ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ သာသနာတော်အရှည်တည်တံ့ကြောင်းတရားတော် ကို နာဖြစ်ခဲ့ပါတယ်..ဒီတရားထဲမှာ ဆရာတော် သင်ပေးလိုက်တဲ့ မှတ်သားဖွယ်စာပိုဒ်လေးများကို ဒီပို့စ်မှာ ချရေးလိုက်ပါတယ်။
BC (543) (သို့) မဟာသက္ကရာဇ် (၁၄၈)၊ ကဆုန်လပြည့်နေ့ ညပိုင်းအချိန်
မလ္လာမင်းတို့အင်ကြင်းဥယျာဉ် မှာ..
မြတ်စွာဘုရား အင်ကြင်းပင်ပျို (၂)ပင်အကြား ညောင်စောင်းလေးပေါ်မှာ..လျောင်းတော်မူနေပါတယ်။
အားတော်လည်း နည်းပါးပြီး ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ ပါပဲ။
ဒီအချိန်မှာ သုဘဒ္ဒ အမည်ရှိတဲ့ ပရိဗိုဇ်ဟာ..ဘုရားရှင်ထံသို့ ရောက်ရှိလာပါတယ်။
သူမှာ့ မေးလျောက်စရာမေးခွန်းရှိနေလို့ပါ။
ဘုရားရှင်ထံကို ၀င်တွေ့ခွင့်ရအောင် အရှင်အာနန္ဒာ မထေရ်ထံမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပါတယ်။
နောက်တော့ ၀င်ဖူးတွေ့ခွင့်ရသွားပြီး..ဘုရားထံကို ချဉ်းကပ်ခဲ့ပါတယ်။

သူရဲ့ မေးလျောက်တဲ့မေးခွန်းက..
သူဟာ အရင်က..တိတ္ထိဆရာကြီးများထံမှာ..
တပည့်ခံပြီး သူတို့ရဲ့ နည်းလမ်းများနဲ့ ကျင့်ကြံအားထုတ်နေကြောင်း..ဒါပေမယ့် ယခုချိန်ထိလည်း ဘာတရားထူးကိုမှ မရသေးကြောင်း
ထိုဆရာကြီးများကလည်း သူတို့ဟာ ရဟန္ဒာကြီးများဖြစ်ပါတယ်လို့ ပြောကြောင်း..
အဲဒါ သူတို့ပြောတာ မှန်၏ မမှန်၏ သိချင်လွန်းတဲ့အတွက်..ဘုရားရှင်ထံမှာ မေးလျောက်တာဖြစ်ပါတယ်.

ဘုရားရှင်က သုဘဒ္ဒ ပရိဗိုဇ်ကိုးကွယ်နေခဲ့တဲ့ ဆရာကြီးတွေ မှန်တယ်/မှားတယ် မဟောဘဲ..ဘာသာအယူဝါဒအစ်အမှန်ကိုခွဲခြားစိစစ်နိုင်ဖို့.
ဘုရားအစစ်အမှန် ဟုတ်မဟုတ် ခွဲခြားနိုင်ဖို့..မှတ်ကျောက်အဖြေလေးကို ဟောလိုက်ပါတယ်..
အဲဒါကတော့..
“မဂ္ဂင် (၈)ပါး အကျင့်တရား မရှိရာ ဘာသာအယူဝါဒ၌ ကိလေသာ ငြိမ်းသူမရှိ၍ ဆင်းရဲငြိမ်းသူမရှိနိုင်”

ဒီစကားကို တမျိုးပြန်ပြောမယ်ဆိုရင်..
“မဂ္ဂင် (၈)ပါး အကျင့်တရား ရှိရာ ဘာသာအယူဝါဒ၌ ကိလေသာ ငြိမ်းသူရှိ၍ ဆင်းရဲငြိမ်းသူရှိနိုင်သည်”

မြတ်စွာဘုရားဟောခဲ့တဲ့ စကားတော်ပေါ်မှာ အခြေတည်ပြီး ဆရာတော်ဘုရား နုတ်တိုက်သင်ပေးလိုက်တဲ့စာပိုဒ်လေးများကတော့..


  1. ဘာသာ မှန်/မမှန် စိစစ်ရန် စံမှန်/စံကောင်း ရှိပါသလော..
    ဘာသာ မှန်/မမှန် စိစစ်ရန် စံမှန်/စံကောင်း ရှိပါသည်။

  2. သာသနာ မှန်/မမှန် ခွဲဝေဖန် တင်ရန် မှတ်ကျောက် ရှိပါသလော..
    သာသနာ မှန်/မမှန် ခွဲဝေဖန် တင်ရန် မှတ်ကျောက် ရှိပါသည်။

  3. မဂ္ဂင် ရှစ်တန် စံကောင်းမှန် တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။

  4. ရှစ်ဖြာမဂ္ဂင် ဘောင်မ၀င် ကျင့်စဉ် မှားလှသည်။

  5. ရှစ်ဖြာမဂ္ဂင် ဘောင်၌၀င် ကျင့်စဉ် မှန်လှသည်။

  6. ကျင့်စဉ်မှန်မှ ၀ဋ်ဒုက္ခ မုချ ငြိမ်းစေသည်။

  7. ဒုက္ခငြိမ်းမှ ထိုဝါဒ မုချ စစ်မှန်သည်။

  8. ဗုဒ္ဓသာသနာ မဂ် (၈)ဖြာ သေချာရှိပါသည်။

  9. ထို့ကြောင့် ဗုဒ္ဓ ယူဝါဒ ဒုက္ခ ငြိမ်းစေသည်။

  10. ထို့ကြောင့် ဗုဒ္ဓ ယူဝါဒ မုချ စစ်မှန်သည်။

  11. မဂ္ဂင် ရှစ်ထွေ ကျင့်သူတွေ ကိလေ ငြိမ်းကြသည်။

  12. ကိလေငြိမ်းမှ ၀ဋ်ဒုက္ခ မုချ ငြိမ်းလေသည်။

  13. ဒုက္ခငြိမ်းမှ ထိုဝါဒ မုချ စစ်မှန်သည်။

  14. မဂ္ဂင် ရှစ်ထွေ မကျင့်ပေ ကိလေ မငြိမ်းပြီ။

  15. ကိလေမငြိမ်း ဆင်းရဲကိန်း ငြိမ်းအေး ချမ်းသာ မရပြီ။

  16. ချမ်းသာမဆောင် တရားယောင် ဝေးအောင်ရှောင်ရမည်။



မြတ်စွာဘုရားဟောခဲ့တဲ့ မှတ်ကျောက် အဖြေလေးအပေါ်မှာ ဆရာတော်ဘုရားက..
မှတ်မိလွယ်အောင် နုတ်တိုက်သင်ပေးလိုက်တာလေးတွေက တကယ်ကို တန်ဖိုးရှိတယ်။
မဂ္ဂင် ရှစ်ပါး အကျင့်မြတ်ရှိတဲ့သာသနာ အယူဝါဒသာလျင် ကျွန်တော်တို့အားလုံး အတွက်..
ကောင်းကျိုးချမ်းသာအစစ်အမှန်ကို ပေးနိုင်လို့ပါပဲ။
ဘာလို့လဲဆိုတော့ မဂ္ဂင် ရှစ်ပါး အကျင့်မြတ်ကို လိုက်နာမည်ဆိုရင် ကိလေသာ အပူမီးတွေကနေ အမှန်တကယ် ကင်းဝေးပြီး ဒုက္ခတွေအားလုံးကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့အတွက်ကြောင့်..ဖြစ်ပါတယ်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ သာသနာတော်အရှည်တည်တံ့ကြောင်းတရားတော် မှ ကောင်နုတ်ဖော်ပြလိုက်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ.. ဘုရားလောင်းတော်ဘ၀အဖြစ်နဲ့ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီတော်များကို ဖြည့်ကျင့်တော်မူခဲ့ပါတယ်။
ပါရမီ (Perfection) = လူမြတ်တို့လုပ်ငန်း (noble deed or noble task)
ထိုပါရမီတော်များကို ရေတွက်ပြသော်..




















































1ဒါနပါရမီ (Generosity)စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
2သီလပါရမီ (Morality)၅ပါး၊ ၈ ပါး စသော ၁၀ ပါးဆိုင်ရာသီလများကို စောင့်ထိန်းမှု
3နိက္ခမပါရမီ (Renunciation)စည်းစိမ်ကို စွန့်ခွာ၍ တောထွက်မှု
4ပညာပါရမီ (Wisdom)အရာရာ၌ တတ်သိနားလည်မှု
5၀ီရိယပါရမီ (Energy/Perseverance)ကုသိုလ်ကိစ္စတို့၌ မကြောက်မရွံ့သက်စွန့်ကြိုးပမ်းအားထုတ်မှု
6ခန္တီပါရမီ (Patience)သူတစ်ပါးက နှိပ်စက်လျှင် သည်းညည်းခံနိုင်မှု နှင့် အအေးအပူစသော ဒဏ်ကိုခံနိုင်မှု
7သစ္စာပါရမီ (Truthfulness)မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်မှု
8အဓိဋ္ဌာန်ပါရမီ (Determination)ရည်မှန်းသော ကောင်းသော အလုပ်၌ မဖြစ်မနေ စွဲစွဲမြဲမြဲ ဇွဲကောင်းမှု
9မေတ္တာပါရမီ (Loving-kindness)သတ္တ၀ါတို့အပေါ်၌ ချစ်ခင်သော အားဖြင့် ကောင်းကျိုးလိုလားမှု
10ဥပေက္ခာပါရမီ (Equanimity)မုန်းအောင် ပြုသည်ကိုလည်း မမုန်း၊ ချစ်ခင်အောင် ပြုသည်ကိုလည်း မချစ်ဘဲ လျစ်လျူရှုမှု

စာမျက်နှာ-၁၆/လူသားစစ်စစ် ဗုဒ္ဓ - ဦးဋ္ဌေးအောင် ၊ English translation by Ashin THITTILA, Buddhism Handbook - 76
ဘုရားလောင်းတော်သည် ထိုပါရမီတော်များကို အဆင့် (၃)ဆင့် ဖြင့် ဖြည့်ကျင့်ခဲ့ပါတယ်။ ဥပမာ ..
ဒါနပါရမီ - စွန့်ကြဲပေးကမ်းလှူဒါန်းမှု တွင်..

  1. ခန္ဓာကိုယ်နှင့်မစပ်သော အပြင်ဘက်က ပစ္စည်းများကို ပေးကမ်းလှူဒါန်းခြင်း - မူလဒါန

  2. မျက်စိ/နား/နှာစသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုစွန့်လွတ်၍ လှူဒါန်းခြင်း - ဥပဒါန

  3. အသက်နှင့်ခန္ဓာကိုယ်ကိုစွန့်လွတ်၍ လှူဒါန်းခြင်း - ပရမတ္ထဒါန


ဒါကြောင့် ဒါနပါရမီဖြည့်ကျင့်ရာ၌ အဆင့်သုံးဆင့်ရှိနေတယ်..
ထို့အတူပါပဲ သီလပါရမီ ဖြည့်ကျင့်ရာမှာလည်းပဲ..

  1. စီးပွား/ရာထူး အာဏာကို စွန့်၍ သီလစောင့်ထိန်းမှု (မူလသီလ)

  2. ခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်၍ သီလစောင့်ထိန်းမှု (ဥပသီလ)

  3. အသက်ကိုစွန့်၍ သီလစောင့်ထိန်းမှု (ပရမတ္ထသီလ)


..ဆိုပြီး အဆင့်သုံးဆင့် ရှိပါတယ်။ ဒီလိုပဲ တခြား ပါရမီများမှာလည်း ထိုအဆင့်သုံးဆင့်စီ ရှိကြပါတယ်..
ဒါကြောင့် ထိုအဆင့် (၃)ဆင့်ကို..

  1. မူလပါရမီ

  2. ဥပပါရမီ

  3. ပရမတ္ထပါရမီ


ဟု ခေါ်ပါတယ်။
ထိုအဆင့် (၃)ဆင့်ဖြင့် ပါရမီ (၁၀)ပါး ကို မြှောက်သော် ပါရမီ အပါး (၃၀) ကို ရပါတယ်။ ဒါကြောင့် ပါရမီ ဆိုသည်မှာ.(၁၀)ပါးပင်ရှိသော်လည်းပဲ.. အဆင့် (၃)ဆင့်ဖြင့် အကျယ်ပွားပါက.. ပါရမီတော် အပါး (၃၀) ရရှိပါတယ်။
ဘုရားလောင်းတော်သည် ရည်ရွယ်ချက် (၈)ပါးထားရှိခဲ့ပြီး..ထိုပါရမီ အပါး (၃၀)ကို ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့ပါတယ်။ ထို့သို့ ဆောင်ရွက်ရာမှာလည်း နည်း (၅)ပါး ကို အခြေခံပြီး ဆောင်ရွက်တော်မူခဲ့ပါတယ်။ ဘုရားလောင်းတော်ရဲ့ ရည်ရွက်ချက် (၈)ပါးကို ကျွန်တော် အရင်ပို့စ်မှာ ဖော်ပြခဲ့ပြီးပြီဖြစ်လို့..အခု နည်း (၅)ပါး ကို ဖော်ပြလိုက်ပါတယ်။


  1. အချိန်အကြာကြီး ဆောင်ရွက်တော်မူခြင်း

  2. မရပ်မနား ဆောင်ရွက်တော်မူခြင်း.

  3. ကောင်းမှုမှန်သမျှကို အကြွင်းအကျန်မရှိဆောင်ရွက်တော်မူခြင်း

  4. ရိုရိုသေသေ လေးလေးစားစား ဆောင်ရွက်တော်မူခြင်း

  5. ပျင်းရိခြင်းမရှိဘဲ စိတ်ပါ လက်ပါ ပျော်ပျော်ပါးပါး ဆောင်ရွက်တော်မူခြင်း


..တို့ဖြစ်ပါသည်။

ဘုရားလောင်းတော်ဟာ သတ်မှတ်ထားပြီးသားရည်ရွယ်ချက်တို့ကို အတိမ်းအစောင်း မခံဘဲ ပါရမီတော်တို့ကို ပြည့်စုံတဲ့တိုင်အောင် အချိန်အကြာကြီးယူပြီးဆောင်ရွက်ခဲ့ပါတယ်။ ကောင်းမှုကုသိုလ်ကို လုပ်ရာမှာလည်း ခဏတဖြုတ်လေး ဟန်ပြလုပ်ရုံမျိုး မရှိခဲ့ဘဲ တကယ်ကို စိတ်ပါလက်ပါ အချိန်အကြာကြီး ဆောင်ရွက်တော်မူခဲ့ပါတယ်။ ပါရမီတော်များလုပ်ချိန်အတွင်းမှာလည်း ခဏတာ အနားယူ အပန်းဖြေခြင်း မရှိဘဲ ဆက်ကာဆက်ကာ ဆင့်ကာဆင့်ကာ ဆောင်ရွက်ခဲ့ပါတယ်။ ကောင်းမှုကုသိုလ်များကိုလည်း တစ်ခုတစ်လေမျှ ချန်လပ်ထားတာမျိုးမရှိဘဲ အားလုံးစုံအောင် ဆောင်ရွက်တော်မူပြန်ပါတယ်။ မိမိလုပ်နေခဲ့တဲ့ပါရမီဖြည့်ခြင်းကိုလည်း လေးလေးစားစား တန်ဖိုးထားခဲ့ပါတယ်။
ဒါကြောင့် ဘုရားလောင်းတော်ဟာ လေးသေင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ရည်ရွယ်ချက် (၈) ပါး၊
နည်း (၅) ပါးတို့နဲ့ ပါရမီပေါင်း (၃၀) ကို ကောင်းစွာ ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့ပါတယ်။

ဘုရားလောင်းတော်ရဲ့ ဒီရည်ရွယ်ချက်တွေ၊ နည်းလမ်းတွေ ပါရမီတော်တွေကို ဖတ်ပြီး ကျွန်တော်တို့ ဂုဏ်တော်တွေ ဆင့်ပွားလို့ရပါတယ်..ဥပမာ..


  1. ပါရမီတော်တို့ကို လေးလေးစားစား ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..

  2. ပါရမီတော်တို့ကို အချိန်အကြာကြီး ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..

  3. ပါရမီတော်တို့ကို မရပ်မနား ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..

  4. ပါရမီအပါး(၃၀)ကို အကြွင်းအကျန်မရှိ ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..

  5. ပါရမီတော်များကို အစုံအလင်ပြည့်စုံအောင် ဖြည့်ကျင့်ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..

  6. ရည်ရွယ်ချက်မပြတ် ပါရမီတော်များကို ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..

  7. မြင့်မြတ်သောအလုပ်ကို ဆောင်ရွက်တော်မူခဲ့သော မြတ်စွာဘုရား..



ဆိုပြီး ဂုဏ်တော်အဖြစ်နဲ့ ပွားများလို့ရပါတယ်..ဒါဆို..သုဂတော ဂုဏ်တော်ကြီးထဲမှာ အကျုံးဝင်သွားပါလိမ့်မယ်။
(သီတဂူဆရာတော်ဘုရားကြီး ၏ ကဆုန်လပြည့်နေ့တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။)