပေးမည့်သူမရှိလျင် အတိုင်းတိုင်းအပြည်ပြည်မင်းတို့ အကြား ဓာတ်တော်လုပွဲကြီးဖြစ်၍ စစ်ပွဲပင် ဖြစ်နိုင်မည်ကို ကြိုတင်၍သိတော်မူ၏။ ထိုသို့သွေးချောင်းစီး စစ်ပွဲများ မဖြစ်ရလေအောင် ထိုအရပ်သို့ ကြွတော်မူရခြင်းလည်းဖြစ်၏။


မြတ်ဗုဒ္ဓသည် နောက်ဆုံးအချိန်လေးအထိ သတ္တ၀ါတို့အတွက် ပြည့်ပြည့်စုံစုံနှင့် ကောင်းစွာ အလုပ်လုပ်သွားခဲ့လေသည်။ ကိုယ်တော်မြတ်ကိုယ်တိုင် ဘယ်လောက်ပင်ပန်းနေပါစေ သတ္တ၀ါတစ်ဦးတစ်ယောက် သစ္စာမြင်သိမည့် အရေးဆိုလျင် ကိုယ်တော်တိုင် ကြွချီတော်မူလေသည်။ ခရီးဘယ်လောက်ဝေးနေပါစေ ရောက်အောင်သွားပြီး တရားဟောခဲ့၏။ အမှန်တရားကို ရှင်းလင်းဟောပေး၏။ လမ်းမှန် အကျင့်ကောင်းကို ညွှန်ပြပေး၏။ နောက်ဆုံး… စိတ်အညစ်အကြေးများ ကင်းစင်အောင် ဆုံးမပေးခဲ့၏။ တကယ်ပင် ကျေးဇူးကြီးမားလှပေသည်။


ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘုရားဂုဏ်တော်ကို ပေါ်လွင်စေသော စာပိုဒ်လေးကို ဖော်ပြလိုပါသည်။


“ ဗုဒ္ဓမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည့် ကဆုန်လပြည့်နေ့၌ နံနက်ပိုင်းတွင် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ဆွမ်းကို ဘုန်းပေးပြီးသောအခါ ၀မ်းသွေးသွန်သော ရောဂါ အကြီးအကျယ်နှိပ်စက်နေ၍ သုဘဒ္ဒပုရိဗိုဒ်၏ တရားထူးရမည့်အရေးကို မြင်တော်မူ၍ သုဘဒ္ဒပုရိဗိုဒ်အား သနားတော်မူသဖြင့် ပါဝါမြို့မှ ကုသိနာရုံအထိ ၃ဂါဝဂ် ၆မိုင်ဝေးကွာသော ခရီးကို ပင်ပန်းကြီးစွာဖြင့် ၂၅ပါးသော ဋ္ဌာနတို့၌ နားကာနားကာ ကြွချီတော်မူလေသည်။ ထိုသို့ကြွချီတော်မူခြင်းမှာ သုဘဒ္ဒအားသနားတော်မူသော မဟာကရုဏာတော်ကြောင့်ဖြစ်ပါ၏။ ထိုမဟာကရုဏာတော်ဖြင့် သနားခြင်းကြီးစွာဖြင့် ပင်ပန်းဆင်းရဲစွာ ကြွချီတော်မူသော ဗုဒ္ဓမြတ်စွာဘုရားကို တပည့်တော်တို့သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။ ”


ပြင်းထန်စွာ ခံစားနေရသော ရောဂါဝေဒနာကို သည်းခံတော်မူပြီး ရှိသမျှအားအင်ကိုယူကာ..ကုသိနာရုံပြည်သို့ ကြွတော်မူခဲ့လေပြီ။

(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော် နာယူမှတ်သားပြီး ရေးသားထားသည်။
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး
မြတ်ဗုဒ္ဓ ၄၄၀ါပြည့်ပြီး ၄၅၀ါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏ သရက်တောဥယျာဉ်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့၏။ အမ္ဗပါလီအမျိုးကောင်းသမီးက..မြတ်ဗုဒ္ဓအား သရက်တောဥယျာဉ်ကြီးနှင့်တကွ သရက်တောကျောင်းတိုက်ကိုပါ..လှူဒါန်းခဲ့လေသည်။ ထိုကျောင်းတိုက်မှ ခရီးဒေသစာရီကြွချီတော်မူရန် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား..

ငါဘုရား၏ထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ..
“အကြင်အရပ်၌ ဝေဠုဝရွာငယ်သည် ရှိ၏။ ဝေဠုဝအမည်ရှိသော ထိုရွာငယ်ဆီသို့ သွားကြကုန်စို့” ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာကလည်း…
“ဘုန်းတော်ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ” ဟု ၀န်ခံတော်မူ၏။

ထို့နောက် သံဃာတော် (၅၀၀)နှင့်တကွ ခြံရံလျက် အမ္ဗပါလီသရက်တောကျောင်းတိုက်မှ ဝေဠုဝရွာငယ်လေး ဆီသို့ ခရီးဒေသစာရီကြွချီတော်မူခဲ့၏။ ၀ါဆိုခါနီး ထိုရွာငယ်လေးသို့ ရောက်ရှိခဲ့လေ၏။ ဝေဠုဝရွာလေးမှာ ရွာသိမ်ရွာငယ်လေးပင် ဖြစ်၏။ ထို့ကြောင့် လူသွားလူလာနည်း၍ တိတ်ဆိတ်အေးချမ်း၏။

မြတ်ဗုဒ္ဓတို့သည် ထိုသို့သော တိတ်ဆိတ်သောနေရာ၊
ပရိသတ်နည်းသော နေရာ၊
လူသွားလူလာနည်းသောနေရာ၊
လူသံသူသံနည်းသောနေရာမျိုးကို မွေ့လျော်လေ၏။

ထိုရွာလေးမှာ သံဃာ(၅၀၀)ကို မထိန်းနိုင်သော ရွာလေးဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက..သံဃာတော်တို့အား ဝေသာလီမြို့၏ ပတ်ဝန်းကျင်အရပ်တို့၌ ၀ါကပ်ကြရန် မိန့်တော်မူလေ၏။ မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင်မှာတော့ ထိုရွာငယ်လေးမှာပဲ ၀ါကပ်တော်မူလေ၏။

ထိုသို့ နောက်ဆုံးဝါဆိုသောအချိန်အခါ..မြတ်ဗုဒ္ဓမှာ ပြင်းထန်ကြမ်းတမ်းသော ရောဂါဝေဒနာ ကပ်ရောက်ခဲ့လေသည်။ နှိပ်စက်ခဲ့လေသည်။ ထိုရောဂါသည် ပရိနိဗ္ဗာန်စံယူလောက်သော ရောဂါဖြစ်လေသည်။ သွေးဝမ်းလွန်သော ရောဂါဖြစ်၏။ သက်တော်အားဖြင့်လည်း (၈၀)ထဲသို့လည်း ရောက်ရှိနေလေပြီ။ သက်တော်(၈၀)အရွယ် ကိုယ်တော်မြတ် ရူပကာယနှင့် ပက်သက်၍ ကိုယ်တော်မြတ်ကိုယ်တိုင် အရှင် အာနန္ဒာအား အခုလို မိန့်ထားဖူးလေသည်။


“ငါဘုရားထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ…
ငါဘုရားရဲ့ ရုပ်ရူပကာယကို ပမာနှိုင်းပြရပါမူကား…
ယိမ်းယိုင်နဲ့နေသော၊ အိုနေသော လှည်းအိုကြီးကို ကြိုးတွေဖြင့် တုပ်ဆိုင်းထားခြင်းဖြင့် မျှတပြီးနေလေသကဲ့သို့ ..
ထိုအတူပဲ ငါဘုရားရဲ့ ရုပ်ရူပကာယတော်သည်လည်း အရဟတ္တဖလသမာပတ်တည်းဟူသော အတုပ်အဆိုင်းဖြင့် မျှတနေရပါတယ်”

ဟု မိန့်တော်မူလေသည်။..

ပြိုလဲတော့မည့် လှည်းအိုကြီးကို ဟိုဘက်ဒီဘက်မှ ကြိုးများဖြင့် တုပ်ဆိုင်းထားရသလို.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရူပကာယကိုလည်း ပြိုလဲမသွားအောင် ဖလသမာပတ်ဝင်စားခြင်းဖြင့် တုပ်ဆိုင်းထားရခြင်းဖြစ်၏။


ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အလောင်းတော်အဖြစ်နှင့် တရားအားထုတ်စဉ်ကလည်းပဲ အပြင်းအထန် ကြိုးစားခဲ့ရလေသည်…အဲဒီ့နောက်…သစ္စာလေးချက် ဓမ္မနက်ကို သိမြင်ပြီး မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက်လည်းပဲ..၄၅ နှစ်တိုင်တိုင် တရက်လေးမှပင် အနားမယူခဲ့ရ၊ သတ္တ၀ါတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူခဲ့ရလေ၏။ တစ်နေ့တာ ၂၄နာရီတွင် သုံးနာရီကြာမျှသာ ဘုရားကိုယ်တော်မြတ် သက်သက်သာသာနှင့် အနားယူချိန်ရှိလေ၏။ ကျန်သောအချိန်များတွင် အမြဲပင် အလုပ်လုပ်ခဲ့ရလေ၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်တာကာလအတွင်း အချိန်ကို ၁စက္ကန့်လေးမျှပင် အချည်းအနှီး မဖြစ်စေခဲ့။

နေ့စဉ်နေ့တိုင်းပင်
ရဟန်းတော်များအား ကမ္မဋ္ဌာန်းတရားပေးတော်မူရ၊
ဒကာဒကာမတို့အား တရားဟောကြားတော်မူရ၊
လျှောက်ထားမေးမြန်းမှုတို့ကိုလည်း ဖြေဆိုဟောကြားတော်မူရ၊
ကျွတ်ထိုက်သော သတ္တ၀ါတို့ကိုလည်း တစ်ဦး တစ်ယောက် တစ်ပါးလေမျှမကျန်အောင် ဆင်ခြင်တော်မူရ၊
ပြီးနောက် ထိုသတ္တ၀ါရှိရာအရပ်သို့ပင် ရောက်အောင်သွားပြီး တရားဟောတော်မူရ… စသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်မှာ သတ္တ၀ါအားလုံးတို့အတွက် အလုပ်လုပ်ခဲ့ရပေ၏။


ထိုကဲ့သို့ နေ့နေ့ညည မပြတ် အလုပ်လုပ်ခဲ့ရပြီး…ယခုတော့ သက်တော် ၈၀ သို့ ချဉ်းကပ်နေလေပြီ။ နောက်ဆုံး အရွယ်သို့ ရောက်နေလေပြီ။ ရောဂါဝေဒနာကလည်း ပြင်းပြင်းထန်ထန် နှိပ်စက်နေလေပြီ။ ထို့ကြောင့် ရုပ်ရူပကာယမှာ ခံနိုင်ရည်မရှိတော့ပြီ။ လဲပြိုမသွားအောင် ဖလသမာပတ်များ ၀င်စားခြင်းဖြင့် ခန္ဓာကိုယ်ကို ထိန်းထားရလေသည်။

ဖလသမာပတ်မှာ (၃)မျိုးရှိပေ၏။
1. မဂ္ဂါနန္တရ ဖလ သမာပတ်
2. ၀ဠဉ္ဇန ဖလ သမာပတ်
3. အာယုသင်္ခါရ ဖလ သမာပတ် (အာယုပါလန) တို့ဖြစ်၏။
(ref: ဖလသမာပတ် ၃ မျိုး၊ စာ-၂၉၃၊ ဖျာပုံတိုက်ဆရာတော်- သုတေသနသရုပ်ပြအဘိဓာန်)

မဂ္ဂါနန္တရ ဖလ သမာပတ် ဆိုသည်မှာ မဂ်ကျပြီး ဖြစ်လာသော ဖိုလ်ဇောများဖြစ်သည်။

ဝဠဉ္ဇန ဖလ သမာပတ် ဆိုသည်မှာ…
စိတ် စေတသိက် စိတ္တဇရုပ်တို့ကို ခေတ္တငြိမ်းအေးစေ၍ သုခရေး သက်သက် သုံးသပ်ခံစားနေသော ဖလသမာပတ်ဖြစ်သည်။ သင်္ခတနိမိတ်တို့ကို မျက်နှာလွဲပြီး အသင်္ခတနိဗ္ဗာန်ကို အာရုံပြု ချမ်းချမ်း သာသာ နေခြင်းဖြစ်၏။ နိဗ္ဗာန် ချမ်းသာ ကို လက်တွေ့အာရုံပြုနေခြင်းဖြစ်၏။

အာယုသင်္ခါရ ဖလသမာပတ် ဆိုသည်မှာ ရောဂါဝေဒနာနှိပ်စက်ခြင်းမှ သက်သာ ငြိမ်းအေးစေပြီး အသက်နှင့် ခန္ဓာကို စောင့်ရှောက် ထိန်းသိမ်းသော ဖလသမာပတ်ဖြစ်၏။ ထိုဖလသမာပတ်ဝင်စားခြင်းဖြင့် ရောဂါတို့ကို သက်သာသွားစေသည်။ အသက်ကို ရှည်စေသည်။

ယခုဝေဠုဝရွာငယ်လေးတွင်လည်း...မြတ်ဗုဒ္ဓသည် ဖလသမာပတ် ၀င်စားခြင်းဖြင့် ပြင်းစွာခံစားနေရသော အနာရောဂါငြိမ်းစေပြီး ပြန်လည် ကျန်းမာတော်မူလာလေပြီ။

(ဆက်ရန်ရှိသေးသည်။)

အောက်ပါတရားတော်အား နာယူမှတ်သားပြီး ရေးသားထားသည်။
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး
မင်းကွန်းဆရာတော်ဘုရားကြီး - အာဋာနာဋိယသုတ်-၂
[youtube]http://www.youtube.com/watch?v=PRBHMmYNtQY[/youtube]
မင်းကွန်းဆရာတော်ဘုရားကြီး - အာဋာနာဋိယသုတ်-၁
[youtube]http://www.youtube.com/watch?v=ORK8cgSgi8g[/youtube]
ပုဗ္ဗဏှသုတ် (video)
7:58 AM | Author: sankooo
ပုဗ္ဗဏှသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=Z9NrImHKSyk[/youtube]
ဗောဇ္ဈင်္ဂသုတ် (video)
5:07 AM | Author: sankooo
ဗောဇ္ဈင်္ဂသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=AOMO4sKYlKk[/youtube]
ဝဋ္ဋသုတ် (video)
11:18 PM | Author: sankooo
ဝဋ္ဋသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=gUTdPrS5arY[/youtube]
ဝဋ္ဋသုတ် (video)
11:18 PM | Author: sankooo
ဝဋ္ဋသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=gUTdPrS5arY[/youtube]
ခန္ဓသုတ် (video)
2:17 AM | Author: sankooo
ခန္ဓသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=emhuseZiyGM[/youtube]
ခန္ဓသုတ် (video)
2:17 AM | Author: sankooo
ခန္ဓသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=emhuseZiyGM[/youtube]
မေတ္တသုတ် (video)
1:25 AM | Author: sankooo
မေတ္တသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

[youtube]http://www.youtube.com/watch?v=paJCDd0kxZc[/youtube]
ရတနသုတ် (video)
1:08 AM | Author: sankooo
ရတနသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

[youtube]http://www.youtube.com/watch?v=T3gHYrGR50o[/youtube]
မင်္ဂလသုတ် (video)
1:06 AM | Author: sankooo
မင်္ဂလသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

[youtube]http://www.youtube.com/watch?v=wvxwm6FsuS8[/youtube]
မင်းကွန်းတိပိဋကဓရ ဦးဝိစိတ္တသာရာဘိဝံသ ဟောကြားတော်မူသော ပရိတ်ကြီး (၁၁)သုတ် ဗီစီဒီအခွေကို..၀ါဆိုလပြည့်နေ့မတိုင်ခင်က..သူငယ်ချင်းတစ်ယောက်ဆီက ငှားယူဖြစ်ခဲ့တယ်။..
ဝါဆိုလပြည့်နေ့မနက်တုန်းက..ဖွင့်ထားရင်း..ဒီပရိတ်ကြီးဗီဒီယိုဖိုင်တွေကို တင်လိုက်ရင်ကောင်းမှာပဲလို့.အကြံပေါ်ပြီး တင်ပေးလိုက်ပါတယ်။
ဒါပေမယ့် ဒီခွေထဲမှာက..မောရသုတ်နဲ့..အင်္ဂုလိမာလသုတ် ပါမလာဘူး..
အဲတော့အခွေထဲမှာ..ပါတာကိုပဲ တင်ထားလိုက်ပါတယ်။

  1. ရှေးဦးတရားစာပိုဒ်များ (နတ်ပင့်)

  2. မင်္ဂလသုတ်

  3. ရတနသုတ်

  4. မေတ္တသုတ်

  5. ခန္ဓသုတ်

  6. ၀ဋ္ဋသုတ်

  7. ဓဇဂ္ဂသုတ်

  8. အာဋာနာဋိယသုတ်

  9. ဗောဇ္ဈင်သုတ်

  10. ပုဗ္ဗဏှသုတ်


ရှေးဦးတရားစာပိုဒ်များ (နတ်ပင့်)

[youtube]http://www.youtube.com/watch?v=nhl2xVXkD5c[/youtube]


new

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက..ပဉ္စ၀ဂ္ဂီတို့အား..အစွန်းတရားတွေရှောင်ရှားဖို့ နှင့်၊

အလယ်အလတ်ကျင့်စဉ်ကို လိုက်နာကျင့်သုံးကြဖို့..ဟောပြီးတဲ့နောက်..

သစ္စာလေးပါးတရားကို အခုလို ဟောတော်မူပါသည်။
ဘိက္ခဝေ-ရဟန်းတို့၊ အို ချစ်သားတို့..

ဆင်းရဲအမှန်တရားကို ပိုင်းပိုင်းခြားခြား သိရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့လာခဲ့ပြီ။

ဆင်းရဲဖြစ်ကြောင်းအမှန်တရားကို ပယ်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့ခဲ့ပြီ။

ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရားကို ဥာဏ်နဲ့မျက်မှောက်ထင်ထင် ဆိုက်ရောက်သိမြင်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ သဘောပေါက်လာခဲ့ပြီ သိလာတွေ့လာခဲ့ပြီ။

ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန်တရားကို မိမိသန္တာန်မှာဖြစ်ပွားအောင် အားထုတ်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့လာခဲ့ပြီ။

ဟု မြတ်ဗုဒ္ဓက ဟောလေ၏။

new
ဓမ္မစကြာပထမပိုင်း၌ဖော်ပြခဲ့သည့်အတိုင်း အယုတ်တရား (၂)ပါးကို ရှောင်ရှားရမည်ဟု..မြတ်ဗုဒ္ဓက စတင် ဟောတော်မူခဲ့သည်။
“ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်” ဟူသော အဓိပ္ပါယ်ဖြင့် မြတ်ဗုဒ္ဓက..ဓမ္မစကြာတရားတော်ကို စတင်ခဲ့ခြင်းဖြစ်၏။
ထိုစာကြောင်းတွင်လည်း ရဟန်း အဖြစ်သို့ ကပ်ရောက်သော ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ဖွင့်ထားပါသော်လည်း..သံဃာတော်တွေချည်းသက်သက်ကိုပဲ ရည်ရွယ်ပြီးဆိုထားခြင်း မဟုတ်ပေ။ လူပုဂ္ဂိုလ်များလည်း ပါဝင်ပါ၏။ ရဟန်းဆိုသည်မှာလည်း (၂)မျိုးရှိ၏။
သုတ္တန်ရဟန်း နှင့် ၀ိနည်းရဟန်း တို့ဖြစ်သည်။

သုတ္တန်ရဟန်းဆိုသည်မှာ ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အကျင့် တခုခုကို ကျင့်ကြံပွားများနေသော ယောကျာင်္း (သို့) မိန်းမ လူဝတ်ကြောင် ဖြစ်ချင်ဖြစ်မည် (သို့မဟုတ်ပါက) ဘုန်းကြီးလည်း ဖြစ်ချင်ဖြစ်နိုင်သည်။

ဝိနည်းရဟန်းဆိုသည်မှာ သိမ်တွင် သံဃာတော်တို့ဖြင့် ၀ိနည်းသိက္ခာတင်ပေးထားသော ရဟန်းကို ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ရဟန်းအဖြစ်သို့ ကပ်ရောက်သော ပုဂ္ဂိုလ်ဆိုသည်မှာ..
မြတ်ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အကျင့် တခုခုကို ကျင့်ကြံပွားများ အားထုတ်နေသည့်၊ အားထုတ်တော့မည့် ပုဂ္ဂိုလ်ဟု အဓိပ္ပါယ် ရပါသည်။ ထို ပုဂ္ဂိုလ်မှာလည်း ၀ိနည်းရဟန်းလည်း ဖြစ်ချင်ဖြစ်မည်၊ သုတ္တန်ရဟန်းလည်း ဖြစ်ချင်ဖြစ်မည်။ သံဃာတော်လည်း ဖြစ်ချင်ဖြစ်မည် လူဝတ်ကြောင်လည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်သူပဲဖြစ်ဖြစ် ထိုသို့ ကျင့်ကြံပွားများသည့်အခါမှာ..အစွန်း (၂)ပါး၊ (သို့) အယုတ်တရား (၂)ပါးတို့ကို ရှောင်ရှားရမည်ဟု ဆိုခြင်းဖြစ်ပါသည်။ ထိုကြောင့် သံဃာတော်များ အပါအ၀င် လူပုဂ္ဂိုလ်များကိုပါ..အယုတ်တရား (၂)ပါးကို ရှောင်ရှားရမည်ဟု မြတ်ဗုဒ္ဓက..ဟောတော်မူခြင်းဖြစ်၏။

အယုတ်တရား (၂)ပါးဆိုသည်မှာလည်း ကာမသုခလ္လိကနုယောဂ နှင့် အတ္တကိလမထာနုယောဂ တို့ဖြစ်သည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ အနည်းငယ်ထပ်ပေါင်း ပြောဆိုရလျင်..

ကာမသုခလ္လိကာနုယောဂ ဆိုသည်မှာ..
တရားသဘောဖြင့် လောဘဖြစ်သည်။ ဒိဋ္ဌိသဘောဖြင့် သဿတဒိဋ္ဌိဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်သဘောဖြင့် တဏှာဦးဆောင်သော အားထုတ်မှု အစွန်းတရားဖြစ်သည်။

အတ္တကိလမထာနုယောဂ ဆိုသည်မှာ..
တရားသဘောဖြင့် ဒေါသဖြစ်သည်။ ဒိဋ္ဌိသဘောဖြင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်သဘောဖြင့် အ၀ိဇ္ဖာဦးဆောင်သော အားထုတ်မှု အစွန်းတရားဖြစ်သည်။

ထို အစွန်းတရား (၂)ပါးတို့၌ မကပ်ညိပါဘဲ….
တနည်းအားဖြင့်…အ၀ိဇ္ဇာဘက်ကိုလည်း မညိ၊ တဏှာဘက်ကိုလည်း မညိ
ဒေါသဘက်ကိုလည်း မရောက်၊ လောဘဘက်ကိုလည်း မရောက်
ဥစ္ဆေဒဒိဋ္ဌိဘက်ကိုလည်း မဖြစ်၊ သဿတဒိဋ္ဌိဘက်ကိုလည်း မဖြစ်ဘဲ..မှန်ကန်စွာ ဥာဏ်မျက်စိကို ပြုစေတတ်သော လမ်းစဉ်မှာ…
အလယ်အလတ် အကျင့် မဇ္ဈိမပဋိပဒါပင်ဖြစ်၏။
ထိုအလယ်အလတ် ကျင့်စဉ် ဆိုသည်မှာ မဂ္ဂင်(၈)ပါး ပင်ဖြစ်၏။
1. သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း
2. သမ္မာသင်္ကပ္ပ = မှန်စွာကြံခြင်း
3. သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း
4. သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း
5. သမ္မာအာဇီဝ = မှန်စွာအသက်မွေးခြင်း
6. သမ္မာဝါယာမ = မှန်စွာအားထုတ်ခြင်း
7. သမ္မာသတိ = မှန်စွာအမှတ်ရခြင်း
8. သမ္မာသမာဓိ = မှန်စွာစူးစိုက် တည်ကြည်ခြင်း

ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိမဂ္ဂင်တခု တည်းကို ကျင့်သုံးပါက.မဇ္မျိမပဋိပဒါ ဖြစ်သည်။ သမ္မာဒိဋ္ဌိကို ကျင့်သုံးနေလျင် ကျန်သော မဂ္ဂင်များ အလိုလို တွဲစပ်၍ ဖြစ်လာပါတော့သည်။ သမ္မာဒိဋ္ဌိနဲ့ တွဲစပ်မည့် သင်္ကပ္ပသည်..သမ္မာသင်္ကပ္ပ ဖြစ်လာမည်။ မိစ္ဆာသင်္ကပ္ပ မဖြစ်တော့။ ထို့အတူပဲ သမ္မာဒိဋ္ဌိနဲ့ အတူဖြစ်မည့် ၀ါစာသည်လည်း..သမ္မာဝါစာပဲဖြစ်ပေလိမ့်မည်။
အဓိပ္ပါယ်မှာ..မှန်စွာသိမြင်ခြင်း တခုတည်း ကျင့်သုံးလိုက်သည်နှင့်..မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း..စသော ကျန်မဂ္ဂင်(၇)ပါးတို့မှာ..အခြံအရံအဖြစ် အလိုလို လိုက်ပါလာတော့သည်။…ထိုကြောင့် မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့အား…
သင်ချစ်သားတို့ စိတ်အာရုံတွေ မများကြနဲ့..အလုပ်ကိစ္စတွေ ထွေပြားမနေတော့နဲ့..
သမ္မာဒိဋ္ဌိကိုပဲ ပိုင်ပိုင်နိုင်နိုင် ကိုင်ကြလော့..
သင်ချစ်သားတို့ ပထမမဂ္ဂင် သမ္မာဒိဋ္ဌိဖြစ်ရင်..ကျန်တဲ့မဂ္ဂင်(၇)ပါးလုံးဟာ..နောက်ကလိုက်လာသလို..အကုန်လုံး စုံလို့ ပြုံလျက်..မခေါ်ပါဘဲ လိုက်လာကြပါလိမ့်မည်။

ဟု ဟောလေ၏။

ထို့ကြောင့် သမ္မာဒိဋ္ဌိသည် ရှေးဦးစွာ အရေးကြီးပါ၏။ သမ္မာဒိဋ္ဌိမရှိရင် မှန်ကန်သော ကျင့်စဉ်ပေါ်မရောက်။ မှန်ကန်သော ကျင့်စဉ်ပေါ်မရောက်လျင် နိဗ္ဗာန်ကို မရနိုင်ပေ။
သမ္မာဒိဋ္ဌိတွင်လည်း (၅)မျိုးရှိပါသည်။

1. ကမ္မဿကတာသမ္မာဒိဋ္ဌိ
2. ဈာနသမ္မာဒိဋ္ဌိ
3. ၀ိပဿနာသမ္မာဒိဋ္ဌိ
4. မဂ္ဂသမ္မာဒိဋ္ဌိ
5. ဖလသမ္မာဒိဋ္ဌိ….တို့ဖြစ်ကြသည်။

ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုသည်မှာ..အကြောင်းအကျိုးစပ်လျက် ယုံကြည်နားလည်ခြင်းဖြစ်၏။ အကြောင်းကံရှိလို့ အကျိုးကံတွေဖြစ်တာပဲ..အကြောင်းမကောင်းလျင် အကျိုးလည်း မကောင်းဘူး၊ အကြောင်းကောင်းရင်တော့ အကျိုးလည်း ကောင်းမှာပဲ ဟု..နားလည်လက်ခံခြင်းဖြစ်သည်။ ဤသမ္မာဒိဋ္ဌိမှာ အခြေခံဖြစ်၏။ အရေးကြီးဆုံးလည်း ဖြစ်၏။ ထိုသို့ အကြောင်းအကျိုးသဘောကို စူးစူးစိုက်စိုက် နားမလည်ပါဘဲ....သူဟာသူဖြစ်ချင်သလိုဖြစ်နေတာပဲ..ဒါမှမဟုတ်..ဗြဟ္မာကြီးကဖန်ဆင်းတာ..ဘုရားသခင်က ဖန်ဆင်းတာ..မိုးနတ်မင်းက.မစတာ..စသဖြင့် ယုံကြည်ထားခြင်းမျိုးတို့သည်..ကမ္မဿကတာသမ္မာဒိဋ္ဌိ မဖြစ်။ မှန်မှန်ကန်ကန် မမြင်သေးခြင်းဖြစ်၏။ ကံ-ကံ၏အကျိုးတို့ကို ကြောင်းကျိုးစပ်နားလည်ပါမှ..ကောင်းမှုတို့ကို လုပ်ချင်စိတ်တွေဖြစ်လာမည်။ ထိုသမ္မာဒိဋ္ဌိလေးအခြေခံပါမှ..ကောင်းတာများကို ကြံဆောင်လာမည်၊ ကောင်းသောစကားတို့ကို ပြောချင်လာမည်၊ ကောင်းသော အသက်မွေးမှုတို့ကို လုပ်ချင်လာမည်..စသော အကျိုးကျေးဇူးများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ကမ္မဿကတာသမ္မာဒိဋ္ဌိမှာ အရေးကြီးသည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ရောက်ကြောင်းတရားပင်ဖြစ်၏။

ဈာနသမ္မာဒိဋ္ဌိဆိုသည်မှာ..ရူပဈာန်၊ အရူပဈာန်များမှာလာသော ဥာဏ်ပညာကို ခေါ်ဆို၏။ သမာဓိတည်ကြည်အောင် ကျင့်သောလုပ်ငန်းစဉ်တို့တွင် မှန်မှန်ကန်ကန် မြင်ခြင်းဖြစ်သည်။ ထိုဈာနသမ္မာဒိဋ္ဌိသည်လည်း ၀ိပဿနာ၏အခြေခံဖြစ်လျင်..နိဗ္ဗာန်ရောက်ကြောင်းတရားပင် ဖြစ်ပါ၏။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ နှင့် ဈာနသမ္မာဒိဋ္ဌိ တို့သည် မဂ်ဖိုလ်နိဗ္ဗာန်ရဖို့..အခြေခံတရားများ ဖြစ်သောကြောင့် ထိုသမ္မာဒိဋ္ဌိ (၂)ပါးကို “မူလမဂ္ဂင်” ဟုလည်း ခေါ်၏။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုသည်မှာ..၀ိပဿနာဥာဏ်ဖြစ်၏။ အရှု့ခံ ပေါ်တွင် ရှု့ဥာဏ်ဖြင့် ရုပ်/နာမ်တို့၏ ဖြစ်ပျက်တို့ကို မှန်မှန်ကန်ကန်မြင်ခြင်းဖြစ်သည်။ အရှု့ခံဆိုသည်မှာ ခန္ဓာငါးပါးထဲမှာ တပါးပါးကိုဆိုလိုသည်။ ရုပ်ဖြစ်ချင်လည်း ဖြစ်မည် နာမ်ဖြစ်ချင်လည်းဖြစ်မည်။ ၀ိပဿနာသမ္မာဒိဋ္ဌိဖြင့် ၀ိပဿနာအလုပ်ကို လုပ်နေစဉ်ဝယ်..ခန္ဓာကိုယ်ကြီးကို ယောကျာင်္း မိန်းမ စသည်ဖြင့် မမြင်တော့ဘဲ..ဖြစ်/ပျက်ကိုသာ မြင်ခြင်းဖြစ်သည်။ ထိုကြောင့် လောဘတရား၊ ဒေါသတရား၊ မောဟတရားတို့ မ၀င်လာနိုင်တော့။ ထိုဝိပဿနာသမ္မာဒိဋ္ဌိဖြင့် သဘောမှန်ကို သိနေလျင် သာယာဖွယ်အာရုံနှင့် တွေ့ပါသော်လည်း သာယာမှုရာဂ မဖြစ်တော့။ ကာမသုခလ္လိကနုယောဂဘက် သို့ မကပ်ညိခြင်းဖြစ်၏။ သုံးဆောင်သင့်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ကို သုံးဆောင်၏။ လုံးလုံး မသုံးဆောင်ဘဲ နေတာမဖြစ်လို့ ကိုယ်ပင်ပန်းအောင်ကျင့်သော အတ္တကိလမထာနုယောဂလည်း မဖြစ်တော့ပေ။ တင်းလွန်းတာလည်းမဟုတ်၊ လျော့လွန်းတာလည်းမဟုတ်ဘဲ..အလယ်အလတ်ကျင့်စဉ်ဖြစ်တော့သည်။
ဝိပဿနာသမ္မာဒိဋ္ဌိသည်.. ခန္ဓာ ကိုလည်းစွန့်၏၊ တဏှာကိုလည်း စွန့် နိုင်၏။

ဝိပဿနာဥာဏ်တွေ ပြည့်စုံသောအခါ..မဂ္ဂသမ္မာဒိဋ္ဌိဟု ခေါ်သော အရိယာမဂ်ဥာဏ် ဖြစ်ပေါ်လာတော့သည်။ မဂ္ဂသမ္မာဒိဋ္ဌိ - အရိယာမဂ်ဥာဏ်သည် ခန္ဓာကိုလည်း စွန့်၏၊ တဏှာကိုလည်း စွန့်၏၊ နိဗ္ဗာန်ကိုပါ မြင်တော့သည်။

ဖလသမ္မာဒိဋ္ဌိဆိုသည်မှာ အရိယာမဂ်၏ အကျိုးတရားပင်ဖြစ်၏။ အထူးတလည်အားထုတ်စရာမလို။ဖလသမ္မာဒိဋ္ဌိသည်လည်း.. ခန္ဓာကိုလည်း စွန့်၏၊ တဏှာကိုလည်း စွန့်၏၊ နိဗ္ဗာန်ကိုပါ မြင်၏။ အချောသတ် ကိလေသာတို့ကို ငြိမ်းသတ်ခြင်းနှင့် တူပေ၏။

ထိုကြောင့် သမ္မာဒိဋ္ဌိဖြစ်လျင် ကျန်မဂ္ဂင်တို့ စုပြုံ ယှဉ်တွဲလျက်..နိဗ္ဗာန်တိုင်အောင်ပင် အကျိုးပေးလေသည်။

(ဆက်ပါဦးမည်။)

အောက်ပါတရားတော်ကို နာယူလေ့လာပြီး ရေးသားသည်။

ဓမ္မစကြာတရားတော် အပိုင်း (၄)- မင်းကွန်းဆရာတော်ဘုရားကြီး
စာ-၆၀၊ ဓမ္မစကြာတရားတော် (၁)- မဟာစည်ဆရာတော်ဘုရားကြီး
သမ္မာဒိဋ္ဌိငါးမျိုး - အရှင်ဃောသိတ
ဓမ္မစကြာတရားတော် (၁၃၊၈၊၂၀၀၄) အပိုင်း (၃)- ဓမ္မစေတီဆရာတော်
ကျွန်တော် အရှေ့ ပို့စ်တွေမှာ ဓမ္မစကြာ နိဒါန်းအဖြစ်နဲ့ ရေးခဲ့ပါတယ်။
သန္တိကေနိဒါန်း သဘောဖြင့် ရေးခဲ့ခြင်းဖြစ်ပါတယ်။ သန္တိကေနိဒါန်းဆိုတာက..နီးသောအကြောင်း ဖြစ်ပါတယ်။
မဟာဗောဓိမဏ္ဍိုင်မှသည် ဓမ္မစကြာဟောတော်မူခါနီးထိ အပိုင်းကို သန္တိကေနိဒါန်းဟု ဆိုပါတယ် [အရှင်ဇနက ဓမ္မစကြာတရား]။
ဓမ္မစကြာ၏ နီးသောအကြောင်းများအဖြစ်နဲ့
သတ္တဋ္ဌာန ဗုဒ္ဓ၀င်၊ မြတ်ဗုဒ္ဓ နှင့် သဟမ္ပတိဗြဟ္မာကြီး၊ တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း၊ တရားဦးဟောရန် ကြွချီတော်မူခြင်း၊ မိဂဒါဝုန်တောသို့ ရောက်တော်မူုခြင်း..စတဲ့ ပို့စ် (၅)ခုကို ကျွန်တော် ရေးခဲ့ပါတယ်။
အခုတော့..ထိုနိဒါန်းများ ရေးတာပြီးသွားပြီဖြစ်တဲ့အတွက်..ဓမ္မစကြာ တရားတော်ဆီရောက်ပါပြီ။..
ဓမ္မစကြာ
[img: မြန်မာကျူးပစ်မှ ရယူထားသည်။]

မဟာသက္ကရာဇ် (၁၀၃)၊ ၀ါဆိုလပြည့်နေ့ ဖြစ်သည်။
ထိုနေ့၏ ညနေချမ်း နေ၀င်တော့မည့် ဆဲဆဲ အချိန်လေးဖြစ်၏။ ထိုညနေချမ်းအချိန်လေးမှာ…အနောက် လောကဓာတ်တွင် သူရိယနေမင်းကြီးက..၀င်လုခါနီးဆဲဆဲဖြစ်နေပြီ၊ အရှေ့လောကဓာတ်မှလည်း စန္ဒာလမင်းကြီးက..စတင်ပေါ်ထွက်လာလေပြီ။ နေမင်း၏ အရောင် နှင့် လမင်း၏ အရောင်တို့က ကောင်းကင်တခွင်ကို လှပစွာ အလှဆင်ထားလေသည်။
ထိုအချိန်အခါသမယ၊ မိဂဒါဝုန်တောဝယ် ပို၍ပင် သာယာကြည်နူးဖွယ်ပင်ဖြစ်၏။

မြတ်ဗုဒ္ဓ သည် ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောပေတော့မည်။ မြတ်ဗုဒ္ဓတရားဦးအတွက် နတ်ဗြဟ္မာများသည်လည်း တရားနာရန် ကြိုတင်၍ နေရာယူထားကြပြီးဖြစ်၏။ တရားဦးစခါနီးမှ အားခဲပြီး ရောက်ရှိလာသော နတ်ဗြဟ္မာများသည်လည်း နေရာယူနေကြပြီ။ အရေအတွက်အားဖြင့် နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေမျှပင် ရှိသည်။ ထိုတရားနာပရိသတ်တို့တွင် လူသာမာန်အားဖြင့် ပဉ္စ၀ဂ္ဂီ ငါးဦးသာ ရှိသည်။ မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့ ရိုရိုသေသေ ခင်းပေးထားသော နေရာထိုင်ခင်းတွင် ထိုင်တော်မူ၊ ပဉ္စ၀ဂ္ဂီတို့က မြတ်ဗုဒ္ဓ ရှေ့မှောက်တွင် နေရာယူထားလို့၊ နတ်ဗြဟ္မာများမှာတော့ ဘုရားကိုယ်တော်မြတ်၏ ၀ဲယာ အနောက်ဘက် ၀န်းကျင်တို့တွင် အသီးသီး အရိုအသေပြု နေရာယူထားကြလေပြီ။ ပဉ္စ၀ဂ္ဂီတို့ နှင့် နတ်ဗြဟ္မာအားလုံးတို့က..မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာမယ့် တရားဦး ကို အာရုံစိုက်ထား၊ မျှော်လင့်နေကြလေ၏။ ဘေးပတ်ဝန်းကျင်မှလည်း အနှောက်ယှက် အသံဗလံများ မရှိဘဲ၊အေးချမ်း တိတ်ဆိတ် သာယာနေလေသည်။
ထိုအချိန်အခါဝယ်..မြတ်ဗုဒ္ဓက..

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ



ဟု စတင် တရားဟောလေပြီ။
မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာသော ထိုစာပိုဒ်လေးသည်..စကြာဝဠာတိုက် (၁)သောင်းမှ နတ်ဗြဟ္မာများ ကြားအောင် ပျံ့နှံ့ထွက်ပေါ်သွားပါတော့၏။ ဂေါတမမြတ်ဗုဒ္ဓသာသနာတွင်.. တရားဟောသောအနေဖြင့် ပထမဆုံးထွက်ပေါ်လာသော တရားသံဖြစ်၏။ ပထမဆုံး ဓမ္မဖြစ်၏။ ထိုပါဠိတော်စာပိုဒ်လေးဖြင့် မြတ်ဗုဒ္ဓက..သာသနာတော်ကို စတင်လိုက်လေပြီ။
အဓိပ္ပါယ်မှာ…

ဘိက္ခဝေ ရဟန်းတို့၊ အို ချစ်သားတို့..
ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်
ရဟန်းတော်ဆိုတာ ဤဆိုလတံ္တ့သော တရား (၂)မျိုးတို့ကို မမှီဝဲ မသုံးစွဲကောင်းဘူး။

ဟု အဓိပ္ပါယ်ရလေသည်။
မမှီဝဲ မသုံးစွဲကောင်းသော ဤတရား(၂)မျိုးဆိုသည်မှာ..

  1. ကာမသုခလ္လိကာနုယောဂ နှင့်

  2. အတ္တကိလမထာနုယောဂ ..တို့ဖြစ်၏။


ပါဠိစာလုံး အန္တ ဆိုသည်မှာ အယုတ်တရားများ (သို့) အစွန်းတရားများ (သို့) အဖို့ အစု တရားများဟုခေါ်၏။ (ဓမ္မစေတီဆရာတော်)

ပထမ အဖို့အစု တရားဖြစ်သော ကာမသုခလ္လိကာနုယောဂ အကျင့်ဆိုသည်မှာ..
ကာမဂုဏ်အာရုံတို့၌ သာယာတပ်မက်နှစ်သက်ပြီး ခံစားနေခြင်းဖြစ်၏။ ကာမဂုဏ်ကို မှတ်သားထားခြင်း၌ အကြောင်းခံသော အကျင့်ဖြစ်၏။ ၀တ္ထုကာမတို့ကို ကပ်ညိနေခြင်း ဖြစ်၏။ (ဓမ္မစေတီဆရာတော်)
လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို ကာမသုခလ္လိကာနုယောဂ အကျင့်ဟု ခေါ်၏။ (မဟာစည်ဆရာတော်)

ထိုအကျင့်ကို ကျင့်နေခြင်းသည်..
1. ယုတ်ညံ့၏
2. ရိုင်းလည်းရိုင်းပြ၏
3. ပုထုဇဉ်လူတို့ သူသူ ငါငါ နှင့် ဆက်ဆံသော အလုပ်မျိုးလည်း ဖြစ်၏
4. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ
5. အကျိုးမဲ့နှင့်သာ စပ်ဆိုင်၏ (၀ါ) အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏
ထို့ကြောင့် ရှောင်ကြဉ်ရမည့် ပထမ အဖို့အစု တရားပင်ဖြစ်၏။

ဒုတိယအဖို့အစုတရား ဖြစ်သော အတ္တကိလမထနုယောဂအကျင့်ဆိုသည်မှာ…
မိမိကိုယ်ကို အလွန်အကျွံ ပင်ပန်းဆင်းရဲခံ ကျင့်ကြံအားထုတ်သော အကျင့်မျိုးတို့ဖြစ်၏။ ဥပမာဆိုရလျင်..
ကိလေသာ ကုန်ခမ်းသွားအောင် ဆူးပေါ်၌ အိပ်ခြင်း၊ ပူအိုက်သော ရာသီတွင် အရပ်လေးမျက်နှာ မီးပုံကြီးများ အလယ်၌ ကိလေသာကုန်သွားအောင် အပူခံခြင်း၊ အလွန်အေးသော အချိန်၌ ကိလေသာကုန်သွားအောင် မြစ်ထဲသို့ ရေချိုးဆင်းခြင်းတို့ဖြစ်၏။
ထို့ကြောင့် ထိုအကျင့်တို့သည်..အလေ့အစွဲ အကျင့်စွဲတို့ကို အမှီပြု၍၊ အကြောင်းခံ၍ မှားယွင်းစွာ ကျင့်ကြံခြင်း၊ ခန္ဓာကိုယ်၌ မှန်ကန်သော လွတ်မြောက်မှုကို မှားယွင်းစွာ ရှာခြင်းပင်ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်အားဖြင့် ဆိုရလျင်..အ၀ိဇ္ဇာဦးဆောင် တဏှာနောက်လိုက်ဖြစ်သော လမ်းစဉ်မျိုးဖြစ်၏။ (ဓမ္မစေတီဆရာတော်)

ထိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ခြင်းသည်လည်း..
1. ဆင်းရဲကိုသာ ဖြစ်စေတတ်၏။
2. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ။
3. အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏။..
ထို့ကြောင့် ဒုတိယ အဖို့အစု တရားဖြစ်သော အတ္တစွန်းကိုလည်း ရှောင်ကြဉ်ရမည်။

ကာမသုခလ္လိကာနုယောဂအကျင့် ဆိုသည်မှာ ကာမစွန်း ဖြစ်၏။
အတ္တကိလမထာနုယောဂအကျင့်ဆိုသည်မှာ အတ္တစွန်း ဖြစ်၏။
တရားသဘောအားဖြင့်
ကာမစွန်း ဆိုသည်မှာ လောဘပင်ဖြစ်၏။ အတ္တစွန်း ဆိုသည်မှာ ဒေါသ ကို ညွှန်းဆိုသည်။

ထိုသို့ လောဘဘက်ကိုလည်း မလိုက်..ဒေါသဘက်ကိုလည်း မလိုက်ဘဲ..အလယ်လမ်း အကျင့်ဖြစ်သော မဇ္စျိမပဋိပဒါအကျင့်မြတ်ကို မြတ်ဗုဒ္ဓက..ကိုယ်ပိုင်ဥာဏ်ဖြင့် ပိုင်းခြားထင်ထင် သိအပ်မြင်အပ်ခဲ့လေပြီ။
ထို မဇ္ဈိမ ပဋိပဒါအကျင့်မြတ်ကို ကျင့်ကြံခြင်းဖြင့် ရရှိနိုင်သော ဂုဏ်ထူးတို့မှာ..

  1. ဥာဏ်မျက်စိကို ပြုတတ်ခြင်း
  2. ကိလေသာခပ်သိမ်း ကင်းဝေးစေတတ်ခြင်း၊ ငြိမ်းအေးစေတတ်ခြင်း
  3. ထူးသောဥာဏ်ဖြင့် သိအပ်မြင်အပ်ခြင်း
  4. မဂ်ဥာဏ်ဖြင့် သစ္စာ (၄)ပါးတို့ကို သိမြင်နိုင်ခြင်း
  5. နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန် အကျိုးပေးခြင်း ..တို့ဖြစ်၏။

ထို့သို့ နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်သော အလယ်အလတ် လမ်းစဉ်မှာ..မဂ္ဂင် (၈)ပါးပင် ဖြစ်၏။ မဂ္ဂင် (၈)ပါး တို့မှာ..

  1. သမ္မာဒိဋ္ဌိ
  2. သမ္မာသင်္ကပ္ပ
  3. သမ္မာဝါစာ
  4. သမ္မာကမ္မန္တ
  5. သမ္မာအာဇီဝ
  6. သမ္မာဝါယာမ
  7. သမ္မာသတိ
  8. သမ္မာသမာဓိ….

တို့ပင် ဖြစ်လေသည်။

.....................................
အောက်ပါတရားတော်များမှ စီကုံးရေးသားခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော် အပိုင်း ၃[mp3]- မင်းကွန်းဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော်[pdf]- မဟာစည်ဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော် [mp3]- ဓမ္မစေတီဆရာတော် ဘဒ္ဒန္တ ကောသလ္လ

(မှတ်ချက်၊ အထက်ပါ ပန်းချီကားအား ကြည်ညိုသဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
အမှန်အားဖြင့် ပဉ္စ၀ဂ္ဂီ (၅)ပါးတို့မှာ..တရားဦးနာစဉ်က..၀ိနည်းတော်ရဟန်းများမဖြစ်သေးပါ။ ထိုစဉ်က ပဉ္စ၀ဂ္ဂီငါးပါးတို့မှာ သာသနာတွင်း ရဟန်းများမဟုတ်သေးဘဲ၊ သာသနာပရဟန်းများသာဖြစ်၏ဟု မဟာစည်ဆရာတော်ဘုရားကြီး ဓမ္မစကြာတရားတော်ထဲ၌ ရေးသားထားပါသည်။ ထို့အပြင်..မြတ်ဗုဒ္ဓ နုတ်တော်ထွက် ဖြစ်သော..
ပဗ္ဗဇိတ ဟူသော ပါဠိပုဒ်၏အဓိပ္ပါယ်မှာ....လူလောကသံယောဇဉ်ကို စွန့်ခွါထား၍ လွတ်မြောက်မှုကို ရှာဖွေနေသော ပုဂ္ဂိုလ်ကိုသာ ရည်ရွယ်ပါသည်ဟု..ဓမ္မစေတီဆရာတော် တရားတော်ထဲတွင်လည်း ဟောထားပါသည်။ ၎င်းတို့ကို ထောက်သောအားဖြင့်..ပဉ္စ၀ဂ္ဂီတို့မှာ..တရားဦးဓမ္မစကြာနာစဉ်က..၀ိနည်းရဟန်းအသွင်..မဖြစ်နိုင်ပေ။ ဆံပင်ရှည်များလည်း ရှိနိုင်ပါသည်။ မုတ်ဆိတ်ကြင်စွယ်တို့လည်း ရှိနိုင်ပါသည်။ တခြားအရောင် အ၀တ်ကိုလည်း ၀တ်ဆင်ထားနိုင်ပါသည်။ )
(ယခင်ပို့စ်မှ အဆက်)

ဥပကတက္ကတွန်း နှင့် တွေ့ဆုံပြီးနောက်…သဗ္ဗညုမြတ်ဗုဒ္ဓလည်း အစဉ်သဖြင့် ခရီးဒေသစာရီ ဆက်လက် ကြွချီတော်မူလေသည်။ ရည်ရွယ်ရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောအတွင်းသို့ ရောက်လေပြီ။ ပဉ္စ၀ဂ္ဂီတို့ ရှိနေရာ အရပ်ဖြစ်၏။ ပဉ္စ၀ဂ္ဂီငါးပါးတို့လည်း ခပ်လှမ်းလှမ်းမှ ဘုရားကိုယ်တော်မြတ်ကြွလာသည်ကို မြင်နေရလေပြီ။ သို့ရာတွင် သူတို့အမြင်မှာတော့ ရဟန်းကြီးဂေါတမအဖြစ်ပဲ မှတ်ထင်နေကြသည်။ ဘုရားအဖြစ်မှန်း သူတို့ မသိသေးပေ။ ထိုသို့ခပ်လှမ်းလှမ်းမှ မြင်လျင်ပဲ သူတို့ ၅ပါး အချင်းချင်း ကတိက၀တ် (စည်းကမ်းများ) သတ်မှတ်ကြလေသည်။ သူတို့၏ ကတိက၀တ်မှာကား..

ငါရှင်တို့ ဟောဟိုမှာ…ပစ္စည်းလာဘ်လာဘတွေ ပေါများအောင် ကျင့်ကြံအားထုတ်နေသော..ကမ္မဋ္ဌာန်းအလုပ်မှ လျှောကျလေပြီးဖြစ်သော ကမ္မဋ္ဌာန်းလူထွက်ကြီး ရဟန်းဂေါတမ လာနေလေပြီ။
ထိုရဟန်းကြီးဂေါတမကို မရှိခိုးကြနဲ့၊ ခရီးဦး မကြိုဆိုကြနဲ့၊ သပိတ်သင်္ကန်းကို လှမ်းမယူကြနဲ့
သိုပေမယ့် သူထိုင်ချင်ရင် ထိုင်လို့ရအောင် နေရာလေးတော့ ထားပေးလိုက်ကြပါစို့….ဟု..

ခပ်စောစောတည်းက..သူတို့ဘာသာသူတို့ ဣနြေ္ဒရရ ကတိက၀တ်များ ပြုထားကြလေသည်။ ဒီလို ကတိက၀တ်တွေ သတ်မှတ်ပေမယ့်လည်း တကယ်တော့ သူတို့ငါးပါး၏စိတ်ထဲတော့ မြတ်ဗုဒ္ဓအပေါ် ချစ်ခြင်း တကယ် မကင်းနိုင်သေးပေ။ အင်တင်တင်ဖြင့် ဟန်လုပ်နေကြခြင်းပင်ဖြစ်၏။

သဗ္ဗညုမြတ်ဗုဒ္ဓလည်း တလှမ်းပြီးတလှမ်း သူတို့ရှိရာသို့ ချဉ်းကပ်လာလေပြီ။ ထိုသို့ တလှမ်းပြီးတလှမ်း နီးကပ်လာလေလေ..သူတို့ ဆောက်တည်ထားတဲ့ ကတိက၀တ်တွေ အလိုလိုလျှော့ကျ သွားလေတော့၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ပင်ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် သူတို့ သဘောတူ သတ်မှတ်ထားသော ကတိက၀တ်များ ပျက်လေပြီ။

ထို့ကြောင့် ရှေ့ဆုံးမှ ကိုယ်တော်ကစပြီး ကတိက၀တ်ကို ပျက်လေပြီ။ ဘယ်လိုမှ ဘယ်လို ထကြွလိုက်မှန်းမသိနိုင်အောင်ဘဲ မြတ်ဗုဒ္ဓအား..လှမ်းပြီး ခရီးဦး ကြိုဆိုလေသည်။
ရှေ့ဆုံးကိုယ်တော်က..ကတိက၀တ်ပျက်လေတော့ နောက်နားမှကိုယ်တော်တပါးကလည်း မြတ်ဗုဒ္ဓ၏ သပိတ်သင်္ကန်းကို လှမ်းယူ ကြိုဆိုလေပြန်သည်။
နောက်တတိယကိုယ်တော်ကလည်း ဟိုကိုယ်တော်မှ သပိတ်သင်္ကန်းလှမ်းပြီး အရိုအသေပြုလျင် ငါလည်း.အရိုအသေပေးဦးမည်ဆိုပြီး..နေရာထိုင်ခင်းပေးပြန်လေသည်။
နောက် စတုတ္ထကိုယ်တော်သည်လည်း ဘုရားကိုယ်တော်မြတ် ခြေတော်ဆေးဖို့ရန် ခြေဆေးရေကို သွားခပ်လေသည်။
နောက်ဆုံးကိုယ်တော်တစ်ပါးကလည်း ဘုရားကိုယ်တော်မြတ် သုံးစွဲဖို့ရန် ခြေဆေးအင်ပျဉ် ခြေပွတ်အိုးခြမ်းတို့ကို ယူလာလေ၏။

သူတို့၏ သတ်မှတ်ထားသော ကတိက၀တ်များပျက်ပြီး… အသီးသီး အရိုအသေ ပြုကြလေတော့သည်။ နေရာထိုင်ခင်း၌ ဘုရားကိုယ်တော်မြတ် ထိုင်တော်မူပြီးနောက် ..ပဉ္စ၀ဂ္ဂီတို့က စတင် စကားပြောကြသောအခါ..

ငါ့ရှင် ဂေါတမ ကျွန်ုပ်တို့ ဟိုတုန်းက ငါ့ရှင်ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစုခဲ့ကြတယ်နော်၊ ကျွန်ုပ်တို့ ထွက်ခွါသွားသောအခါ ဘယ်သူကများ ပြုစုပါသလဲ..ငါ့ရှင်စိတ်ထဲမှာ ဘယ်လိုများဖြစ်သတုန်းဟု..ပြောဆိုမေးမြန်းကြ၏။

ထို့သို့ သူတို့ ပြောဆိုမေးမြန်းစကားအခွန်းတိုင်းမှာ ငါ့ရှင်ဂေါတမ ငါ့ရှင်ဂေါတမဟု အမည်တော်တပ်ပြီး.. ပြောဆိုကြ၏။ တန်းတူသဖွယ်သဘောထားပြီး သူနှယ်ငါ့နှယ် ပြောဆိုနေကြခြင်းဖြစ်၏။ သူတော်ကောင်းဘက်မှကြည့်လျင် အင်မတန်ရိုင်းပြသော စကားအသုံးအနှုံးဖြစ်၏။ ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက….


ဘိက္ခဝေ ရဟန်းတို့..ရှေးဘုရားတို့နှင့် အလားတူဖြစ်သော ငါ့ကို..ဂေါတမ ဂေါတမ ဆိုပြီး အမည်ရင်းဖြင့် မသုံးနှုံးကြနဲ့ မခေါ်ဝေါ်ကြနဲ့။ အဂါရ၀ ဖြစ်မယ်။ ငါ့ရှင်လို့လည်း မပြောကြနဲ့။ ရဟန်းတို့ ငါသည်ကား..
အရဟံ - ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်ပြီ။ အရဟံဂုဏ်တော်ရှင် ဖြစ်ပြီ။
တထာဂတော - ရှေးဘုရားတို့နှင့် အလားတူဖြစ်ပြီ။
သမ္မာသမ္ဗုဒ္ဓ - ကိုယ်တိုင် မှန်စွာသိသော ဘုရား ဖြစ်ပြီ။
ရဟန်းတို့ နားစိုက်ထောင်ကြကုန်။ ငါဘုရား တရားဟောမယ်။ ငါဘုရား ဆုံးမတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာပါမူကား..အမျိုးကောင်းသား သင်ချစ်သားတို့ လိုလာတောင်းတအပ်သော အရဟတ္တမဂ်ဖိုလ်ကို မျက်မှောက်ဘ၀၌ပင် ရောက်၍ ရ၍ ပြည့်စုံကြပေလိမ့်မည်…


ဟု ရဲရဲတင်းတင်း မိန့်တော်မူလေ၏။
မြတ်ဗုဒ္ဓက..ထိုသို့ မိန့်တော်မူသော်လည်း ပဉ္စ၀ဂ္ဂီတို့က..ဘုရားဟု မယုံကြည်နိုင်ကြသေးပေ။ ထို့ကြောင့် အခုလို ပြန်လည် လျောက်ထားလေသည်။

ငါ့ရှင်ဂေါတမ ဒီလောက်လည်းပဲ အပြောမကြီးပါနဲ့ဦး…ဟိုတုန်းက..ဥရုဝေဠတောမှာ တရားအားထုတ်စဉ်..အစာ မစားဘဲ ခဲခဲ ယဉ်းယဉ်း တရားအားထုတ်စဉ်ကမှ သဗ္ဗညုမြတ်ဗုဒ္ဓ မဖြစ်ပါဘဲ..အခု ကမ္မဋ္ဌာန်းကလျှောကျ တဲ့အခါကျမှ၊ ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်တဲ့သူဖြစ်မှ အဘယ်မှာ သဗ္ဗညုတဥာဏ်တော်ကို ရနိုင်ပါမလဲ၊ အဘယ်မှာ တရားထူး တရားမြတ်တို့ကို ရနိုင်ပါမလဲ
ဟု ပြန်လည် ပြောဆိုလေသည်။ သူတို့၏ စိတ်ထဲ ရှိတဲ့အတိုင်း ရိုးရိုးပဲ ပြောဆိုလိုက်ခြင်းဖြစ်၏။

သူတို့ အခုလို မြတ်ဗုဒ္ဓအပေါ်၌ အထင်အမြင် ပြောင်းလဲ သွားခြင်းမှာလည်း အံ့သြဖွယ်ပင်ဖြစ်၏။ ဟိုအရင် ဘုရားအလောင်းတော်ငယ်စဉ်ကတည်းကပင်..သူတို့က..ဘုရားအလောင်းတော်အား သေချာပေါက် မြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု တွက်ချက် ပြောထားခဲ့ပြီးဖြစ်၏။ ထို့်ကြောင့်လည်း ဘုရားအလောင်းတော်အား ဥရုဝေဠတောမှနေ၍ ကြိုတင် စောင့်ကြိုနေခဲ့ကြသည်။ ဘုရားအလောင်းတော် ဒုက္ကရစရိယာအကျင့်ကို ကျင့်သောအခါ၌လည်း ၀တ်ကြီးဝတ်ငယ်ပြုစုခဲ့ကြသေး၏။ သို့ပေမယ့် အလောင်းတော် ထိုအကျင့်မှ ထွက်ပြီး အစာ အနည်းငယ် ပြန်လည်စားသုံးသောအခါ..သူတို့သည် ဘုရားအလောင်းတော်အပေါ် ဘုရားဖြစ်မည်ဟု ယုံကြည်ချက်မထားတော့ပေ။ သူတို့ မူလ တွက်ချက်ထားသော ဟောပြောချက်ကိုပင် မယုံကြည်ကြတော့ပဲ ဘုရားအနီးမှ ထွက်ခွာခဲ့ခြင်းဖြစ်၏။ ထိုသို့ သူတို့ ယုံကြည်ချက်များ ပြောင်းလဲသွားခြင်းမှာ..သူတို့၏ အမြင်မှား အယူမှားခြင်း၌အခြေခံ၏။ သူတို့ အမြင်မှားကား..ဒုက္ကရစရိယအကျင့်အား ကျင့်စဉ်မှန်ဟု စွဲလမ်း ယုံကြည်ထားခြင်းဖြစ်၏။ ထိုအကျင့် ကျင့်မှသာလျင် တကယ်ပင် ဘုရားဖြစ်နိုင်၏ဟု လက်ခံထားသော အယူမှားပင်ဖြစ်၏။ မြတ်ဗုဒ္ဓဟောပြောမှသာလျင် သူတို့လည်း ထိုအကျင့်ကို အတ္တကိလမထ အကျင့်မှားမှန်း သိကြပေလိမ့်မည်။

ထိုသို့ ပဉ္စ၀ဂ္ဂီတို့က..ပြန်လည်ပြောဆိုသော စကားအပေါ်.. မြတ်ဗုဒ္ဓက ပြန်လည်၍ အခုလိုမိန့်တော်မူသည်။..


ရဟန်းတို့ ရှေးဘုရားတို့နှင့် နည်းတူ လာခြင်းကောင်းသော ငါဘုရားသည်..သင်ချစ်သားတို့ ထင်နေသလို..ကမ္မဋ္ဌာန်းအလုပ်မှ လျောကျတဲံ့သူလည်း မဟုတ်ပေဘူး၊ ပစ္စည်းပေါများအောင် အားထုတ်သောသူလည်း မဟုတ်ဘူး၊
ငါသည်ကား..အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ တထာဂတ ဂုဏ်ရှင် စင်စစ် ဧကန် ဘုရားဖြစ်၏။ အမြိုက်နိဗ္ဗာန်ကို ငါကိုယ်တိုင် သိအပ်မြင်အပ်ခဲ့ပြီ။ ချစ်သားတို့ နားစိုက်ထောင်ကြ၊ ငါဘုရား ဆုံးမမယ်။ တရားဟောမယ်။ ငါဘုရားဟောတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာကြလျင် သင်ချစ်သားတို့ လိုလားတောင့်တအပ်သော အရဟတ္တမဂ်ဖိုလ်ကို ပစ္စကဘ၀မှာပင် ရနိုင် ရောက်နိုင်မည်…ဟု..
ပြန်လည်မိန့်တော်မူလေသည်။


ဒုတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က ရှေးကအတိုင်းပင် အဘယ်မှာ သဗ္ဗညုမြတ်ဗုဒ္ဓဖြစ်နိုင်ပါမလဲဟု..ပြန်လည်ပြောဆိုပြန်သည်။
မြတ်ဗုဒ္ဓကလည်း အထက်ကအတိုင်း ရှေးစကားအတိုင်းပင် ပြန်လည်မိန့်တော်မူ၏။
ထို့နောက် တတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က..အရင်လို ပြန်လည်ပြောဆိုသောအခါ..မြတ်ဗုဒ္ဓက..


ချစ်သားတို့ ငါဘုရား..ယခင်က..သင်တို့နှင့်အတူရှိခဲ့စဉ်က...ဤသို့သောစကားမျိုးကို ပြောခဲ့ဖူးသလား၊ စဉ်းစားကြလော့၊
သင်ချစ်သားတို့ကို ငါဘုရားက အထင်ကြီးစေအောင်..
ကိုယ်ယောင်ကိုယ်ဝါတွေမရှိဘဲနဲ့ ကိုယ်ယောင်ကိုယ်ဝါတွေ ရနေပြီလို့၊
ငါ့မှာ အာရုံနိမိတ်တွေ ထင်နေပြီလို့..စသဖြင့် အထင်ကြီးအောင် ၀ါကြွားပလွှား ပြောခဲ့ဖူးသလား
အဲလိုစကားများ သင်တို့ ဟိုတချိန်က..ငါပြောခဲ့တာကို ကြားခဲ့ဖူးသလား..


ဟုမိန့်တော်မူလေသည်။

ထိုအခါကျမှ ပဉ္စ၀ဂ္ဂီတို့လည်း ..ဟုတ်တယ် ရှေးတုန်းက..ဒီလို စကားမျိုးတွေ မပြောခဲ့ဖူးဘူး။..ဟိုတုန်းက..တရားထူးကို မတွေ့ရ မသိရသေးလို့ မပြောခဲ့တာပဲ ..အခုပြောတာကတော့..တကယ်ကို သိမြင်လာလို့ သဗ္ဗညုဘုရားဖြစ်ပြီလို့ ရဲရဲတောက် ပြောတာပဲ..လို့..ဆင်ခြင်စဉ်းစားမိကြတယ်။..ထို့သို့ ဆင်ခြင်စဉ်းစားမိတော့မှပဲ..ဘုရားဟောတဲ့ တရားတော်အား နာယူဖို့ရန် စကားမပြောတော့ဘဲ စိတ်ကို ဆောက်တည်ကြလေသည်။..သူတို့စိတ်ထဲမှာ သစ္စာတရားကို သိဖို့ရန်သာ သတိဖြင့် နားစိုက်ထောင်ကြတော့သည်။ တရားနာရန် အင်္ဂါသုံးပါး သူတို့သန္တန်မှာ ရှိနေကြသည်။ ထိုအင်္ဂါသုံးပါးမှာ..


  1. ရိုရိုသေသေ နေထိုင်ခြင်း
  2. နားစိုက်ထောင်ခြင်း
  3. ဘုရားကိုယ်တော်မြတ် ဟောမည့် တရားကို သိဖို့ရန်သာ စိတ်ကို သတိကပ်ထားခြင်း..တို့ဖြစ်၏။…


ထိုအချိန်ကျမှ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်ဗုဒ္ဓက..တရားဦး ဓမ္မစကြာတရားတော်ကို စတင်ဟောတော်မူလေသည်။

အောက်ပါတရားတော်အား နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် (mp3) - မင်းကွန်းဆရာတော်ဘုရားကြီး
(ယခင်ပို့စ်မှ အဆက်)

အာဠာရရသေ့၊ ဥဒကရသေ့ တို့အတွက် စိတ်အကြံတွေ ဖြစ်ပြီးနောက်မှာ..မြတ်ဗုဒ္ဓသည် တရားဦးဟောရန် တရားနာပရိသတ်အတွက် ရှေ့တဆင့်တက် ဆင်ခြင်စဉ်းစားလေတော့သည်။ အဘယ်သူသည် တရားဦးနှင့် ထိုက်မည်နည်း။
ပဉ္စ၀ဂ္ဂီ (၅)ပါး ပဲ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ တို့မှာ..

  1. ၀ပ္ပ

  2. ဘဒ္ဒိယ

  3. မဟာနာမ်

  4. အဿဇိ

  5. ကောဏ္ဍည


..တို့ ဖြစ်ကြသည်။
ထိုသူတို့မှာ အခြားမဟုတ်။ မြတ်ဗုဒ္ဓအလောင်းတော် ပဓာနအကျင့် အားထုတ်ခဲ့စဉ်ကာလက..ရေပူ ရေချမ်း ကမ်းလမ်းပြုစုခဲ့ပေးသော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူများ ဖြစ်၏။ ပဓာနအကျင့် ဆိုသည်မှာ ဒုက္ကရစရိယာအကျင့်ကို ခေါ်ဆို၏။ ထိုသူတို့၌ ကျေးဇူးရှိ၏။ မြတ်ဗုဒ္ဓအလောင်းတော်အား ပြုစုပေးခဲ့သော ကျေးဇူးပေတည်း။ မြတ်ဗုဒ္ဓသည် ကျေးဇူးကို သိတတ်ရာ၌လည်း အနှိုင်းမဲ့ဖြစ်၏။
မြတ်ဗုဒ္ဓအလောင်းတော်သည် (၆)နှစ်တိုင်အောင် ထို ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့၏။ ထိုအကျင့်သည် အတ္တကိလမထ အကျင့် တွင် အကျုံးဝင်၏။ အစွန်းရောက် အကျင့်ဖြစ်၏။ ထိုသို့ အစွန်းရောက်မှန်းကိုလည်း မြတ်ဗုဒ္ဓက..တရားဦး၌ ပြန်လည်ဟောပြလို့သာ သိရ၏။ တကယ်တော့ ထိုအချိန်က..ခေတ်စားသော အကျင့်ဖြစ်၏။ မြတ်ဗုဒ္ဓသည် ထိုအကျင့်ကို အစွန်းကုန် အားထုတ်ခဲ့ဖူး၏။ လွန်စွာ ပင်ပန်းဆင်းရဲစေသော အကျင့်ဖြစ်၏။ ထိုစဉ်က ပဉ္စ၀ဂ္ဂီ (၅)ပါးတို့သည်လည်း အမျှော်လင့်ကြီး မျှော်လင့်ကြပြီး မြတ်ဗုဒ္ဓအနားမှာပင် ပြုစုလျက် ရှိနေခဲ့ကြ၏။

ပင်ပန်းကြီးစွာ ကျင့်ရတိုင်း ဘုရားဖြစ်လျင် ငါသည် ဘုရားဖြစ်ထိုက်ပြီ..ငါ့ထက်လည်း အဘယ်သူမှ အပင်ပန်းခံ ကျင့်နိုင်ကြလိမ့်မည်မဟုတ် ခန္ဓာကိုယ်ကို ပြန်လည် မျှတအောင် အစာအဟာရ မှီဝဲပြီး တရားအားထုတ်လျင် ကောင်းပေစွ ဟု စိတ်အကြံပေါ်ပြီးသကာလ..

လုံးဝအစာမစားပဲ နေရာမှ ပြန်လည် စားသုံးခဲ့၏။ စားသုံးရသည် ဆိုသည်မှာလည်း ကုလားပဲ စွပ်ပြုပ်ရည်ကလေး၊ မပဲ စွပ်ပြုပ်ကလေး၊ (သို့) ပဲနောက် စွပ်ပြုပ်ရည်လေးမျှပင် ဖြစ်၏။ ထိုသို့ ပြန်လည် စားသုံးခြင်းအပေါ် ပဉ္စ၀ဂ္ဂီတို့သည် အထင်လွဲပြီး လက်လျော့သွားကြ၏။ ရဟန်းကြီး ဂေါတမတော့ ပဓာနအကျင့်မှ လျောကျသွားလေပြီ၊ ပစ္စည်းပေါများအောင် ဘုန်းကြီးအောင်တော့ လုပ်နေပြီဟု..သူတို့စိတ်ထဲမှာ မမျှော်လင့်တော့ဘဲ အဝေးသို့ ထွက်ခွါသွားကြတော့၏။
ယခု…မြတ်ဗုဒ္ဓ တရားဦးဓမ္မစကြာဟောမည်ဟု စိတ်ကြံသောအခါ သူတို့ ငါးပါး အနားမှာမရှိပေ။ အဘယ်အရပ်သို့ ရောက်နေပါသနည်း။ မြတ်ဗုဒ္ဓ ဒိဗ္ဗိစက္ကုအဘိဥာဏ်တော်ကို အသုံးပြုတော်မူပြီး ဆင်ခြင်လေပြီ။ သူတို့ငါးပါး ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်တောသို့ ရောက်ရှိနေကြသည်။ ဣသိပတန ဆိုသည်မှာ..ရသေ့ရဟန်း၊ ဆာဒူး၊ ပရဗိုဇ်တို့ လာရောက် အားထုတ်ရာဋ္ဌာနဖြစ်၏။ ရှေးမြတ်ဗုဒ္ဓတို့ တရားဦးဟောတော်မူရာ ဋ္ဌာနလည်း ဖြစ်၏။ မိဂဒါဝုန်တော ဆိုသည်မှာ သမင် ဒရယ် စတဲ့ တောကောင်များကို ဘေးမဲ့ပေးရာတောဖြစ်၏။ ထို ပဉ္စ၀ဂ္ဂီ ငါးပါးတို့ ရှိရာအရပ်သို့ မြတ်ဗုဒ္ဓ ကြွတော်မူရန် အချိန်တန်လေပြီ။
ထိုသို့တရားဦးဟောရန် ကြွတော်မူရာ၌လည်း ရှေးက သဗ္ဗညု ဘုရားတိုင်းသည် မိဂဒါဝုန်တောအရပ်သို့ ကောင်းကင်ခရီး ဈာန်ဖြင့် ကြွတော်မူကြသည်ချည်း ဖြစ်၏။ ဂေါတမမြတ်ဗုဒ္ဓမှာတော့ ကောင်းကင်ခရီးမှ မကြွဘဲ ခြေလျင်ခရီး ဖြင့်ပင် ကြွတော်မူသည်။ ခြေလျင်ခရီးဖြင့် ကြွခြင်းမှာ အကြောင်းရှိ၏။ လမ်းခရီးတွင် ဥပကတက္ကဒွန်းနှင့် ဆုံတွေ့ရမည် ဖြစ်သောကြောင့် ခြေလျင်ခရီးကို အသုံးပြုတော်မူခြင်း ဖြစ်၏။ သတ္တ၀ါတို့တွက် အကျိုးကျေးဇူးမဖြစ်စေဘဲ အချည်းအနှီးဖြစ်မည့်ကိစ္စ ဘယ်သောအခါမှ.. မြတ်ဗုဒ္ဓတို့ မပြုလုပ်ပေ။ ဂေါတမမြတ်ဗုဒ္ဓသည် ဘုရားရှင်အဖြစ်နှင့် အချိန်ကာလ အနည်းဆုံး နေရသော ဘုရားဖြစ်၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်သာ ရ၏။ ကာလမှာ တိုတောင်းလှ၏။ ထိုကာလအတွင်း လုပ်ဆောင်ရသော လုပ်ငန်းမှာတော့ များပြားလှပေ၏။ ရှေးသက်တော်ရှည် ဘုရားများနှင့် လုပ်ငန်းဆောင်တာမှာ အတူတူပင် ဖြစ်၏။ ထိုအချိန်တိုလေးအတွင်းမှာ ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရ၏။ ချေချွတ်သင့်သော သတ္တ၀ါဝေနေယျကို တစ်ယောက်/တစ်ပါး မကျန်အောင် ဆင်ခြင်ရ၏..ဆင်ခြင်ပြီးသကာလ ထိုသူတို့ဆီသို့ ပင်ပင်ပန်းပန်းဖြင့် ကြွတော်မူ၍ တရားဟောရသေး၏။ ထိုကဲ့သို့ မနားမနေ သတ္တ၀ါတို့အား သံသရာခရီးခဲကြီးမှ ကယ်တင်ပေးနေသည့်ကြားမှ ခန္ဓာကိုယ်ရှိနေသေးသည့် အတွက် ကိုယ်တော်မြတ်ကိုယ်တိုင် ခန္ဓာဒုက္ခတို့ကို ခံစားရသေး၏။ ခဏခဏခံစားရသော ခါးတော်နာရသော ဒုက္ခ နှင့် ခေါင်းတော်ခဲရသော ဒုက္ခများဖြစ်၏။ ၀ဋ်များပင်ဖြစ်၏။

ယခု ဥရုဝေဠတောမှ မိဂဒါဝုန်တောသို့ တရားဦးဟောရန် ကြွတော်မူသောအခါတွင်လည်း ပင်ပင်ပန်းပန်း ခြေလျင်ခရီးဖြင့်ပင် ကြွတော်မူရသည်။ ထိုခရီးမှာလည်း ဝေး၏။ (၁၈)ယူဇနာ ဝေးသည်။ မိုင်အားဖြင့်ဆိုလျင် (၁၄၂)မိုင် ဝေးကွာသည်။
ထိုမျှလောက်ဝေးကွာသော ခရီးကို ကြွတော်မူစဉ် လမ်းခုလတ်တွင် ဥပက တက္ကတွန်းနှင့် တွေ့ခဲ့သည်။ ဥက တက္ကတွန်းသည် အ၀တ်မ၀တ်ဘဲ ကျင့်နေကြသော ဂိုဏ်းမှ ဖြစ်၏။ ထိုဂိုဏ်းကို ဂျိန်းဂိုဏ်းဟုခေါ်၏။ ထိုဂိုဏ်း၏ ဆရာကြီးမှာ နာဋပုတ္တ ဖြစ်သည်။
ထို ဥပကတက္ကတွန်းသည် မြတ်ဗုဒ္ဓကို မြင်သောအခါ..

ငါ့ရှင်ကြည့်ရတာ ဣနြေ္ဒတွေ တည်ငြိမ်ပါပေတယ်၊ ကြည်လင်သန့်ရှင်းလှပါပေတယ်။ အရေအဆင်းကလည်း သန့်ရှင်းဖြူစင်ပါ၏။ အပြစ်ကင်းစင်လှပါပေ၏။
ငါ့ရှင်.. အဘယ်သူ့ကို ရည်ညွှန်းပြီး ရဟန်းပြုသလဲ၊ သင့်ဆရာ အဘယ်သူလဲ၊ ဘယ်သူ့တရားတွေကို သင်နှစ်သက်ပါသလဲ ဟု
မေးလေ၏။
သူမေးသော ပုံစံမှာ လူသာမာန်တို့ အတန်းအစား သဘောထားပြီး သူနှယ်ငါ့နှယ်ဖြင့် မေးမြန်းလိုက်ခြင်းပင်ဖြစ်၏။

ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက…ရဲရဲတောက် ပြန်လည် မိန့်ကြားလေသည်…
ငါသည် အလုံးစုံသော တရားတို့ကို လွှမ်းမိုးစိုးပိုင်သော သူဖြစ်ပေ၏။ အဘယ်သူသည် ငါ့အပေါ်၌ ဆရာဖြစ်ရပါ့မလဲ။ ရှိရှိသမျှ တရားတွေအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာသုံးပါးကို အလိုရှိလေသမျှ ပိုင်ပိုင်နိုင်နိုင်ဖြင့် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတဲ့အတွက် တရားအလုံးစုံအပေါ်မှာ ငါသည် လွှမ်းမိုး စိုးပိုင်နိုင်၏။ အလုံးစုံသော တရားတို့ကို အရဟတ္တဖိုလ်ပေါက် အသိဥာဏ်ရောက်ပြီးသူ ဖြစ်၏။ သိပြီးသား ပိုင်နိုင်ပြီးသား ဖြစ်ပေ၏။
ငါ့မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တွေ မငြိကပ်ဘူး။ တွယ်တာတပ်မက်တတ်တဲ့ တဏှာကို ဖယ်ရှားပြီးသောသူ ဖြစ်တဲ့အတွက်ကြောင့် တဏှာကုန်ရာ နိဗ္ဗာန်သို့ ညွှတ်သူ ကိုင်းသူ ဖြစ်၏။
ကိုယ်ပိုင်ဥာဏ်ဖြင့် နိဗ္ဗာန်ပရမတ်ကို ပိုင်းခြားထင်ထင် သိမြင်ပြီးဖြစ်တဲ့အတွက် အဘယ်သူကို ငါ့ဆရာဟူ၍ ညွှန်ကြားဖွယ်ရာ ရှိပါလိမ့်မည်နည်း။ ဆရာရယ်လို့ ညွှန်ပြစရာ မရှိပါဘူး။ လောကုတ္တရာတရားတွေ သိတဲ့နေရာမှာ ငါ့မှာ့ ဆရာမရှိပါဘူး။ ဆရာရှိဖို့ မပြောနဲ့ လောကုတ္တတရားတွေကို သိတဲ့နေရာမှာ ငါနဲ့တူတဲ့ ပုဂ္ဂိုလ် မရှိပေဘူး၊ နတ် ဗြဟ္မာများနဲ့တကွ သဗ္ဗလောကကြီးတခုလုံးမှာ ငါဘုရားနဲ့ တုပြိုင် ယှဉ်ပြိုင် ဖို့ရန် ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ ငါနဲ့ ဂုဏ်ရည်တူသူ မရှိပေ။
ယခု ဓမ္မစကြာတရားဦးဒေသနာဟောဖို့ရန် ကာသိတိုင်း ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ သွားပေအံ့။
ပညာဥာဏ်မျက်စိမရှိသော အကန်းသဖွယ်ဖြစ်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါများအတွက် အမြိုက်နိဗ္ဗာန်စည်ကြီးကို ငါဘုရား တီးပေအံ့


ဟု…မိန့်တော်မူလေသည်။

ထိုအခါ ဥပကတက္ကတွန်းက..မထိတထိဖြင့် ငါ့ရှင်ပြောသလိုဆိုလျင် အနန္တဇိန ဖြစ်ထိုက်ပါသလော ဟု မေးပြန်သည်။

မြတ်ဗုဒ္ဓက..

လောကမှာ ငါကဲ့သို့သော ပုဂ္ဂိုလ်သာလျင် ဇိန အမည်ရပေတယ်။ အာသ၀က္ခဥာဏ်တော်ကို ရရှိပြီးပြီ။ ငါ့မှာ မကောင်းမှု တရားတွေကို ဖယ်ရှားခြင်း၌ အကြွင်းမဲ့ အောင်မြင်ပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ဥပက ငါကား ဇိန အမည်ရှိပေတယ်


ဟု..
ရဲရဲတောက် ပြန်လည် မိန့်တော်မူလေ၏။

ထိုအခါ ဥပကတက္ကတွန်းက…ဟုတ်ပါလိမ့်မည် ငါ့ရှင် ဟု
မယုံချင်ယုံချင် မယုံတ၀က် ယုံတ၀က်ဖြင့် ပြောပြီး ဘေးဖယ်ကာ သွားမြဲ အတိုင်း သူရည်ရွယ်ထားသော အရပ်ဆီသို့ သွားခဲ့လေသည်။

ဥပကတက္ကတွန်းကား အလွန်ကံထူးသည်။ ဘုရားရှင်စစ်နဲ့ တွေ့ဆုံခွင့်ရ၏။ သို့ပေမယ့်..သဗ္ဗညုဘုရားရှင် ပြန်လည် မိန့်တော်မူသော စကားတော်များအပေါ်၌ သူသည် အပြည့်အ၀ မယုံကြည်နိုင်သေးဘဲ.. သံသယ ခံနေသေး၏။ သူ၏ ထိုသံသယကြောင့်လည်း တရားဦးနှင့် လွဲခဲ့ရလေပြီ။ သို့ရာတွင် သူ၏ စိတ်ထဲမှာတော့ မြတ်ဗုဒ္ဓအပေါ်၌ သဒ္ဓါတရားလေးတော့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်လည်း နောင်အခါ သူ ဒုက္ခတွေ တသီချည်းရင်ဆိုင်ရတော့..မြတ်ဗုဒ္ဓရှိရာအရပ်သို့ ရောက်ရှိလာခဲ့ပြီး ရဟန်းဝတ်ခါ အနာဂါမ် အရိယာကြီးဖြစ်သွားခဲ့ပေ၏။ ထိုဖြစ်ပေါ်လာမည့် ဥပက၏ အကျိုးစီးပွားကို မျော်မြင်တော်မူသောကြောင့်လည်း မြတ်ဗုဒ္ဓသည် ခြေလျင်ခရီးဖြင့် မိဂဒါဝုန်တောသို့ ကြွခဲ့ခြင်းဖြစ်လေ၏။

ထိုသို့ ဥပက နှင့် တွေ့ဆုံပြီးနောက် မြတ်ဗုဒ္ဓသည်လည်း အစဉ်သဖြင့် မိဂဒါဝုန်တောသို့ ဆက်လက် ခရီးဒေသစာရီ ကြွတော်မူခဲ့လေသည်။

25
(img: မြတ်ဗုဒ္ဓ နှင့် ဥပကတက္ကတွန်း -၊ မြန်မာကျူးပစ်မှ ယူထားပါသည်)

အောက်ပါတရားတော်နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် အပိုင်း (၃) - မင်းကွန်းဆရာတော်ဘုရားကြီး
(ယခင် ပို့စ်မှ အဆက်)
သဟမ္ပတိဗြဟ္မာကြီး...မြတ်ဗုဒ္ဓအားရိုရိုသေသေ ရှိခိုးကန်တော့၍.. ဗြဟ္မာပြည်သို့ ပြန်လည်ကြွသွားပြီးတဲ့နောက်....
မြတ်ဗုဒ္ဓ တစ်ပါးတည်း အဇပါလ ညောင်ပင်အရိပ်တွင် ကျန်ရစ်ခဲ့ပြီ။ အဲဒီအချိန် မြတ်ဗုဒ္ဓသည် ဆင်ခြင်စဉ်းစားတော်မူလေပြီ။ တရားလက်ဦးဟောဖို့ရန်အတွက် ဖြစ်၏။ အဘယ်သူကို အရင်ဆုံး တရားဟောရမလဲ၊ အဘယ်သူသည် ငါဘုရားဟောမည့် တရားကို ပိုင်းပိုင်းခြားခြား သိနိုင်ပါမလဲ ဟု စိတ်အကြံတော် ဖြစ်လေ၏။ တရားဦးကို နာယူမည့် ကျွတ်ထိုက်မည့် တရားနာပရိသတ်အတွက် မြတ်ဗုဒ္ဓက..စဉ်းစားဆင်ခြင်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားဦးနဲ့ ပက်သက်လာလျင် အကြံဖြစ်ထိုက်သော ပုဂ္ဂိုလ် (၃)စုရှိ၏။..၎င်းတို့မှာ..

  1. အာဠာရရသေ့ကြီး
  2. ဥဒကရသေ့ကြီး
  3. ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါး

တို့ဖြစ်ကြ၏။ အာဠာရရသေ့ နှင့် ဥဒကရသေ့ တိုမှာ..မြတ်ဗုဒ္ဓအလောင်းတော် တောထွက်စဉ်အခါက..တရားဆွေးနွေးခဲ့ဖူးသော ရသေ့ကြီးများဖြစ်၏။ ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါးတို့မှာ..မြတ်ဗုဒ္ဓအလောင်းတော် ဒုက္ကရစရိယာအကျင့် ကျင့်စဉ်က..ရေပူ/ရေချမ်း ကမ်းလှမ်းခဲ့သော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူတို့ ဖြစ်ကြ၏။

ကာလမအမျိုးအနွယ် အာဠာရရသေ့ သည် ပညာရှိသည်။ လိမ္မာသည်။ ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန် နည်းပါးသော သူဖြစ်၏။ လျင်မြန်စွာ တရားထူးရနိုင်သောသူ ဖြစ်၏။ ကျွတ်ထိုက်သောသူများတွင် သူသည် ပထမဆုံး နေရာတွင်ရှိ၏။ ထို့ကြောင့် သူ့အား တရားဦး ဟောရန် ကောင်းပေစွ ဟု မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်လေ၏။ ထိုစိတ်အကြံသည် ပကတိ စိတ်ကူးပင်ဖြစ်၏။ ဥာဏ်ထူးဖြင့် ဆင်ခြင်ခြင်း မဟုတ်သေးပေ။ ထို့ကဲ့သို့ မြတ်ဗုဒ္ဓ စိတ်အကြံ တည်လိုက်ပြီးနောက်.... အနီးအနား၌ မထင်မရှား ကွယ်ပနေသော နတ်တစ်ဦးသည်..မြတ်ဗုဒ္ဓအား အခုလို..လျောက်တင်လေ၏။..

“ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား…
ကာလမအမျိုးအနွယ် အာဠာရရသေ့သည် ယနေ့မှ လွန်ခဲ့သော (၇)ရက်မြောက်နေ့တွင်....စုတိပျက်ကြွေ သေခဲ့လေပြီ” ဟု လျောက်တင်လေသည်။

နတ်၏အခုလို လျောက်တင်မှုပြီးသောသကာလ မြတ်ဗုဒ္ဓသည် ကိုယ်ပိုင်ဥာဏ်တော်ဖြင့် အာဠာရရဲ့ ဂတိကို စဉ်းစားဆင်ခြင်လိုက်သောအခါ..အမှန်ပင်.. အာဠာရသည် အတိတ် (၇)ရက်၌ ကွယ်လွန်ခဲ့ပြီး အာကိဉ္စညာယတန ဟူသော အရူပဘုံသို့ ရောက်ရှိနေလေပြီ။ ထိုသို့ သိမြင်ပြီးနောက် မြတ်ဗုဒ္ဓသည် ဆက်လက်ပြီး အခုလို..စိတ်အကြံဖြစ်တော်မူ၏။

“အာဠာရရသေ့ အဆုံးရှုံးကြီး ဆုံရှုံးခဲ့လေပြီ။”

ဟုတ်ပေ၏။ အာဠာရရသေ့ အလွဲကြီးလွဲခဲ့ပြီ။ အခွင့်အခါ ကောင်းကို လွဲချော်သွားခြင်းဖြစ်၏။ သူ၏ လွဲချော်မှုမှာ အသေစောသွားသောကြောင့်ဖြစ်ပေ၏။ တရား မဦးပဲ (၇)ရက် အသေဦးခဲ့သောကြောင့် ယခုတော့ မြတ်ဗုဒ္ဓ၏ တန်ဖိုးရှိလှသော ဓမ္မစကြာတရားဦးကို နာကြားခွင့်မရတော့ပြီ။
ထို့ကြောင့်လည်း မိုးကုတ်တရားစခန်း၏ နေ့စဉ်ဆောင်ပုဒ်အတိုင်း အသေမဦးခင် ဥာဏ်ဦးရန် အထူးလိုပေ၏။
အာဠာရရသေ့သည် ဥာဏ်ကောင်းသူဖြစ်၏။ မြတ်ဗုဒ္ဓ တရားဦး နာကြားလိုက်ရလျင် တရားကို သိမြင် အရဟတ္တမဂ်ဖိုလ်ဆိုက်ရောက်ပြီး ရဟန္တာအထိပင် ဖြစ်နိုင်၏။ ထိုသို့ ထူးချွန်သောသူ ဖြစ်ပါလျက် (၇)ရက် အသေ စောသွားသဖြင့် အဆုံးရှုံးကြီး ဆုံးရှုံးသွားခြင်းဖြစ်၏။ ထို့အပြင် အာဠာရရသေ့ ရောက်ရှိနေသော အာကိဉ္စညာယတန အရူပဘုံတွင် ရုပ်မရှိပေ။ စိတ်စေတသိက် နာမ်တရားသက်သက်သာ ရှိ၏။ ရုပ်မရှိသဖြင့် တရားနာရန် နား မရှိပေ။ ထိုဘုံ၌ သူနေရမည့် ကာလသည်လည်း အလွန်ကြာညောင်းပေဦးမည်။ ကမ္ဘာပေါင်း ခြောက်သောင်းထိပင်ဖြစ်၏။ ထိုဗြဟ္မာသက်တမ်း ကုန်ဆုံးပြီးသောအခါ လူ့ဘ၀ သို့ ပြန်လည်ရောက်နိုင်ပါသော်လည်း ပုထုဇဉ်အနေဖြင့်ပင် သံသရာထဲ ကျင်လည်ရပေဦးမည်။ အာဠာရရသေ့ ၏ ဆုံးရှုံးမှုက..ကြီးမားလွန်းလှသည်။ အာဠာရရသေ့အတွက် မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်ပြီးနောက် …

ဥဒကရသေ့အတွက် မြတ်ဗုဒ္ဓသည် ပကတိစိတ်ဖြင့်ပင် ပထမအကြိမ် စိတ်အကြံဖြစ်လေ၏။
ရာမဆရာကြီး၏ သားတပည့် ဥဒကသည်လည်း ပညာရှိပေ၏။ လိမ္မာ၏။ တရားနာလိုက်ရလျင် လျင်မြန်စွာ သိမြင်မည့် ပုဂ္ဂိုလ်ပင်ဖြစ်၏။ ထို့ကြောင့် သူ့အား တရားဦးဟောရန် ကောင်းပေစွ ဟု.. မြတ်ဗုဒ္ဓ စိတ်အကြံတည်လေ၏။ ထိုအချိန် အနီးအနားမှပင် မထင်မရှားကွယ်ပနေသော နတ်တစ်ဦးမှ..

“ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား…
ရာမ၏ သားတပည့် ဥဒကသည်လည်းပဲ ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ” ဟု လျောက်တင်လေသည်။

မြတ်ဗုဒ္ဓလည်း ကိုယ်ပိုင်ဥာဏ်တော်ဖြင့် ဥဒက၏ဂတိကို ဆင်ခြင်လိုက်သောအခါ....မှန်ပေ၏။ ဥဒကလည်း ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ။ ယခု သူရောက်ရှိနေသော ဘုံမှာ..နေ၀သညာနာယတနဘုံပင်ဖြစ်၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ဥဒကအတွက် ယခုကဲ့သို့ စိတ်အကြံဖြစ်လေ၏။

“ဥဒကရသေ့သည်လည်း အဆုံးရှုံးကြီး ဆုံးရှုံးခဲ့လေပြီ။”

မှန်ပေ၏။ ဥဒကရသေ့ လက်ရှိရောက်ဆဲ ဘုံမှာလည်း ရုပ်မရှိပေ။ ထိုဘုံ၌ သူသည် ကမ္ဘာပေါင်း (၈)သောင်း(၄)ထောင် ရှိနေရဦးမည်။ ရုပ်မရှိသဖြင့် တရားဦးနာရန် အခွင့်ထူးကို မရတော့ပေ။ သူသည်လည်း သစ္စာတရားနာလိုက်ရလျင် ရဟန္တာဖြစ်နိုင်သော သူဖြစ်ပေ၏။ ယခုတော့ ဥဒကရသေ့ စစ်မှန်သောတရားကို မနာလိုက်ရသဖြင့် ဆုံးရှုံးသွားခဲ့လေပြီ။
.....................
(ကျွန်တော့်အတွေး)
တရားနာရန်မှာ လွန်စွာအရေးကြီး၏။ မည်မျှပင် ထူးချွန်သူဖြစ်ပါစေ မြတ်ဗုဒ္ဓ၏ သစ္စာတရားတော်လေးကိုမှ မနာရလျင် ဒုက္ခသစ္စာ မငြိမ်းနိုင်ပေ။ ဒုက္ခသစ္စာမကင်းသေးသမျှတော့ ထပ်၍ ငိုနေရဦးမည် ပူဆွေးနေရဦးမည် သောကတွေဝေနေရဦးမည် ပူလောင်နေရဦးမည်…. ပြီးပြည့်စုံသော ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပေ။ မြတ်ဗုဒ္ဓ၏ ဓမ္မသည် လွန်စွာတန်ဖိုးကြီးမားလေ၏။ ကျေးဇူးကြီးမားလှ၏။ ရတနာသုံးပါးမှာ အကျွန်ုပ်တို့အတွက် လှည့်ပတ်ဆက်နွယ်၍ ကျေးဇူးပြုနေလေသည်။
မြတ်ဗုဒ္ဓဖော်ထုတ်ပေးမှုကြောင့် ရနိုင်ခဲ သိနိုင်ခဲသော ဓမ္မများ ပေါ်ထွက်လာ၏။ မြတ်ဗုဒ္ဓပေါ်ထွန်းလာခြင်းသည် ကျွန်ုပ်တို့အတွက် အလင်းရောင် ပေးမည့်ပုဂ္ဂိုလ် ပေါ်ထွန်းခြင်းပင်ဖြစ်ပေ၏။ ထိုအလင်းရောင်၏ အကျိုးကျေးဇူးသည် ကန့်သက်ချက်မရှိ။ ဘေးဥပဒ် မရှိ။ မမျှတမှု မရှိပေ။ ကန့်သက်ချက်ရှိနေခြင်းဆိုသည်မှာ အမှန်တော့ ကောင်းကျိုးဆိုးကျိုး ရောနေခြင်းဖြစ်၏။ ဘက်လိုက်မှုလည်း ပါနေပေမည်။ မြတ်ဗုဒ္ဓပေးသော အလင်းရောင်၌ ဆိုးကျိုးမရှိ။ ဘက်လိုက်မှုမရှိ။ ဘယ်အချိန်..ဘယ်နေရာ..ဘယ်လူမျိုးမဆို လွတ်လပ်စွာ သိရှိခွင့်ရှိ၏။ ပြည့်စုံမှုသာ ရှိ၏။ ထိုအလင်းရောင်မှာ ဓမ္မပင်ဖြစ်၏။ ဓမ္မကို သိသောကြောင့် ကံ ကံ၏အကျိုး ကုသိုလ် အကုသိုလ် ခွဲခြားနိုင်၏။ လိမ္မာစွာ နေထိုင်နိုင်၏။ လိမ္မာစွာ ပြောဆိုတတ်၏။ ဆောင်ရန် ရှောင်ရန်တို့ကို မှန်ကန်စွာ သိခွင့်ကြီးရပေ၏။ နိဗ္ဗာန်ရောက်ကြောင်းတရားနည်းလမ်းတို့ကိုပါ သိနေရ၏။ ထိုဓမ္မများကို နာခွင့်ရနေခြင်းမှာ အခွင့်ထူးဖြစ်၏။
ထိုတန်ဖိုးကြီးသော ဓမ္မတို့ကို မပျောက်အောင် ကာကွယ်ထိန်းသိမ်းထားဖို့ရာ လိုအပ်ပေ၏။ ကြာရှည်မတည်တံ့လျင် နောက်လူတို့မှာ ကံမကောင်းသူများ ဖြစ်ပေလိမ့်မည်။ ထို့သို့ ကာကွယ်ထိန်းသိမ်းပေးထားသော ပုဂ္ဂိုလ်များမှာလည်း အခြားမဟုတ်။ ရဟန်းတော်များပင် ဖြစ်၏။ သံဃာပင် ဖြစ်၏။ ကာကွယ်ထိန်းသိမ်းရာ၌လည်း မူရင်းအတိုင်းဖြစ်နေဖို့ရာ လိုပေ၏။ မူရင်းအတိုင်း ထိန်းသိမ်းထားမှုကို ထေရ၀ါဒဟု ခေါ်၏။ မြတ်ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါသော်လည်း ယခုချိန်ထိ သံဃာမှန်မရှိခဲ့လျင် ကျွန်ုပ်တို့ တရားကို နာယူလက်ခံခွင့် ဆုံးရှုံးလေမည်။ မြတ်ဗုဒ္ဓခေတ်က ပုဂ္ဂိုလ်များသာ တရားနာကြားခွင့်ရ၍ ကံကောင်းနေပေလိမ့်မည်။ ယခုတော့ သံဃာများရှိနေကြသေး၍ ကျွန်ုပ်တို့ပါ ဘုရားနှင့် ကြုံရသလိုပင် ကံကောင်းနေရ၏။ သံဃာသည်လည်း ကျေးဇူးကြီးမားလှပေ၏။

(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော်များအား လေ့လာမှတ်သားပြီး ရေးသားဖော်ပြထားသည်။
ဓမ္မစကြာတရားတော် အပိုင်း(၃) [mp3]- မင်းကွန်းဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော် [pdf] - မဟာစည်ဆရာတော်ဘုရားကြီး
မြတ်ဗုဒ္ဓသည် သတ္တဋ္ဌာန တို့တွင် သီတင်းသုံးတော်မူပြီးနောက် ပဉ္စမသတ္တာဟ ဖြစ်တဲ့ အဇပါလညောင်ပင်ကြီးရှိရာသို့ ပြန်လည်ကြွတော်မူခဲ့၏။ ဆိတ်ငြိမ်ရာ အရပ်သို့ချဉ်းကပ်တော်မူ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ယခုကဲ့သို့ စိတ်အကြံဖြစ်လေသည်။ “ရာဂ/ဒေါသ/မောဟတွေ ထူပြောများပြားတဲ့ သတ္တ၀ါတွေကို တရားဟောပေမဲ့ အကျိုးရှိမှာမဟုတ်ပေဘူး၊ ငါဘုရား ပင်ပန်းရုံသာရှိမည်” ဟု အဓိပ္ပါယ်ထွက်သော စိတ်အကြံတော်..ဖြစ်လေ၏။
ဤစိတ်အကြံမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်သည် သုမေဓာဘ၀ကတည်းက.


  • ဗုဒ္ဓေါဗောဓေယျံ = ငါသစ္စာ (၄)ပါးသိသလို သတ္တ၀ါတို့ကိုလည်း သိစေရမည်

  • မုတ္တော မောစေယျံ = ငါကိလေသာမှ ကင်းလွတ်ပြီးလျင် သတ္တ၀ါတို့ကို ကင်းလွတ်စေရမည်

  • တိဏ္ဏော တာရေယျံ = ငါသံသရာမှာ ကူးမြောက်ပြီးလျင် သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေရမည်..ဟူသော..



ရည်ရွယ်ချက်များကို ထားရှိခဲ့ပြီးသား ဖြစ်၏။ အခု မြတ်ဗုဒ္ဓ အဖြစ်ကိုရောက်ပြီးသကာလမှာတော့ တရားမဟောတော့မယ့် စိတ်အကြံဟာ ဖြစ်ခဲ့လေ၏။ မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို ဘေးကလူတို့က ကြည့်လျင် တကယ်ပဲ မြတ်ဗုဒ္ဓတရားမဟောတော့မည်ဟု အထင်မှားစရာဖြစ်၏။
အမှန်တော့ အခုလို စိတ်အကြံတော်ဖြစ်ခြင်းမှာ မြတ်စွာဘုရား နောင်ကို ဘယ်တော့မှာ တရား မဟောတော့ပါဘူးလို့ ဆင်ခြင်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန် အတွက်သာ ဖြစ်ပါ၏။ လက်ရှိအချိန်မှာမှ မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်၏။
မြတ်ဗုဒ္ဓရရှိထား သိထားအပ်ပြီးသော တရားတို့သည် လွန်စွာ နက်နဲသိမ့်မွေ့၏။ ကျယ်ပြန့်၏။ ထင်ရာတွေ တွေးပြီး စိတ်ကူးထားတဲ့ တရားမျိုးမဟုတ်။ လောက၏ အရှိတရားနှင့် အမှန်တရားတို့ကို ပြည့်စုံစွာ သိအပ်ထားပြီးဖြစ်၏။ ထိုကဲသို့ နက်နဲ သိမ်မွေ့သော တရားတို့ကို သိအပ်မြင်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက လေးသင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီ/စာဂ/စရိယများကို ပြည့်စုံစွာ ဆည်းပူးခဲ့ရပါ၏။ လူသာမာန်တို့ လုပ်နိုင်ခဲတဲ့ မြတ်သောအလုပ်-ပါရမီဖြည့်ကျင့်ခြင်း ကို မြတ်ဗုဒ္ဓအလောင်းတော်က အချိန်ကြာအောင် မရပ်မနားဘဲ ဖြည့်ကျင့်ခဲ့ရသေး၏။ မြတ်ဗုဒ္ဓဖြစ်မည့် လက်ရှိဘ၀တွင်ပင် မည်သူ့ထံမှာမှ နည်းနာမခံယူဘဲ ကိုယ်တော်တိုင် ကြိုးစားကြိုးကုတ် အားထုတ်ပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဟူသော သစ္စာလေးပါးတို့ကို ပိုင်းခြားထင်ထင် သိအပ်ခဲ့လေပြီ။ ထို့ကြောင့် ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရအောင်ယူထားပြီး ဖြစ်ရာ၏။
ယခု ဘုရားဖြစ်ပြီးနောက် သတ္တ၀ါတွေဘက်ကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်ကြည့်လိုက်တဲ့အခါ..
သတ္တ၀ါများသည် အ၀ိဇ္ဇာ ဖြင့် လွှမ်းမိုးနေကြ၏။ အ၀ိဇ္ဇာ၏ သတ္တိသည် ဖုံးခြင်းသဘောလည်း ရှိသည်။ ဖော်ခြင်းသဘောလည်းရှိသည်။ ဖုံးခြင်းဆိုသည် မှာ အမှန်ကို မမြင်နိုင်အောင်၊ အဓမ္မကို အဓမ္မမှန်းမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဖော်ခြင်းသဘောဆိုသည်မှာ မဟုတ်ကို အဟုတ်သဖွယ်ဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်၏။ [စာ-၆၆၊ ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟုမြင်ကြသည်။
မြတ်ဗုဒ္ဓက မည်သည့်ဘ၀ပင်ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟု ဟောတော့မည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောတော့မည့် တရားတော်မှာ သတ္တ၀ါအားလုံး မှတ်ထင်စွဲလမ်းတာနှင့် သိသာစွာ ဆန့်ကျင်နေ၏။ အ၀ိဇ္ဇာအမှောင်ဖြင့် ပိတ်ဆို့အပ်နေသော..တနည်းအားဖြင့် ကာမရာဂ၊ ဘ၀ရာဂ၊ ဒိဋ္ဌိရာဂ တို့၏ လွှမ်းမိုးခြင်းခံနေကြရသော သတ္တ၀ါတို့သည် မြတ်ဗုဒ္ဓဟောမည့် သိမ်မွေ့နက်နဲသော သစ္စာတရားတော်တို့ကို လွယ်လွယ်ဖြင့်တော့ မြင်နိုင်ကြမည်မဟုတ်ပေ။
တနည်းပြောရလျင် မြတ်ဗုဒ္ဓဟောမည့် တရားတော်တို့သည် အရှေ့ဘက်ကို လှည့်နေ၏။
သတ္တ၀ါတို့၏ လက်ရှိစိတ်နေစိတ်ထားက..အနောက်ဘက်ကို ချည်း လှည့်ထားကြပေ၏။..ထိုမျှလောက်ပင် ဆန်ကျင့်နေသည်။

မြင်သာအောင် လောကဥပမာဖြင့် ပြောရလျှင်..
မိဘ (၂)ပါးတို့သည် သားသမီးများ ကို ဆင်မြန်းပေးရန် အဖိုးတန်လှသော လက်ဝတ်တန်ဆာများကို ကြိုးစားရှာဖွေခဲ့၏။ တန်ဖိုးကြီးမားသော အဆင်တန်ဆာတွေကို ရပြီးတဲ့အခါ..သူတို့ သားသမီးများဘက်ကို ကြည့်ပြီး..ဤအဆင်တန်ဆာများသည် ငါတို့သမီးကြီး မဘုတ်ထိုင်းနှင့် တော်ပါ့မလား၊ ငါတို့သား မောင်ဘုတ်ထိုင်းနှင့် တော်ပါ့မလားဟု စဉ်းစားကြပေလိမ့်မည်။ သူတို့စဉ်းသားသင့်သလိုပဲ သားသမီးများကလည်း မိဘများဆင်ပေးမည့် တန်ဖိုးကြီးအဆင်တန်ဆာဘက်ကို မလှည့်ဘဲ အပျော်ကြီးပျော်နေကြလေသည်။
ထို့ကဲသို့ မိဘများစဉ်းစားသကဲ့သို့ပင် ယခုလည်းပဲ မြတ်ဗုဒ္ဓသည် သစ္စာလေးချက် ဓမ္မနက်ကို ဟုတ်တိုင်းမှန်စွာ သိအပ်ခဲ့လေပြီ။ အခု သတ္တ၀ါတို့ကို ထိုတရားတွေဟောမယ်လို့ ကြည့်လိုက်တော့ သတ္တ၀ါတို့က အာရုံငါးပါး ကာမဂုဏ်တောထဲ၌ မငြီးမငြူဘဲ အမွေ့လျော်ကြီး မွေ့လျော်နေကြပေသည်။

ခုတင်က ဥပမာလိုပင်..မိဘများက သူတို့သားသမီးများကို တန်ဖိုးကြီးတဲ့အဆင်တန်ဆာတွေ ဆင်ပေးချင်ပါဘိ..ဒါပေမယ့် သားသမီးများမှာတော့ ထိုအဆင်တန်ဆာတွေကို စိတ်မ၀င်စားဘဲ ကျောပေးပြီး ပျော်နေကြရှာသည်။ ထိုအခြေအနေမျိုးတွင် ဘယ်မိဘကမှ ရောဟယ့်ဆိုပြီး ချက်ချင်းကြီးတော့ မပေးပေ။ သင့်တော်ပါ့မလားတော့ စဉ်းစားရပေဦးမည်။
ထိုသို့ပင် မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို လောလောဆယ်အချိန်အတွက် တရားမဟောဖို့ စိတ်အကြံတည်ခြင်းမျှသာ ဖြစ်လေပြီ။
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ် ..စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးစပ်တရားတို့သည် အမှန်ရှိ၏။ တဏှာကုန်ဆုံးရာ နိဗ္ဗာန်သည်လည်း အမှန်ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘာဝဓမ္မသည် အလွန့်အလွန် သိမြင်ဖို့ရန် ခက်ခဲလှပေ၏။
အမှန်အားဖြင့် ဘ၀ကို ဒုက္ခသစ္စာဟု အမှန်အတိုင်းမြင်ပါမှ ဒုက္ခကိုဖြစ်စေတဲ့ သမုဒယသစ္စာကို ပယ်နိုင်အောင် ကြိုးစားပေမည်။ သမုဒယသစ္စာပယ်နိုင်ပါမှလည်း နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်လေမည်။
ထိုသို့ ခန္ဓာချုပ်ငြိမ်း တဏှာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် မြတ်ဗုဒ္ဓက သစ္စာ၌ အခြေခံသော ဓမ္မတို့ကို ဟောမည်ဟု သတ္တ၀ါပရိသတ်ဘက်ကို ကြည့်လိုက်တဲ့အခါ မကျွတ်ထိုက်မယ့် သတ္တ၀ါများ၊ ဥာဏ်မမှီသော သတ္တ၀ါများ ပါရမီမရှိကြသော သတ္တ၀ါများကို ရှေးဦးစွာ မြင်လေသည်။

ဒါလည်း အဆန်းရယ်တော့မဟုတ်ပေ။ ဥပမာ..
နှမ်းဖြူများမို့မောက်နေအောင် ထည့်ထားသော နှမ်းတင်းကြီးတစ်ခု ရှိမည်။ ထို နှမ်းဖြူတောင်းကြီးထဲတွင် နှမ်းအနက်လက်တဆုပ်စာမျှလောက်ကို နံ့အောင် မွှေ၍ရောထားမည်။ ခပ်လှမ်းလှမ်းမှ နေ၍ ထိုနှမ်းတောင်းကြီးကို ကြည့်မည်ဆိုလျှင် တောင်းကြီးထဲတွင် နှမ်း အဖြူများသာ ရှိမည်ထင်ပေတော့မည်။ အနက်က နည်းလွန်းလျှင် အနက်ကို နောက်မှသာ မြင်ပေလိမ့်မည်။ အဖြူက များလွန်းလျှင် အဖြူကို ဦးစွာမြင်ပေလိမ့်မည်။
ယခုလည်း မြတ်ဗုဒ္ဓ သည် ရွှေဥာဏ်တော်နှင့် ကြည့်လိုက်သောအခါ မကျွတ်ထိုက်သောသတ္တ၀ါများ သိသာစွာ ပထမဆုံး ဥာဏ်ဝမှာ လာထင်လေသည်။ ဒီလို မကျွတ်ထိုက်သောသူတွေကို သစ္စာတရားများ ဟောနေလို့က..ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံသာပဲဟု စိတ်ကြံရုံမျှသာ ဖြစ်၏။

ထို့ကြောင့် ..ထိုစိတ်အကြံတော်သည် မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်ပေ၏။
တနည်းအားဖြင့်..မြတ်ဗုဒ္ဓတို့ တရားဦးစတင်ဖို့ရန်အတွက် အချီနိဒါန်း (၂)ရပ် လိုအပ်ပေ၏။ ဤနိဒါန်းသည်တို့မှာ..

  1. ကိုယ်တော်မြတ်ရဲ့ သန္တန်၌ အထင်အရှားဖြစ်တည်သော မဟာကရုဏာတော် နှင့်

  2. လောကသမ္မတ ဗြဟ္မာကြီးက..တောင်းဆိုမှု..တို့ဖြစ်၏။



ယခု အချိန်တွင် ကိုယ်တော်မြတ်၏ သန္တာန်၌ မဟာကရုဏာတော်မှာ အထင်အရှား တည်နေလေပြီ။ သို့ပေမယ့် လောကသမ္မတ ဗြဟ္မာကြီး၏ တောင်းဆိုမှု မဖြစ်သေးသောကြောင့်..နိဒါန်း (၂)ရပ်လုံးမှာ မစုံသေးပေ။ မကြာမီတွင် စုံချေတော့မည်။

မြတ်ဗုဒ္ဓတို့သည် တရားဟောဖို့ရန်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရယူခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် တရားဟောချင် စိတ်အပြည့်ရှိပေသည်။ ဟုန်ဟုန်က ပုဏ္ဏား ဘာမသိညာမသိနှင့် မေးခွန်းလာမေးစဉ်ကဆိုလျင် မြတ်ဗုဒ္ဓက အချိန်မကျသေးပါဘဲ နိဒါန်းမစုံသေးပါဘဲ ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းနဲ့ ဥဒါန်းမှတဆင့် တရားဟောခဲ့သေး၏။

မြတ်ဗုဒ္ဓသည် အကျိုး ရှိ-မရှိကို သိရာ၌လည်း အနှိုင်းမဲ့ ဖြစ်၏။ သို့ဖြစ်၍ လုပ်ငန်းနှင့်အချိန်ကို အပိုအလိုမရှိဘဲ ကွက်တိဝင်အောင် အသုံးချတော်မူနိုင်ခြင်း ဖြစ်ပေသည်။ [စာ-၇၅-ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]

ထိုသို့ အသုံးချတော်မူနိုင်ခြင်းကြောင့်လည်း ဟုန်ဟုန်က ပုဏ္ဏားနှင့်တွေ့ခဲ့စဉ်ကလည်း တရားမဟောသေး…ယခုလည်းပဲ နိဒါန်းမစုံလင်သေးသည့်အတွက် လောလောဆယ်အတွက် တရားမဟောရန် စိတ်အကြံတည်ခြင်းမျှဖြစ်၏။
မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို သဟမ္ပတိဗြဟ္မာကြီးက သိသောအခါ..တကယ်ပဲ တရားမဟောတော့ဘူးလားဟု အလွန်ပင်စိုးရိမ်တကြီး ဖြစ်ခဲ့လေသည်။ အမှန်မှာတော့ မြတ်ဗုဒ္ဓသည် ယခုလောလောဆယ်အချိန်အတွက်.. အချိန်မကျသေး၍ နိဒါန်းမစုံလင်ပါသေး၍ တရားမဟောဖို့ရန် စိတ်တော်ညွတ်ခြင်းဖြစ်ပေ၏။ သဟမ္ပတိဗြဟ္မာကြီးသည်လည်း ဘေးကကြည့်သူပင် ဖြစ်လင့်ကစား စိုးရိမ်သွားရုံမျှပင်ဖြစ်၏။ ထို့နောက် အခြားသော နတ်ဗြဟ္မာများကြားအောင်.. “လောကကြီး တခုလုံး အဖတ်ဆယ်မရအောင် ပျက်စီးတော့မည်” ဟု အော်ဟစ် ကြွေးကြော်လေ၏။ နတ်ဗြဟ္မာများ ခြံရံလျက် သဟမ္ပတိဗြဟ္မာကြီးလည်း မြတ်ဗုဒ္ဓ ရှိရာသို့ ရောက်လာလေသည်။ ထို့နောက်.. ဗြဟ္မာကြီးက..

“သုဂတဂုဏ်တော်ကြီးနှင့် ချီးကျူးအပ်ပါပေသော မြတ်စွာဘုရား..သစ္စာလေးချက် ဓမ္မနက်ကို ဟောကြားတော်မူပါ။ မြတ်စွာဘုရား၏ တရားကို မနာကြားရလျင် သတ္တ၀ါများ နိဗ္ဗာန်နှင့် ဝေးပေလိမ့်မည်။ ဥာဏ်ထက်သောပုဂ္ဂိုလ် ကိလေသာ နည်းသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါလိမ့်မည်။ ယခု ကမ္ဘာလောကြီးတခုလုံးမှာ ဆူးခက်တွေ ခင်းထားသလို ဖြစ်နေပါ၏။ ထိုဆူးခက်များမှာ တိတ္ထိဆရာကြီးများ ဖန်တီးထားသော ကြံမိကြံရာ အယူဝါဒများပင် ဖြစ်ပါ၏။ ထို့ကြောင့် နိဗ္ဗာန်ရဲ့တံခါးဖြစ်တဲ့ မဂ္ဂင်ကို ဒေသနာဥာဏ်လက်တော်ဖြင့် ဖွင့်လှစ်ပေးတော်မူပါ” ဟု..

အဓိပ္ပါယ်ရသော တောင်းဆိုမှုကို ပြုလေ၏။
ဗြဟ္မာကြီးက..တောင်းဆိုမှုကို သုံးကြိမ် လျောက်တင်ခဲ့၏။..
အခုတော့ လိုအပ်သော နိဒါန်း (၂)ရပ်လုံးစုံချေပြီ။ ရှေးက.. လိုအပ်ချက် နိဒါန်းများ မစုံလင်သေးသောကြောင့် သစ္စာတရားမဟောခဲ့ခြင်းဖြစ်ပေသည်။ နိဒါန်းမစုံ အချိန်မကျသေးဘဲ သစ္စာတရားဟောပါကလည်း သတ္တ၀ါတို့က နားမလည်ဘဲ မြတ်ဗုဒ္ဓအဖို့ ပင်ပန်းကြီးရုံသာ ဖြစ်ပေမည်။ မြတ်ဗုဒ္ဓသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက် နှိုင်းချင့်တော်မူရာ၌လည်း အတော်ဆုံးဖြစ်ပေ၏။ ကွက်တိအကျဆုံးဖြစ်ပေ၏။

ယခုတဖန် မြတ်ဗုဒ္ဓသည် ရွှေဥာဏ်တော်ကြီးဖြင့် လောကကို ကြည့်လေပြီ။..ထိုရွှေဥာဏ်ကြီးမှာ သဗ္ဗညုတဥာဏ်တော်ကြီး ပင်ဖြစ်၏။ ထိုဥာဏ်တော်သည် သတ္တ၀ါအားလုံး၏ ဣနြေ္ဒ အနုအရင့် စရိုက် စသည်တို့ကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းပေ၏။ ထို့သို့ ကြည့်သောအခါ..ဥာဏ်မျက်စိတွင် ကိလေသာ မြူမှုန် နည်းသော သတ္တ၀ါတွေ၊ များသော သတ္တ၀ါတို့ကို ဗုဒ္ဓ၏ ဥာဏ်စက္ခု၌ သန့်လျက် ကန့်လျက် ထင်ထင်ရှားရှား မြင်တော်မူလေသည်။

ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် နည်းသော သူတို့ကို ကျွတ်ထိုက်သော သူများဟု ခေါ်၏။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် များသော သူတို့ကို မကျွတ်ထိုက်သော သူများဟု ခေါ်၏။


မြတ်ဗုဒ္ဓ၏ ရွှေဥာဏ်တော်ကြီးဖြင့် မြင်တော်မူပုံကို မြင်သာအောင် ဥပမာဖြင့် ဖော်ပြရလျင်..

ကမ်းပါးပေါ်မှရပ်ကြည့်နေသောလူတစ်ဦးသည်..
ရေပြင်ထက်၌ ပေါ်သော အချို့သော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ရေပြင်နှင့်အညီ ရှိနေကြသော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ကြည်လင်သော ရေပြင်အောက်၌ပင် ရှိနေကြသေးသော ကြာတို့ကိုလည်း မြင်ပေလိမ့်မည်။

ရေပြင်ထက်၌ ပေါ်သော ကြာအဖူအငုံများသည် နေထွက်လျင်ပင် ပွင့်အာတော့ပေမည်။..ထို့ကြောင့် ထိုကြာတို့သည်..တရားအကျဉ်းဟောလိုက်ရုံဖြင့် သစ္စာလေးတန်သိ အရိယာပုဂ္ဂိုလ်များဖြစ်မည့် သူတို့နှင့် တူပေမည်။
ရေပြင်နှင့်အညီတည်နေသော ကြာတို့သည်..တရားအကျယ်ဟောပါမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။
ရေပြင်အောက်မှ ကြာများကတော့ လှပစွာ ပွင့်ဖို့ရန်အတွက် အချိန်စောင့်ရပေမည်။ နောက်ရက်များမှ ပွင့်နိုင်မည့် ကြာမျိုးပင်ဖြစ်သည်။ တရားတော်ကို ထပ်တလဲလဲ နာ..ကိုယ်တိုင်လည်း ပွားများမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။…


မြတ်ဗုဒ္ဓသည် ထိုကြာသုံးမျိုးနှင့် တူပေသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ထင်ရှားစွာ မြင်လေပြီ။ ထို့သို့ မြင်လေပြီးနောက်..

“ရှေးက သာသနာကွယ်ပြီးနောက် ယခုထက်တိုင် ထုပ်ထား နှောင်ထားသော ရတနာထုပ်နှင့်တူသော သဒ္ဓါထုပ်တွေကို အကင်းပါး ဥာဏ်ရှိသူတို့ ဖြည်ထားကြပါကုန်လော့
ငါဘုရားကား နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သော မဂ္ဂင် (၈)ပါးတံခါးကို ပိတ်၍မထားဘဲ အမြဲပင် ဖွင့်လျက်ထား၏”


ထိုသို့ အဓိပ္ပါယ်ထွက်သော စကားတော်ကို မိန့်တော်မူလေသည်။
အဓိပ္ပါယ်မှာ လေးနက်ပေ၏။ သဒ္ဓါတရားသည် လွန်စွာအရေးကြီးပေသည်။ ပထမဆုံးအနေဖြင့်ပင် အရေးပါ၏။ မြတ်ဗုဒ္ဓ၏ တရားတော်ကို သိမြင်အပ်ဖို့ရန်အတွက်…


  • ယုံကြည်မှု သဒ္ဓါသည် ရှေးဦးစွာ လိုအပ်၏

  • ယုံကြည်မှု သဒ္ဓါရှိမှ ဆည်းကပ်လိမ့်မည်။

  • ဆည်းကပ်ပါမှလည်း တရားဆိုတာကို နာရကောင်းမှန်း အောက်မေ့ကြပေလိမ့်မည်။

  • တရားတော်ကို နာကြားပါမှလည်း ယထာဘူတ အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပေလိမ့်မည်။

  • အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ပါမှလည်း မြတ်ဗုဒ္ဓဟောသော တရားတော်တို့ကို သိအပ်မြင်အပ်ပေမည်။



သဒ္ဓါဆိုသည်မှာလည်း Religion ဆန်ဆန် အကန်းယုံကြည်မှု (belief) မျိုးမဟုတ်ပေ။ လူနာတစ်ဦးသည် ကျွမ်းကျင်တတ်မြောက်သော ဆရာဝန်ကြီး၌ ထားရှိအပ်သော (သို့မဟုတ်ပါက) တပည့်တစ်ဦးက မြတ်သောဆရာပေါ်၌ထားရှိအပ်သော ယုံကြည်မှုမျိုး (confidence) ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဒ္ဓါကို ဘာသာပြန်ရာ၌လည်း.. belief အစား confidence ဟု ဘာသာပြန်မှ သင့်လျော်ပေမည်။ [p-7, Ven. Narada, Buddhism in Nutshell]

မြတ်ဗုဒ္ဓ၏ အထက်ပါ မိန့်တော်မူချက်ကို သဟမ္ပတိဗြဟ္မာကြီး ကြားသောအခါ..မြတ်ဗုဒ္ဓ တရားဦးဟောရန် ခွင့်ပြုလိုက်ပြီဟု..သတ်မှတ်ပြီး..လက်ယာရစ် မြတ်ဗုဒ္ဓအား ရှိခိုးကန်တော့ပြီးနောက်...ဗြဟ္မာပြည်သို့ ပြန်ကြွသွားလေတော့သည်။

အောက်ပါတရားတော်ကို အထပ်ထပ်အခါခါ နာကြားမှတ်သားပြီးမှ ကောက်နုတ်ဖော်ပြထားသည်။
ဓမ္မစကြာတရားတော် အပိုင်း ၂/၃- မင်းကွန်းဆရာတော်ဘုရားကြီး


ဆန်းကိုဦး
သတ္တဋ္ဌာန ဗုဒ္ဓ၀င်
4:48 AM | Author: sankooo
ဘုရားအလောင်းတော်မြတ်သည် မဟာသက္ကရာဇ် (၁၀၃) ကဆုန်လပြည့်နေ့ ၌ သဗ္ဗညုတဥာဏ်တော်ကိုရ၍ သုံးလောကထွတ်ထား ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ တနည်းအားဖြင့် BC 588 တွင် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ ရောက်ဆဲ သာသနာနှစ် (၂၅၅၄) တွင် မြတ်ဗုဒ္ဓ ရှိနေခဲ့သော (၄၅)၀ါကို ပေါင်းထည့်လိုက်ပါက..(၂၅၉၉)နှစ်ရပါမည်…ထို့ကြောင့်.လွန်ခဲ့သော နှစ်ပေါင်း (၂၅၉၉) တွင်.. သမ္မာသမ္ဗုဒ္ဓ အဖြစ်ရောက်တော်မူခဲ့၏။ ဘုရားဖြစ်ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် အနီးအနား (၇)ဋ္ဌာန တို့တွင်..(၇)ရက်စီ သီတင်းသုံးတော်မူခဲ့ပါ၏။

  1. ပလ္လင်္ကသတ္တာဟ (ဗောဓိသတ္တာဟ)
    မဟာဗောဓိ မဏ္ဍိုင်၊ အပရာဇိတပလ္လင် ထက် မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ မှ (၇)ရက်နေ့ထိ သီတင်းသုံးတော်မူခဲ့၏။ ထိုကဲ့သို့ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် တင်ပျဉ်ခွေ မပျက်ဘဲ (၇)ရက် လုံးလုံး ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူ၏။ ဖလသမာပတ်ချမ်းသာဖြင့် စံတော်မူစဉ် အကြားအကြားကာလတွေမှာတော့…ပဋိစ္စသမုပ္ပါဒ် ကို အနုလုံ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူ၏။
    အနုလုံ - သံသရာစက် မပြတ် လည်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
    ပဋိလုံ - သံသရာစက် ပြတ်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
    ပဋိစ္စသမုပ္ပါဒ် ကို အသေးစိတ် ရွှေဥာဏ်တော်နှင့် ဆင်ခြင်သုံးသပ်တဲ့အခါ ဘုရားရှင်၏ စိတ်တော်ထဲမှာ နှစ်လိုအားရ ၀မ်းမြောက်တော်မူခဲ့ပါသည်။ ဆီခွက်/ဆီအိုးထဲမှာ ဆီတွေထည့်လိုက်လျှင် တဖြေးဖြေး ဆီတွေဟာ လျှံတက်ပြည့်တက်လာသလို ပါပဲ။ မြတ်ဗုဒ္ဓရဲ့…ပီတိသောမနဿ အဟုန်တွေကလည်း ကိုယ်တော်မြတ် ၀မ်းတော်တွင်းထဲမှာ မဆံ့တော့ဘဲ အစဉ်သဖြင့် ခံတွင်းတော်ရောက်ပြီး ရွှေနုတ်တော်မှတဆင့် ဥဒါန်းဆိုတဲ့စကားတော်တွေဟာ ထွက်တော်မူခဲ့၏။ မဟာဗောဓိ မဏ္ဍိုင် မှာပဲ တင်ပျဉ်ခွေ မပျက် (၇)ရက် သီတင်းသုံးတော်မူခဲ့တဲ့ ထိုဋ္ဌာနကိုပဲ ပလ္လင်္ကသတ္တာဟ ဟုခေါ်ပါ၏။ ဗောဓိသတ္တာဟ ဟုလည်း ခေါ်၏။

  2. အနိမိသသတ္တာဟ
    ပလ္လင်္ကသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် ရဲ့ အရှေ့မြောက် ထောင့် ယွန်းယွန်း ကုန်းမြင့်ကလေး တခု ပေါ်မှာ ရပ်တော်မူပြီး..ဗောဓိ မဏ္ဍိုင် ကို ကြည့်တော်မူ၏။ မြတ်ဗုဒ္ဓသည်.. မလှုပ်မရှား ဘဲ (၇)ရက်လုံးလုံး ထိုကုန်းမြင့်လေး ပေါ်မှနေ၍…မျက်တောင်မခတ်ဘဲ မဟာဗောဓိပင်ကို ကြည့်တော်မူခဲ့သည်။ ထိုကဲ့သို့ ရပ်တော်မူလျက် သတင်းသုံးတော်မူစဉ်က. ဋ္ဌာနကို အနိမိသသတ္တာဟ ဟုခေါ်၏။

  3. စင်္ကမသတ္တာဟ
    အနိမိသသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် နဲ့ အနိမိသကုန်းတော်အကြား အရှေ့/အနောက် လူးလာတွန့်ခေါက် စင်္ကြံ လျှောက်တော်မူပါ၏။ (၇)ရက်လုံးလုံး စင်္ကြံ လျှောက်တော်မူရင်း ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုကဲ့သို့ စင်္ကြံ လျှောက်တော်မူခဲသော ဋ္ဌာနကို စင်္ကမသတ္တာဟ ဟုခေါ်၏။

  4. ရတနာဃရသတ္တာဟ
    စင်္ကမသတ္တာဟလွန်ပြီးတဲ့နောက်…မဟာဗောဓိပင်ရဲ့ အနောက်မြောက်ထောင့်အရပ် ဆီမှာရှိတဲ့ နတ်တို့ ဖန်ဆင်းထားတဲ့ ရတနာဃရ အိမ်တွင်..မြတ်ဗုဒ္ဓသည်..အဘိဓမ္မာ (၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါ၏။ (၇)ရက် လုံးလုံး အဘိဓမ္မာ (၇)ကျမ်းကို ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူရင်း နောက်ဆုံးရက်၊ နောက်ဆုံးကျမ်း ပဋ္ဌာန်းကျမ်းတော်ကို ဆင်ခြင်တဲ့အခါ မြတ်ဗုဒ္ဓရဲ့ သွေးတော်များသည်..ထူးကဲစွာ ကြည်လင်သန့်ရှင်းပြီး ရူပကာယမှ ရောင်ခြည်တော် (၆) ပါး ပေါ်ထွက်တော်မူ၏။ ရောင်ခြည်တော် (၆)ပါးဟာ. အရှေ့/အနောက်/၀ဲယာ/အထက်/အောက် ပါမကျန် တဖိတ်ဖိတ် တဖွားဖွား ကွန့်မြူးထွက်ပေါ်လာတော့သည်။ ထိုသို့ အဘိဓမ္မာ (၇)ကျမ်း ဆင်ခြင်သုံးသပ်ရာ ဋ္ဌာနကို ရတနာဃရသတ္တာဟ ဟုခေါ်၏။

  5. အဇပါလသတ္တာဟ
    ရတနာဃရသတ္တာဟ ပြီးတဲ့နောက်..မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်မှ အရှေ့ဘက် အရပ်၌ တည်ရှိသော အဇပါလ အရပ်သို့ ကြွတော်မူပါ၏။ အဇပါလအရပ်ဆိုသည်မှာ..ဆိတ်ကျောင်းသားများ၊ ပုဏ္ဏားအိုများ လာရောက် အနားယူအရိပ်ခိုရာ ညောင်ပင်ကြီးဖြစ်၏။ ထို အဇပါလညောင်ပင်ကြီး၌.. မြတ်ဗုဒ္ဓသည် (၇)ရက်လုံးလုံး ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုသို့ နေတော်မူစဉ် ဟုန်ဟုန်က အမည်ရှိတဲ့ ပုဏ္ဏားတစ်ယောက် ရောက်ရှိလာ၏။ မြတ်ဗုဒ္ဓအား ဘုရားရှင်စင်စစ် ဖြစ်မှန်းမသိပေ။ ထို့ကြာင့် အရိုအသေပြု ရှိခိုးခြင်းမရှိဘဲ “ကျန်းမာပါရဲ့လား” ဟု စကားဦးပြောဆို ပြီးနောက်…
    “အရှင်ကို ကြည့်ရတာ အထူးကြည်ညိုဖွယ်ကောင်းလှပါသည် ဣနြေ္ဒ ကလည်း ကောင်းလှ၏၊ အသားအရေကလည်း ကြည်လင်၏်၊ အသိဥာဏ် ထူးပုံရ၏၊ မေးခွန်းတခုလောက်မေးပါရစေ” ဟု ဆိုပြီး သူသိချင်တဲ့ မေးခွန်းကို မေးလျှောက်ပါ၏။ သူမေးတဲ့ မေးခွန်းမှာ…
    အဘယ်မျှသော တရားတွေနဲ့ ဗြဟ္မဏ ဖြစ်နိုင်ပါသလဲ…အဲတရားတွေဟာလည်း အဘယ်တရားများ ဖြစ်သလဲလို့ မေးလျောက်ခဲ့ပါ၏။
    သူမေးတဲ့မေးခွန်းက လေးနက်မှုရှိ၍ အရေးလည်း ကြီးပါသည်။ မြတ်ဗုဒ္ဓသည်လည်း အားလုံးသောသတ္တ၀ါတို့ကို တရားဟောဖို့ အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်လာခဲ့ရတာဖြစ်တဲ့အတွက် တရားဟောချင်စိတ်အပြည့်ရှိပြီးသားဖြစ်၏။ သို့ပေမယ့် ထိုပုဏ္ဏားအား တရားမဟောခဲ့ပေ။ သူ၏ မေးခွန်းက လေးနက်သလောက် သူဟာ တရားနဲ့ ဝေးတဲ့ သူဖြစ်၏။ ထိုသူကို ဟော၍လည်း သရဏဂုံလေးမျှပင် တည်မယ့်သူ မဟုတ်မှန်း မြတ်ဗုဒ္ဓသိတော်မူ၏။ ထိုပုဏ္ဏားသည် တရားနဲ့ဝေးတဲ့သူဖြစ်၏။ သို့ပါသောကြောင့် တရားမဟောခြင်းဖြစ်၏။ သို့ပေမယ့် မေးခွန်းက လေးနက်နေသောကြောင့် ဘာမျှမဟောဘဲ ဆိတ်ဆိတ် နေ၍လည်း မဖြစ်ပေ။ ထို့ကြောင့် ကိုယ်တော်မြတ်ဘာသာ ကိုယ်တော်မြတ် ဥဒါန်းစကားတော်ကျူးခဲ့၏။ မြတ်ဗုဒ္ဓ ရဲ့ ဥဒါန်းတော်သည် …ရာဂ/ဒေါသ/မောဟ/မာန/ဒိဋ္ဌိ ကိလေသာတွေ ကင်းတဲ့ ပုဂ္ဂိုလ်သည် ဗြဟ္မဏ မည်ပါ၏.. ဟု အဓိပ္ပါယ်ထွက်ပေသည်။ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် မြတ်ဗုဒ္ဓ၏ သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်စေချင်သော မဟာကရုဏာတော်ကြီးမှာ ပေါ်လွင်ပေ၏။ တရားနှင့်ဝေးသောသူကိုပင် မြတ်ဗုဒ္ဓက ဥဒါန်းတော်မှတဆင့် ရတဲ့နည်းဖြင့် အဖြေကို ဟောပေးတော်မူခဲ့သေး၏။ လေးစား ကြည်ညိုဖွယ် ကောင်းလှပေသည်။ မြတ်ဗုဒ္ဓ၏ အများအကျိုးဆောင်ခြင်းမှာ အကွက်စေ့ သေချာလှပေ၏။
    ထိုသို့…အဇပါလ ညောင်ပင်မှာ သီတင်းသုံးတော်မူခဲ့တဲ့ ဋ္ဌာနကို အဇပါလသတ္တာဟ ဟုခေါ်၏။

  6. မုစလိန္ဒသတ္တာဟ
    မဟာဗောဓိပင် ရဲ့ တောင်ဘက်အရပ် ကိုက် (၃၀၀) ခန့်တွင် မုစလိန္ဒရေအိုင်ကြီးရှိ၏။ ထိုရေအိုင်ကြီး၌ နဂါးများ နေ၏။ ထိုရေအိုင်ကြီး၏ ကမ်းပါး၌လည်း ကျည်းပင်ကြီးတစ်ပင် တည်ရှိသည်။ မြတ်ဗုဒ္ဓသည်.. အဇပါလသတ္တာဟတွင် သီတင်းသုံးပြီးနောက် ထိုကျည်းပင်ကြီး ရှိရာအရပ်သို့ ကြွတော်မူ၏။ ကျည်းပင်ကြီးအရိပ်တွင် (၇)ရက်လုံးလုံးဆက်လက် သီတင်းသုံးတော်မူ၏။ ထိုသို့ နေစဉ်တွင်.. ရုတ်တရက် မိုးသက်လေပြင်း ကျရောက်လာပေသည်။ ထိုကဲ့သို့သော မိုးမျိုးမှာ လောက၌ ဘုရားရှင်တစ်ဆူပွင့်ပေါ်တိုင်း ရွာသွန်းမြဲဖြစ်၏။ ထိုအချိန်တွင် ရေအိုင်ထဲမှ..မုစလိန္ဒနဂါးမင်းသည် ကမ်းပါးသို့ တက်လာပြီး..မြတ်ဗုဒ္ဓအား လေဒါဏ် မိုးဒါဏ် ကာကွယ်ပေးပြီး ပူဇော်၏။ မုစလိန္ဒ နဂါးမင်းဟာ..ရတနာဘုံဗိမ္မာန် ဖန်ဆင်းပြီး ပူဇော်နိုင်သောစွမ်းအားရှိပေသည်။ သို့ပေမယ့်…ကိုယ်တိုင်ပြုတဲ့ ဝေယျာဝိစ္စ ကုသိုလ် ပြုချင်တာကြောင့်..ထိုင်တော်မူနေသော မြတ်ဗုဒ္ဓကို (၇) ပတ် ရစ်ပတ်ပြီး ကာကွယ် ပူဇော်ပေးခဲ့၏။ အခန်းတခု ထဲတွင် ထည့်ထားတဲ့အလား မြတ်ဗုဒ္ဓအား လုံခြုံစွာ ရစ်ပတ်ပူဇော်ခဲ့၏။ ထို့နောက်မှာ..မြတ်ဗုဒ္ဓရဲ့ ဦးခေါင်းတော်ကို မိုးစက်မိုးပေါက်များ မကျရောက်အောင် အပေါ်မှ ထီးပမာ ပါးပြင်းမိုးပြီး ပူဇော်ပေးခဲ့ပါသည်။ မုစလိန္ဒနဂါးရဲ့ အပူဇော်ခံပြီး ဖလသမာပတ်ချမ်းသာ နဲ့ (၇)ရက် စံတော်မူရာ ဋ္ဌာနကိုပဲ မုစလိန္ဒသတ္တာဟ ဟုခေါ်၏။

  7. ရာဇာယတနသတ္တာဟ
    ထို့နောက်မှာ မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် တောင်ဘက် အရပ်တွင် တည်ရှိသော လင်းလွန်းပင်ကြီး အရိပ်သို့ ကြွတော်မူခဲ့၏။ ထိုလင်းလွန်းပင်ရင်း အရိပ်မှာပဲ ဖလသမာပတ်ချမ်းသာဖြင့် တင်ဖျဉ်ခွေမပျက် (၇)ရက် ဆက်လက် သီတင်းသုံး နေတော်မူ၏။


အထက်ပါ (၇)ဋ္ဌာန များတွင် (၇)ရက်စီ ..အားလုံး (၄၉) ရက် သီတင်းသုံးတော်မူခဲ့ပါသည်။ ထို (၄၉)ရက် အတွင်း မြတ်ဗုဒ္ဓသည်..အဘယ်ဆွမ်းကိုမျှ မသုံးဆောင်ခဲ့ရ၊ အလေးအပေါ့သွားခြင်းလည်း မရှိပေ၊ ကြိမ်းစက်ခဲ့ခြင်းလည်းမရှိ ခဲ့ပေ။ သောက်ရေ/သုံးရေ ကိုပင် မသုံးခဲ့ရပေ။ မြတ်ဗုဒ္ဓ မဖြစ်မီက သုံးဆောင်တော်မူခဲ့သော သုဇာတာကပ်သော ဃနာနို့ဆွမ်းသာလျင် ၀မ်းတော်ထဲ၌ရှိခဲ့ပါ၏။ (၄၉)ရက်လုံးလုံး သိုလှောင်ထားခဲ့ရသော ထိုအညစ်အကြေးအဟောင်းများကို စွန့်ဖို့ စိတ်တော်ဖြစ်ခဲ့၏။ သိကြားမင်းက..နတ်ဆေးများ ဆပ်ကပ်၏။ ထိုနတ်ဆေးများ သုံးဆောင်ပြီးတဲ့နောက် ခန္ဓာကိုယ်ရဲ့ အလေးအပေါ့အားလုံးဟာ..သန့်ရှင်းသွားခဲ့ပေ၏။ ထို့နောက်တွင် မြတ်ဗုဒ္ဓသည်.. နေရဉ္ဇရာမြစ်၌ ရေချိုးသန့်စင်ပြီး..လင်းလွန်းပင်ရှိရာသို့ ပြန်လည်ကြွတော်မူသည်။..
လင်းလွန်းပင်အောက်တွင်ပင်.. နောက်ထပ် (၇)ရက် သီတင်းသုံးတော်မူပြန်၏။ သိကြားမင်းက..ဒုတိယအကြိမ် အားဖြစ်စေဖို့ နတ်အားဆေးများ ဆပ်ကပ်ခဲ့၏။ မြတ်ဗုဒ္ဓသည် သိကြားမင်းကပ်သော နတ်အားဆေးများကို သုံးဆောင်ပြီးနောက်မှာ..လူသာမာန်များဆပ်ကပ်သော ဆွမ်းကို ဖုန်ပေးဖို့ရာ စိတ်အကြံဖြစ်တော်မူခဲ့၏။ ထိုစဉ် နတ်မင်းကြီး (၄)ပါးသည်..သပိတ်(၄)လေးကို ကိုင်ဆောင်လာပြီး..လှူဒါန်းဖို့ရာ..အဆင်သင့်ဖြစ်နေကြလေ၏။ ထိုအချိန်မှာပဲ..ဥက္ကလာပတိုင်းသား တဖုဿ နှင့် ဘလ္လိကာ ကုန်သည်ညီနောင်တို့ သည်..ဘ၀ဟောင်းက မိခင်တော်စပ်ဖူးခဲ့သော နတ်သမီးရဲ့ ကြွေးကြော် တိုက်တွန်းမှုကြောင့်..ဆွမ်းခဲဖွယ်အပြည့်အစုံ တို့ဖြင့် ဘုရားရှင်ရှိရာ လင်းလွန်းပင်ကြီးအရပ်ဆီသို့ ရောက်ရှိလာပါသည်။ မြတ်ဗုဒ္ဓသည်..သိကြားမင်းတို့ ဆပ်ကပ်သော သပိတ်ကြီး (၄)လုံးကို ဘယ်လက်ပေါ်မှာ တခုစီဆင့်ပြီးတဲ့နောက် ညာဘက်လက်တော်ဖြင့်..အပေါ်မှ ဖိချလိုက်တဲ့အခါ..အနား(၄)ရစ်ဖြင့် သပိတ် (၁)လုံးတည်း ဖြစ်သွားပါ၏။ ကုန်သည် ညီနောင်တို့ ကပ်တဲ့ ဆွမ်းတို့ကို ထိုသိပိတ်ဖြင့် အလှူခံ၏။ ထို့နောက် ကုန်သည်ညီနောင်တို့သည် .မြတ်ဗုဒ္ဓထံ၌.တရားနာပြီးတဲ့နောက်..သရဏဂုံ (၂)ပါးကို ဆောက်တည်ခဲ့၏။ မြတ်ဗုဒ္ဓသည်..ထိုကုန်သည်ညီနောင်တို့အား ဆံတော် (၈)ဆူ ပေးတော်မူခဲ့၏။
ထို ဆံတော်(၈)ဆူကို ဋ္ဌာပနာထားပြီး ရွှေတိဂုံစေတီတော်ကြီးအား တည်ထားခြင်းဖြစ်ပေသည်။

241
မြတ်ဗုဒ္ဓ နှင့် ကုန်သည်ညီနောင်တို့
(image: မြန်မာကျူးပစ်မှ ရယူထားပါသည်။)

အောက်ပါတရားတော်များမှ ကောက်နုတ်ဖော်ပြသည်။
၁) ဓမ္မစကြာတရားတော် (mp3)- မင်းကွန်းဆရာတော်ဘုရားကြီး
၂) သတ္တဋ္ဌာန-ခုနှစ်ပတ်ဖြစ်စဉ် ဗုဒ္ဓ၀င် (vcd)- သီတဂူဆရာတော်ဘုရားကြီး