(ယခင် ပို့စ်မှ အဆက်)
သဟမ္ပတိဗြဟ္မာကြီး...မြတ်ဗုဒ္ဓအားရိုရိုသေသေ ရှိခိုးကန်တော့၍.. ဗြဟ္မာပြည်သို့ ပြန်လည်ကြွသွားပြီးတဲ့နောက်....
မြတ်ဗုဒ္ဓ တစ်ပါးတည်း အဇပါလ ညောင်ပင်အရိပ်တွင် ကျန်ရစ်ခဲ့ပြီ။ အဲဒီအချိန် မြတ်ဗုဒ္ဓသည် ဆင်ခြင်စဉ်းစားတော်မူလေပြီ။ တရားလက်ဦးဟောဖို့ရန်အတွက် ဖြစ်၏။ အဘယ်သူကို အရင်ဆုံး တရားဟောရမလဲ၊ အဘယ်သူသည် ငါဘုရားဟောမည့် တရားကို ပိုင်းပိုင်းခြားခြား သိနိုင်ပါမလဲ ဟု စိတ်အကြံတော် ဖြစ်လေ၏။ တရားဦးကို နာယူမည့် ကျွတ်ထိုက်မည့် တရားနာပရိသတ်အတွက် မြတ်ဗုဒ္ဓက..စဉ်းစားဆင်ခြင်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားဦးနဲ့ ပက်သက်လာလျင် အကြံဖြစ်ထိုက်သော ပုဂ္ဂိုလ် (၃)စုရှိ၏။..၎င်းတို့မှာ..

  1. အာဠာရရသေ့ကြီး
  2. ဥဒကရသေ့ကြီး
  3. ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါး

တို့ဖြစ်ကြ၏။ အာဠာရရသေ့ နှင့် ဥဒကရသေ့ တိုမှာ..မြတ်ဗုဒ္ဓအလောင်းတော် တောထွက်စဉ်အခါက..တရားဆွေးနွေးခဲ့ဖူးသော ရသေ့ကြီးများဖြစ်၏။ ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါးတို့မှာ..မြတ်ဗုဒ္ဓအလောင်းတော် ဒုက္ကရစရိယာအကျင့် ကျင့်စဉ်က..ရေပူ/ရေချမ်း ကမ်းလှမ်းခဲ့သော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူတို့ ဖြစ်ကြ၏။

ကာလမအမျိုးအနွယ် အာဠာရရသေ့ သည် ပညာရှိသည်။ လိမ္မာသည်။ ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန် နည်းပါးသော သူဖြစ်၏။ လျင်မြန်စွာ တရားထူးရနိုင်သောသူ ဖြစ်၏။ ကျွတ်ထိုက်သောသူများတွင် သူသည် ပထမဆုံး နေရာတွင်ရှိ၏။ ထို့ကြောင့် သူ့အား တရားဦး ဟောရန် ကောင်းပေစွ ဟု မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်လေ၏။ ထိုစိတ်အကြံသည် ပကတိ စိတ်ကူးပင်ဖြစ်၏။ ဥာဏ်ထူးဖြင့် ဆင်ခြင်ခြင်း မဟုတ်သေးပေ။ ထို့ကဲ့သို့ မြတ်ဗုဒ္ဓ စိတ်အကြံ တည်လိုက်ပြီးနောက်.... အနီးအနား၌ မထင်မရှား ကွယ်ပနေသော နတ်တစ်ဦးသည်..မြတ်ဗုဒ္ဓအား အခုလို..လျောက်တင်လေ၏။..

“ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား…
ကာလမအမျိုးအနွယ် အာဠာရရသေ့သည် ယနေ့မှ လွန်ခဲ့သော (၇)ရက်မြောက်နေ့တွင်....စုတိပျက်ကြွေ သေခဲ့လေပြီ” ဟု လျောက်တင်လေသည်။

နတ်၏အခုလို လျောက်တင်မှုပြီးသောသကာလ မြတ်ဗုဒ္ဓသည် ကိုယ်ပိုင်ဥာဏ်တော်ဖြင့် အာဠာရရဲ့ ဂတိကို စဉ်းစားဆင်ခြင်လိုက်သောအခါ..အမှန်ပင်.. အာဠာရသည် အတိတ် (၇)ရက်၌ ကွယ်လွန်ခဲ့ပြီး အာကိဉ္စညာယတန ဟူသော အရူပဘုံသို့ ရောက်ရှိနေလေပြီ။ ထိုသို့ သိမြင်ပြီးနောက် မြတ်ဗုဒ္ဓသည် ဆက်လက်ပြီး အခုလို..စိတ်အကြံဖြစ်တော်မူ၏။

“အာဠာရရသေ့ အဆုံးရှုံးကြီး ဆုံရှုံးခဲ့လေပြီ။”

ဟုတ်ပေ၏။ အာဠာရရသေ့ အလွဲကြီးလွဲခဲ့ပြီ။ အခွင့်အခါ ကောင်းကို လွဲချော်သွားခြင်းဖြစ်၏။ သူ၏ လွဲချော်မှုမှာ အသေစောသွားသောကြောင့်ဖြစ်ပေ၏။ တရား မဦးပဲ (၇)ရက် အသေဦးခဲ့သောကြောင့် ယခုတော့ မြတ်ဗုဒ္ဓ၏ တန်ဖိုးရှိလှသော ဓမ္မစကြာတရားဦးကို နာကြားခွင့်မရတော့ပြီ။
ထို့ကြောင့်လည်း မိုးကုတ်တရားစခန်း၏ နေ့စဉ်ဆောင်ပုဒ်အတိုင်း အသေမဦးခင် ဥာဏ်ဦးရန် အထူးလိုပေ၏။
အာဠာရရသေ့သည် ဥာဏ်ကောင်းသူဖြစ်၏။ မြတ်ဗုဒ္ဓ တရားဦး နာကြားလိုက်ရလျင် တရားကို သိမြင် အရဟတ္တမဂ်ဖိုလ်ဆိုက်ရောက်ပြီး ရဟန္တာအထိပင် ဖြစ်နိုင်၏။ ထိုသို့ ထူးချွန်သောသူ ဖြစ်ပါလျက် (၇)ရက် အသေ စောသွားသဖြင့် အဆုံးရှုံးကြီး ဆုံးရှုံးသွားခြင်းဖြစ်၏။ ထို့အပြင် အာဠာရရသေ့ ရောက်ရှိနေသော အာကိဉ္စညာယတန အရူပဘုံတွင် ရုပ်မရှိပေ။ စိတ်စေတသိက် နာမ်တရားသက်သက်သာ ရှိ၏။ ရုပ်မရှိသဖြင့် တရားနာရန် နား မရှိပေ။ ထိုဘုံ၌ သူနေရမည့် ကာလသည်လည်း အလွန်ကြာညောင်းပေဦးမည်။ ကမ္ဘာပေါင်း ခြောက်သောင်းထိပင်ဖြစ်၏။ ထိုဗြဟ္မာသက်တမ်း ကုန်ဆုံးပြီးသောအခါ လူ့ဘ၀ သို့ ပြန်လည်ရောက်နိုင်ပါသော်လည်း ပုထုဇဉ်အနေဖြင့်ပင် သံသရာထဲ ကျင်လည်ရပေဦးမည်။ အာဠာရရသေ့ ၏ ဆုံးရှုံးမှုက..ကြီးမားလွန်းလှသည်။ အာဠာရရသေ့အတွက် မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်ပြီးနောက် …

ဥဒကရသေ့အတွက် မြတ်ဗုဒ္ဓသည် ပကတိစိတ်ဖြင့်ပင် ပထမအကြိမ် စိတ်အကြံဖြစ်လေ၏။
ရာမဆရာကြီး၏ သားတပည့် ဥဒကသည်လည်း ပညာရှိပေ၏။ လိမ္မာ၏။ တရားနာလိုက်ရလျင် လျင်မြန်စွာ သိမြင်မည့် ပုဂ္ဂိုလ်ပင်ဖြစ်၏။ ထို့ကြောင့် သူ့အား တရားဦးဟောရန် ကောင်းပေစွ ဟု.. မြတ်ဗုဒ္ဓ စိတ်အကြံတည်လေ၏။ ထိုအချိန် အနီးအနားမှပင် မထင်မရှားကွယ်ပနေသော နတ်တစ်ဦးမှ..

“ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား…
ရာမ၏ သားတပည့် ဥဒကသည်လည်းပဲ ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ” ဟု လျောက်တင်လေသည်။

မြတ်ဗုဒ္ဓလည်း ကိုယ်ပိုင်ဥာဏ်တော်ဖြင့် ဥဒက၏ဂတိကို ဆင်ခြင်လိုက်သောအခါ....မှန်ပေ၏။ ဥဒကလည်း ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ။ ယခု သူရောက်ရှိနေသော ဘုံမှာ..နေ၀သညာနာယတနဘုံပင်ဖြစ်၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ဥဒကအတွက် ယခုကဲ့သို့ စိတ်အကြံဖြစ်လေ၏။

“ဥဒကရသေ့သည်လည်း အဆုံးရှုံးကြီး ဆုံးရှုံးခဲ့လေပြီ။”

မှန်ပေ၏။ ဥဒကရသေ့ လက်ရှိရောက်ဆဲ ဘုံမှာလည်း ရုပ်မရှိပေ။ ထိုဘုံ၌ သူသည် ကမ္ဘာပေါင်း (၈)သောင်း(၄)ထောင် ရှိနေရဦးမည်။ ရုပ်မရှိသဖြင့် တရားဦးနာရန် အခွင့်ထူးကို မရတော့ပေ။ သူသည်လည်း သစ္စာတရားနာလိုက်ရလျင် ရဟန္တာဖြစ်နိုင်သော သူဖြစ်ပေ၏။ ယခုတော့ ဥဒကရသေ့ စစ်မှန်သောတရားကို မနာလိုက်ရသဖြင့် ဆုံးရှုံးသွားခဲ့လေပြီ။
.....................
(ကျွန်တော့်အတွေး)
တရားနာရန်မှာ လွန်စွာအရေးကြီး၏။ မည်မျှပင် ထူးချွန်သူဖြစ်ပါစေ မြတ်ဗုဒ္ဓ၏ သစ္စာတရားတော်လေးကိုမှ မနာရလျင် ဒုက္ခသစ္စာ မငြိမ်းနိုင်ပေ။ ဒုက္ခသစ္စာမကင်းသေးသမျှတော့ ထပ်၍ ငိုနေရဦးမည် ပူဆွေးနေရဦးမည် သောကတွေဝေနေရဦးမည် ပူလောင်နေရဦးမည်…. ပြီးပြည့်စုံသော ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပေ။ မြတ်ဗုဒ္ဓ၏ ဓမ္မသည် လွန်စွာတန်ဖိုးကြီးမားလေ၏။ ကျေးဇူးကြီးမားလှ၏။ ရတနာသုံးပါးမှာ အကျွန်ုပ်တို့အတွက် လှည့်ပတ်ဆက်နွယ်၍ ကျေးဇူးပြုနေလေသည်။
မြတ်ဗုဒ္ဓဖော်ထုတ်ပေးမှုကြောင့် ရနိုင်ခဲ သိနိုင်ခဲသော ဓမ္မများ ပေါ်ထွက်လာ၏။ မြတ်ဗုဒ္ဓပေါ်ထွန်းလာခြင်းသည် ကျွန်ုပ်တို့အတွက် အလင်းရောင် ပေးမည့်ပုဂ္ဂိုလ် ပေါ်ထွန်းခြင်းပင်ဖြစ်ပေ၏။ ထိုအလင်းရောင်၏ အကျိုးကျေးဇူးသည် ကန့်သက်ချက်မရှိ။ ဘေးဥပဒ် မရှိ။ မမျှတမှု မရှိပေ။ ကန့်သက်ချက်ရှိနေခြင်းဆိုသည်မှာ အမှန်တော့ ကောင်းကျိုးဆိုးကျိုး ရောနေခြင်းဖြစ်၏။ ဘက်လိုက်မှုလည်း ပါနေပေမည်။ မြတ်ဗုဒ္ဓပေးသော အလင်းရောင်၌ ဆိုးကျိုးမရှိ။ ဘက်လိုက်မှုမရှိ။ ဘယ်အချိန်..ဘယ်နေရာ..ဘယ်လူမျိုးမဆို လွတ်လပ်စွာ သိရှိခွင့်ရှိ၏။ ပြည့်စုံမှုသာ ရှိ၏။ ထိုအလင်းရောင်မှာ ဓမ္မပင်ဖြစ်၏။ ဓမ္မကို သိသောကြောင့် ကံ ကံ၏အကျိုး ကုသိုလ် အကုသိုလ် ခွဲခြားနိုင်၏။ လိမ္မာစွာ နေထိုင်နိုင်၏။ လိမ္မာစွာ ပြောဆိုတတ်၏။ ဆောင်ရန် ရှောင်ရန်တို့ကို မှန်ကန်စွာ သိခွင့်ကြီးရပေ၏။ နိဗ္ဗာန်ရောက်ကြောင်းတရားနည်းလမ်းတို့ကိုပါ သိနေရ၏။ ထိုဓမ္မများကို နာခွင့်ရနေခြင်းမှာ အခွင့်ထူးဖြစ်၏။
ထိုတန်ဖိုးကြီးသော ဓမ္မတို့ကို မပျောက်အောင် ကာကွယ်ထိန်းသိမ်းထားဖို့ရာ လိုအပ်ပေ၏။ ကြာရှည်မတည်တံ့လျင် နောက်လူတို့မှာ ကံမကောင်းသူများ ဖြစ်ပေလိမ့်မည်။ ထို့သို့ ကာကွယ်ထိန်းသိမ်းပေးထားသော ပုဂ္ဂိုလ်များမှာလည်း အခြားမဟုတ်။ ရဟန်းတော်များပင် ဖြစ်၏။ သံဃာပင် ဖြစ်၏။ ကာကွယ်ထိန်းသိမ်းရာ၌လည်း မူရင်းအတိုင်းဖြစ်နေဖို့ရာ လိုပေ၏။ မူရင်းအတိုင်း ထိန်းသိမ်းထားမှုကို ထေရ၀ါဒဟု ခေါ်၏။ မြတ်ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါသော်လည်း ယခုချိန်ထိ သံဃာမှန်မရှိခဲ့လျင် ကျွန်ုပ်တို့ တရားကို နာယူလက်ခံခွင့် ဆုံးရှုံးလေမည်။ မြတ်ဗုဒ္ဓခေတ်က ပုဂ္ဂိုလ်များသာ တရားနာကြားခွင့်ရ၍ ကံကောင်းနေပေလိမ့်မည်။ ယခုတော့ သံဃာများရှိနေကြသေး၍ ကျွန်ုပ်တို့ပါ ဘုရားနှင့် ကြုံရသလိုပင် ကံကောင်းနေရ၏။ သံဃာသည်လည်း ကျေးဇူးကြီးမားလှပေ၏။

(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော်များအား လေ့လာမှတ်သားပြီး ရေးသားဖော်ပြထားသည်။
ဓမ္မစကြာတရားတော် အပိုင်း(၃) [mp3]- မင်းကွန်းဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော် [pdf] - မဟာစည်ဆရာတော်ဘုရားကြီး
မြတ်ဗုဒ္ဓသည် သတ္တဋ္ဌာန တို့တွင် သီတင်းသုံးတော်မူပြီးနောက် ပဉ္စမသတ္တာဟ ဖြစ်တဲ့ အဇပါလညောင်ပင်ကြီးရှိရာသို့ ပြန်လည်ကြွတော်မူခဲ့၏။ ဆိတ်ငြိမ်ရာ အရပ်သို့ချဉ်းကပ်တော်မူ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ယခုကဲ့သို့ စိတ်အကြံဖြစ်လေသည်။ “ရာဂ/ဒေါသ/မောဟတွေ ထူပြောများပြားတဲ့ သတ္တ၀ါတွေကို တရားဟောပေမဲ့ အကျိုးရှိမှာမဟုတ်ပေဘူး၊ ငါဘုရား ပင်ပန်းရုံသာရှိမည်” ဟု အဓိပ္ပါယ်ထွက်သော စိတ်အကြံတော်..ဖြစ်လေ၏။
ဤစိတ်အကြံမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်သည် သုမေဓာဘ၀ကတည်းက.


  • ဗုဒ္ဓေါဗောဓေယျံ = ငါသစ္စာ (၄)ပါးသိသလို သတ္တ၀ါတို့ကိုလည်း သိစေရမည်

  • မုတ္တော မောစေယျံ = ငါကိလေသာမှ ကင်းလွတ်ပြီးလျင် သတ္တ၀ါတို့ကို ကင်းလွတ်စေရမည်

  • တိဏ္ဏော တာရေယျံ = ငါသံသရာမှာ ကူးမြောက်ပြီးလျင် သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေရမည်..ဟူသော..



ရည်ရွယ်ချက်များကို ထားရှိခဲ့ပြီးသား ဖြစ်၏။ အခု မြတ်ဗုဒ္ဓ အဖြစ်ကိုရောက်ပြီးသကာလမှာတော့ တရားမဟောတော့မယ့် စိတ်အကြံဟာ ဖြစ်ခဲ့လေ၏။ မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို ဘေးကလူတို့က ကြည့်လျင် တကယ်ပဲ မြတ်ဗုဒ္ဓတရားမဟောတော့မည်ဟု အထင်မှားစရာဖြစ်၏။
အမှန်တော့ အခုလို စိတ်အကြံတော်ဖြစ်ခြင်းမှာ မြတ်စွာဘုရား နောင်ကို ဘယ်တော့မှာ တရား မဟောတော့ပါဘူးလို့ ဆင်ခြင်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန် အတွက်သာ ဖြစ်ပါ၏။ လက်ရှိအချိန်မှာမှ မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်၏။
မြတ်ဗုဒ္ဓရရှိထား သိထားအပ်ပြီးသော တရားတို့သည် လွန်စွာ နက်နဲသိမ့်မွေ့၏။ ကျယ်ပြန့်၏။ ထင်ရာတွေ တွေးပြီး စိတ်ကူးထားတဲ့ တရားမျိုးမဟုတ်။ လောက၏ အရှိတရားနှင့် အမှန်တရားတို့ကို ပြည့်စုံစွာ သိအပ်ထားပြီးဖြစ်၏။ ထိုကဲသို့ နက်နဲ သိမ်မွေ့သော တရားတို့ကို သိအပ်မြင်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက လေးသင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီ/စာဂ/စရိယများကို ပြည့်စုံစွာ ဆည်းပူးခဲ့ရပါ၏။ လူသာမာန်တို့ လုပ်နိုင်ခဲတဲ့ မြတ်သောအလုပ်-ပါရမီဖြည့်ကျင့်ခြင်း ကို မြတ်ဗုဒ္ဓအလောင်းတော်က အချိန်ကြာအောင် မရပ်မနားဘဲ ဖြည့်ကျင့်ခဲ့ရသေး၏။ မြတ်ဗုဒ္ဓဖြစ်မည့် လက်ရှိဘ၀တွင်ပင် မည်သူ့ထံမှာမှ နည်းနာမခံယူဘဲ ကိုယ်တော်တိုင် ကြိုးစားကြိုးကုတ် အားထုတ်ပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဟူသော သစ္စာလေးပါးတို့ကို ပိုင်းခြားထင်ထင် သိအပ်ခဲ့လေပြီ။ ထို့ကြောင့် ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရအောင်ယူထားပြီး ဖြစ်ရာ၏။
ယခု ဘုရားဖြစ်ပြီးနောက် သတ္တ၀ါတွေဘက်ကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်ကြည့်လိုက်တဲ့အခါ..
သတ္တ၀ါများသည် အ၀ိဇ္ဇာ ဖြင့် လွှမ်းမိုးနေကြ၏။ အ၀ိဇ္ဇာ၏ သတ္တိသည် ဖုံးခြင်းသဘောလည်း ရှိသည်။ ဖော်ခြင်းသဘောလည်းရှိသည်။ ဖုံးခြင်းဆိုသည် မှာ အမှန်ကို မမြင်နိုင်အောင်၊ အဓမ္မကို အဓမ္မမှန်းမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဖော်ခြင်းသဘောဆိုသည်မှာ မဟုတ်ကို အဟုတ်သဖွယ်ဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်၏။ [စာ-၆၆၊ ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟုမြင်ကြသည်။
မြတ်ဗုဒ္ဓက မည်သည့်ဘ၀ပင်ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟု ဟောတော့မည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောတော့မည့် တရားတော်မှာ သတ္တ၀ါအားလုံး မှတ်ထင်စွဲလမ်းတာနှင့် သိသာစွာ ဆန့်ကျင်နေ၏။ အ၀ိဇ္ဇာအမှောင်ဖြင့် ပိတ်ဆို့အပ်နေသော..တနည်းအားဖြင့် ကာမရာဂ၊ ဘ၀ရာဂ၊ ဒိဋ္ဌိရာဂ တို့၏ လွှမ်းမိုးခြင်းခံနေကြရသော သတ္တ၀ါတို့သည် မြတ်ဗုဒ္ဓဟောမည့် သိမ်မွေ့နက်နဲသော သစ္စာတရားတော်တို့ကို လွယ်လွယ်ဖြင့်တော့ မြင်နိုင်ကြမည်မဟုတ်ပေ။
တနည်းပြောရလျင် မြတ်ဗုဒ္ဓဟောမည့် တရားတော်တို့သည် အရှေ့ဘက်ကို လှည့်နေ၏။
သတ္တ၀ါတို့၏ လက်ရှိစိတ်နေစိတ်ထားက..အနောက်ဘက်ကို ချည်း လှည့်ထားကြပေ၏။..ထိုမျှလောက်ပင် ဆန်ကျင့်နေသည်။

မြင်သာအောင် လောကဥပမာဖြင့် ပြောရလျှင်..
မိဘ (၂)ပါးတို့သည် သားသမီးများ ကို ဆင်မြန်းပေးရန် အဖိုးတန်လှသော လက်ဝတ်တန်ဆာများကို ကြိုးစားရှာဖွေခဲ့၏။ တန်ဖိုးကြီးမားသော အဆင်တန်ဆာတွေကို ရပြီးတဲ့အခါ..သူတို့ သားသမီးများဘက်ကို ကြည့်ပြီး..ဤအဆင်တန်ဆာများသည် ငါတို့သမီးကြီး မဘုတ်ထိုင်းနှင့် တော်ပါ့မလား၊ ငါတို့သား မောင်ဘုတ်ထိုင်းနှင့် တော်ပါ့မလားဟု စဉ်းစားကြပေလိမ့်မည်။ သူတို့စဉ်းသားသင့်သလိုပဲ သားသမီးများကလည်း မိဘများဆင်ပေးမည့် တန်ဖိုးကြီးအဆင်တန်ဆာဘက်ကို မလှည့်ဘဲ အပျော်ကြီးပျော်နေကြလေသည်။
ထို့ကဲသို့ မိဘများစဉ်းစားသကဲ့သို့ပင် ယခုလည်းပဲ မြတ်ဗုဒ္ဓသည် သစ္စာလေးချက် ဓမ္မနက်ကို ဟုတ်တိုင်းမှန်စွာ သိအပ်ခဲ့လေပြီ။ အခု သတ္တ၀ါတို့ကို ထိုတရားတွေဟောမယ်လို့ ကြည့်လိုက်တော့ သတ္တ၀ါတို့က အာရုံငါးပါး ကာမဂုဏ်တောထဲ၌ မငြီးမငြူဘဲ အမွေ့လျော်ကြီး မွေ့လျော်နေကြပေသည်။

ခုတင်က ဥပမာလိုပင်..မိဘများက သူတို့သားသမီးများကို တန်ဖိုးကြီးတဲ့အဆင်တန်ဆာတွေ ဆင်ပေးချင်ပါဘိ..ဒါပေမယ့် သားသမီးများမှာတော့ ထိုအဆင်တန်ဆာတွေကို စိတ်မ၀င်စားဘဲ ကျောပေးပြီး ပျော်နေကြရှာသည်။ ထိုအခြေအနေမျိုးတွင် ဘယ်မိဘကမှ ရောဟယ့်ဆိုပြီး ချက်ချင်းကြီးတော့ မပေးပေ။ သင့်တော်ပါ့မလားတော့ စဉ်းစားရပေဦးမည်။
ထိုသို့ပင် မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို လောလောဆယ်အချိန်အတွက် တရားမဟောဖို့ စိတ်အကြံတည်ခြင်းမျှသာ ဖြစ်လေပြီ။
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ် ..စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးစပ်တရားတို့သည် အမှန်ရှိ၏။ တဏှာကုန်ဆုံးရာ နိဗ္ဗာန်သည်လည်း အမှန်ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘာဝဓမ္မသည် အလွန့်အလွန် သိမြင်ဖို့ရန် ခက်ခဲလှပေ၏။
အမှန်အားဖြင့် ဘ၀ကို ဒုက္ခသစ္စာဟု အမှန်အတိုင်းမြင်ပါမှ ဒုက္ခကိုဖြစ်စေတဲ့ သမုဒယသစ္စာကို ပယ်နိုင်အောင် ကြိုးစားပေမည်။ သမုဒယသစ္စာပယ်နိုင်ပါမှလည်း နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်လေမည်။
ထိုသို့ ခန္ဓာချုပ်ငြိမ်း တဏှာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် မြတ်ဗုဒ္ဓက သစ္စာ၌ အခြေခံသော ဓမ္မတို့ကို ဟောမည်ဟု သတ္တ၀ါပရိသတ်ဘက်ကို ကြည့်လိုက်တဲ့အခါ မကျွတ်ထိုက်မယ့် သတ္တ၀ါများ၊ ဥာဏ်မမှီသော သတ္တ၀ါများ ပါရမီမရှိကြသော သတ္တ၀ါများကို ရှေးဦးစွာ မြင်လေသည်။

ဒါလည်း အဆန်းရယ်တော့မဟုတ်ပေ။ ဥပမာ..
နှမ်းဖြူများမို့မောက်နေအောင် ထည့်ထားသော နှမ်းတင်းကြီးတစ်ခု ရှိမည်။ ထို နှမ်းဖြူတောင်းကြီးထဲတွင် နှမ်းအနက်လက်တဆုပ်စာမျှလောက်ကို နံ့အောင် မွှေ၍ရောထားမည်။ ခပ်လှမ်းလှမ်းမှ နေ၍ ထိုနှမ်းတောင်းကြီးကို ကြည့်မည်ဆိုလျှင် တောင်းကြီးထဲတွင် နှမ်း အဖြူများသာ ရှိမည်ထင်ပေတော့မည်။ အနက်က နည်းလွန်းလျှင် အနက်ကို နောက်မှသာ မြင်ပေလိမ့်မည်။ အဖြူက များလွန်းလျှင် အဖြူကို ဦးစွာမြင်ပေလိမ့်မည်။
ယခုလည်း မြတ်ဗုဒ္ဓ သည် ရွှေဥာဏ်တော်နှင့် ကြည့်လိုက်သောအခါ မကျွတ်ထိုက်သောသတ္တ၀ါများ သိသာစွာ ပထမဆုံး ဥာဏ်ဝမှာ လာထင်လေသည်။ ဒီလို မကျွတ်ထိုက်သောသူတွေကို သစ္စာတရားများ ဟောနေလို့က..ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံသာပဲဟု စိတ်ကြံရုံမျှသာ ဖြစ်၏။

ထို့ကြောင့် ..ထိုစိတ်အကြံတော်သည် မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်ပေ၏။
တနည်းအားဖြင့်..မြတ်ဗုဒ္ဓတို့ တရားဦးစတင်ဖို့ရန်အတွက် အချီနိဒါန်း (၂)ရပ် လိုအပ်ပေ၏။ ဤနိဒါန်းသည်တို့မှာ..

  1. ကိုယ်တော်မြတ်ရဲ့ သန္တန်၌ အထင်အရှားဖြစ်တည်သော မဟာကရုဏာတော် နှင့်

  2. လောကသမ္မတ ဗြဟ္မာကြီးက..တောင်းဆိုမှု..တို့ဖြစ်၏။



ယခု အချိန်တွင် ကိုယ်တော်မြတ်၏ သန္တာန်၌ မဟာကရုဏာတော်မှာ အထင်အရှား တည်နေလေပြီ။ သို့ပေမယ့် လောကသမ္မတ ဗြဟ္မာကြီး၏ တောင်းဆိုမှု မဖြစ်သေးသောကြောင့်..နိဒါန်း (၂)ရပ်လုံးမှာ မစုံသေးပေ။ မကြာမီတွင် စုံချေတော့မည်။

မြတ်ဗုဒ္ဓတို့သည် တရားဟောဖို့ရန်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရယူခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် တရားဟောချင် စိတ်အပြည့်ရှိပေသည်။ ဟုန်ဟုန်က ပုဏ္ဏား ဘာမသိညာမသိနှင့် မေးခွန်းလာမေးစဉ်ကဆိုလျင် မြတ်ဗုဒ္ဓက အချိန်မကျသေးပါဘဲ နိဒါန်းမစုံသေးပါဘဲ ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းနဲ့ ဥဒါန်းမှတဆင့် တရားဟောခဲ့သေး၏။

မြတ်ဗုဒ္ဓသည် အကျိုး ရှိ-မရှိကို သိရာ၌လည်း အနှိုင်းမဲ့ ဖြစ်၏။ သို့ဖြစ်၍ လုပ်ငန်းနှင့်အချိန်ကို အပိုအလိုမရှိဘဲ ကွက်တိဝင်အောင် အသုံးချတော်မူနိုင်ခြင်း ဖြစ်ပေသည်။ [စာ-၇၅-ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]

ထိုသို့ အသုံးချတော်မူနိုင်ခြင်းကြောင့်လည်း ဟုန်ဟုန်က ပုဏ္ဏားနှင့်တွေ့ခဲ့စဉ်ကလည်း တရားမဟောသေး…ယခုလည်းပဲ နိဒါန်းမစုံလင်သေးသည့်အတွက် လောလောဆယ်အတွက် တရားမဟောရန် စိတ်အကြံတည်ခြင်းမျှဖြစ်၏။
မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို သဟမ္ပတိဗြဟ္မာကြီးက သိသောအခါ..တကယ်ပဲ တရားမဟောတော့ဘူးလားဟု အလွန်ပင်စိုးရိမ်တကြီး ဖြစ်ခဲ့လေသည်။ အမှန်မှာတော့ မြတ်ဗုဒ္ဓသည် ယခုလောလောဆယ်အချိန်အတွက်.. အချိန်မကျသေး၍ နိဒါန်းမစုံလင်ပါသေး၍ တရားမဟောဖို့ရန် စိတ်တော်ညွတ်ခြင်းဖြစ်ပေ၏။ သဟမ္ပတိဗြဟ္မာကြီးသည်လည်း ဘေးကကြည့်သူပင် ဖြစ်လင့်ကစား စိုးရိမ်သွားရုံမျှပင်ဖြစ်၏။ ထို့နောက် အခြားသော နတ်ဗြဟ္မာများကြားအောင်.. “လောကကြီး တခုလုံး အဖတ်ဆယ်မရအောင် ပျက်စီးတော့မည်” ဟု အော်ဟစ် ကြွေးကြော်လေ၏။ နတ်ဗြဟ္မာများ ခြံရံလျက် သဟမ္ပတိဗြဟ္မာကြီးလည်း မြတ်ဗုဒ္ဓ ရှိရာသို့ ရောက်လာလေသည်။ ထို့နောက်.. ဗြဟ္မာကြီးက..

“သုဂတဂုဏ်တော်ကြီးနှင့် ချီးကျူးအပ်ပါပေသော မြတ်စွာဘုရား..သစ္စာလေးချက် ဓမ္မနက်ကို ဟောကြားတော်မူပါ။ မြတ်စွာဘုရား၏ တရားကို မနာကြားရလျင် သတ္တ၀ါများ နိဗ္ဗာန်နှင့် ဝေးပေလိမ့်မည်။ ဥာဏ်ထက်သောပုဂ္ဂိုလ် ကိလေသာ နည်းသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါလိမ့်မည်။ ယခု ကမ္ဘာလောကြီးတခုလုံးမှာ ဆူးခက်တွေ ခင်းထားသလို ဖြစ်နေပါ၏။ ထိုဆူးခက်များမှာ တိတ္ထိဆရာကြီးများ ဖန်တီးထားသော ကြံမိကြံရာ အယူဝါဒများပင် ဖြစ်ပါ၏။ ထို့ကြောင့် နိဗ္ဗာန်ရဲ့တံခါးဖြစ်တဲ့ မဂ္ဂင်ကို ဒေသနာဥာဏ်လက်တော်ဖြင့် ဖွင့်လှစ်ပေးတော်မူပါ” ဟု..

အဓိပ္ပါယ်ရသော တောင်းဆိုမှုကို ပြုလေ၏။
ဗြဟ္မာကြီးက..တောင်းဆိုမှုကို သုံးကြိမ် လျောက်တင်ခဲ့၏။..
အခုတော့ လိုအပ်သော နိဒါန်း (၂)ရပ်လုံးစုံချေပြီ။ ရှေးက.. လိုအပ်ချက် နိဒါန်းများ မစုံလင်သေးသောကြောင့် သစ္စာတရားမဟောခဲ့ခြင်းဖြစ်ပေသည်။ နိဒါန်းမစုံ အချိန်မကျသေးဘဲ သစ္စာတရားဟောပါကလည်း သတ္တ၀ါတို့က နားမလည်ဘဲ မြတ်ဗုဒ္ဓအဖို့ ပင်ပန်းကြီးရုံသာ ဖြစ်ပေမည်။ မြတ်ဗုဒ္ဓသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက် နှိုင်းချင့်တော်မူရာ၌လည်း အတော်ဆုံးဖြစ်ပေ၏။ ကွက်တိအကျဆုံးဖြစ်ပေ၏။

ယခုတဖန် မြတ်ဗုဒ္ဓသည် ရွှေဥာဏ်တော်ကြီးဖြင့် လောကကို ကြည့်လေပြီ။..ထိုရွှေဥာဏ်ကြီးမှာ သဗ္ဗညုတဥာဏ်တော်ကြီး ပင်ဖြစ်၏။ ထိုဥာဏ်တော်သည် သတ္တ၀ါအားလုံး၏ ဣနြေ္ဒ အနုအရင့် စရိုက် စသည်တို့ကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းပေ၏။ ထို့သို့ ကြည့်သောအခါ..ဥာဏ်မျက်စိတွင် ကိလေသာ မြူမှုန် နည်းသော သတ္တ၀ါတွေ၊ များသော သတ္တ၀ါတို့ကို ဗုဒ္ဓ၏ ဥာဏ်စက္ခု၌ သန့်လျက် ကန့်လျက် ထင်ထင်ရှားရှား မြင်တော်မူလေသည်။

ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် နည်းသော သူတို့ကို ကျွတ်ထိုက်သော သူများဟု ခေါ်၏။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် များသော သူတို့ကို မကျွတ်ထိုက်သော သူများဟု ခေါ်၏။


မြတ်ဗုဒ္ဓ၏ ရွှေဥာဏ်တော်ကြီးဖြင့် မြင်တော်မူပုံကို မြင်သာအောင် ဥပမာဖြင့် ဖော်ပြရလျင်..

ကမ်းပါးပေါ်မှရပ်ကြည့်နေသောလူတစ်ဦးသည်..
ရေပြင်ထက်၌ ပေါ်သော အချို့သော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ရေပြင်နှင့်အညီ ရှိနေကြသော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ကြည်လင်သော ရေပြင်အောက်၌ပင် ရှိနေကြသေးသော ကြာတို့ကိုလည်း မြင်ပေလိမ့်မည်။

ရေပြင်ထက်၌ ပေါ်သော ကြာအဖူအငုံများသည် နေထွက်လျင်ပင် ပွင့်အာတော့ပေမည်။..ထို့ကြောင့် ထိုကြာတို့သည်..တရားအကျဉ်းဟောလိုက်ရုံဖြင့် သစ္စာလေးတန်သိ အရိယာပုဂ္ဂိုလ်များဖြစ်မည့် သူတို့နှင့် တူပေမည်။
ရေပြင်နှင့်အညီတည်နေသော ကြာတို့သည်..တရားအကျယ်ဟောပါမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။
ရေပြင်အောက်မှ ကြာများကတော့ လှပစွာ ပွင့်ဖို့ရန်အတွက် အချိန်စောင့်ရပေမည်။ နောက်ရက်များမှ ပွင့်နိုင်မည့် ကြာမျိုးပင်ဖြစ်သည်။ တရားတော်ကို ထပ်တလဲလဲ နာ..ကိုယ်တိုင်လည်း ပွားများမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။…


မြတ်ဗုဒ္ဓသည် ထိုကြာသုံးမျိုးနှင့် တူပေသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ထင်ရှားစွာ မြင်လေပြီ။ ထို့သို့ မြင်လေပြီးနောက်..

“ရှေးက သာသနာကွယ်ပြီးနောက် ယခုထက်တိုင် ထုပ်ထား နှောင်ထားသော ရတနာထုပ်နှင့်တူသော သဒ္ဓါထုပ်တွေကို အကင်းပါး ဥာဏ်ရှိသူတို့ ဖြည်ထားကြပါကုန်လော့
ငါဘုရားကား နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သော မဂ္ဂင် (၈)ပါးတံခါးကို ပိတ်၍မထားဘဲ အမြဲပင် ဖွင့်လျက်ထား၏”


ထိုသို့ အဓိပ္ပါယ်ထွက်သော စကားတော်ကို မိန့်တော်မူလေသည်။
အဓိပ္ပါယ်မှာ လေးနက်ပေ၏။ သဒ္ဓါတရားသည် လွန်စွာအရေးကြီးပေသည်။ ပထမဆုံးအနေဖြင့်ပင် အရေးပါ၏။ မြတ်ဗုဒ္ဓ၏ တရားတော်ကို သိမြင်အပ်ဖို့ရန်အတွက်…


  • ယုံကြည်မှု သဒ္ဓါသည် ရှေးဦးစွာ လိုအပ်၏

  • ယုံကြည်မှု သဒ္ဓါရှိမှ ဆည်းကပ်လိမ့်မည်။

  • ဆည်းကပ်ပါမှလည်း တရားဆိုတာကို နာရကောင်းမှန်း အောက်မေ့ကြပေလိမ့်မည်။

  • တရားတော်ကို နာကြားပါမှလည်း ယထာဘူတ အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပေလိမ့်မည်။

  • အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ပါမှလည်း မြတ်ဗုဒ္ဓဟောသော တရားတော်တို့ကို သိအပ်မြင်အပ်ပေမည်။



သဒ္ဓါဆိုသည်မှာလည်း Religion ဆန်ဆန် အကန်းယုံကြည်မှု (belief) မျိုးမဟုတ်ပေ။ လူနာတစ်ဦးသည် ကျွမ်းကျင်တတ်မြောက်သော ဆရာဝန်ကြီး၌ ထားရှိအပ်သော (သို့မဟုတ်ပါက) တပည့်တစ်ဦးက မြတ်သောဆရာပေါ်၌ထားရှိအပ်သော ယုံကြည်မှုမျိုး (confidence) ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဒ္ဓါကို ဘာသာပြန်ရာ၌လည်း.. belief အစား confidence ဟု ဘာသာပြန်မှ သင့်လျော်ပေမည်။ [p-7, Ven. Narada, Buddhism in Nutshell]

မြတ်ဗုဒ္ဓ၏ အထက်ပါ မိန့်တော်မူချက်ကို သဟမ္ပတိဗြဟ္မာကြီး ကြားသောအခါ..မြတ်ဗုဒ္ဓ တရားဦးဟောရန် ခွင့်ပြုလိုက်ပြီဟု..သတ်မှတ်ပြီး..လက်ယာရစ် မြတ်ဗုဒ္ဓအား ရှိခိုးကန်တော့ပြီးနောက်...ဗြဟ္မာပြည်သို့ ပြန်ကြွသွားလေတော့သည်။

အောက်ပါတရားတော်ကို အထပ်ထပ်အခါခါ နာကြားမှတ်သားပြီးမှ ကောက်နုတ်ဖော်ပြထားသည်။
ဓမ္မစကြာတရားတော် အပိုင်း ၂/၃- မင်းကွန်းဆရာတော်ဘုရားကြီး


ဆန်းကိုဦး
သတ္တဋ္ဌာန ဗုဒ္ဓ၀င်
4:48 AM | Author: sankooo
ဘုရားအလောင်းတော်မြတ်သည် မဟာသက္ကရာဇ် (၁၀၃) ကဆုန်လပြည့်နေ့ ၌ သဗ္ဗညုတဥာဏ်တော်ကိုရ၍ သုံးလောကထွတ်ထား ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ တနည်းအားဖြင့် BC 588 တွင် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ ရောက်ဆဲ သာသနာနှစ် (၂၅၅၄) တွင် မြတ်ဗုဒ္ဓ ရှိနေခဲ့သော (၄၅)၀ါကို ပေါင်းထည့်လိုက်ပါက..(၂၅၉၉)နှစ်ရပါမည်…ထို့ကြောင့်.လွန်ခဲ့သော နှစ်ပေါင်း (၂၅၉၉) တွင်.. သမ္မာသမ္ဗုဒ္ဓ အဖြစ်ရောက်တော်မူခဲ့၏။ ဘုရားဖြစ်ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် အနီးအနား (၇)ဋ္ဌာန တို့တွင်..(၇)ရက်စီ သီတင်းသုံးတော်မူခဲ့ပါ၏။

  1. ပလ္လင်္ကသတ္တာဟ (ဗောဓိသတ္တာဟ)
    မဟာဗောဓိ မဏ္ဍိုင်၊ အပရာဇိတပလ္လင် ထက် မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ မှ (၇)ရက်နေ့ထိ သီတင်းသုံးတော်မူခဲ့၏။ ထိုကဲ့သို့ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် တင်ပျဉ်ခွေ မပျက်ဘဲ (၇)ရက် လုံးလုံး ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူ၏။ ဖလသမာပတ်ချမ်းသာဖြင့် စံတော်မူစဉ် အကြားအကြားကာလတွေမှာတော့…ပဋိစ္စသမုပ္ပါဒ် ကို အနုလုံ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူ၏။
    အနုလုံ - သံသရာစက် မပြတ် လည်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
    ပဋိလုံ - သံသရာစက် ပြတ်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
    ပဋိစ္စသမုပ္ပါဒ် ကို အသေးစိတ် ရွှေဥာဏ်တော်နှင့် ဆင်ခြင်သုံးသပ်တဲ့အခါ ဘုရားရှင်၏ စိတ်တော်ထဲမှာ နှစ်လိုအားရ ၀မ်းမြောက်တော်မူခဲ့ပါသည်။ ဆီခွက်/ဆီအိုးထဲမှာ ဆီတွေထည့်လိုက်လျှင် တဖြေးဖြေး ဆီတွေဟာ လျှံတက်ပြည့်တက်လာသလို ပါပဲ။ မြတ်ဗုဒ္ဓရဲ့…ပီတိသောမနဿ အဟုန်တွေကလည်း ကိုယ်တော်မြတ် ၀မ်းတော်တွင်းထဲမှာ မဆံ့တော့ဘဲ အစဉ်သဖြင့် ခံတွင်းတော်ရောက်ပြီး ရွှေနုတ်တော်မှတဆင့် ဥဒါန်းဆိုတဲ့စကားတော်တွေဟာ ထွက်တော်မူခဲ့၏။ မဟာဗောဓိ မဏ္ဍိုင် မှာပဲ တင်ပျဉ်ခွေ မပျက် (၇)ရက် သီတင်းသုံးတော်မူခဲ့တဲ့ ထိုဋ္ဌာနကိုပဲ ပလ္လင်္ကသတ္တာဟ ဟုခေါ်ပါ၏။ ဗောဓိသတ္တာဟ ဟုလည်း ခေါ်၏။

  2. အနိမိသသတ္တာဟ
    ပလ္လင်္ကသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် ရဲ့ အရှေ့မြောက် ထောင့် ယွန်းယွန်း ကုန်းမြင့်ကလေး တခု ပေါ်မှာ ရပ်တော်မူပြီး..ဗောဓိ မဏ္ဍိုင် ကို ကြည့်တော်မူ၏။ မြတ်ဗုဒ္ဓသည်.. မလှုပ်မရှား ဘဲ (၇)ရက်လုံးလုံး ထိုကုန်းမြင့်လေး ပေါ်မှနေ၍…မျက်တောင်မခတ်ဘဲ မဟာဗောဓိပင်ကို ကြည့်တော်မူခဲ့သည်။ ထိုကဲ့သို့ ရပ်တော်မူလျက် သတင်းသုံးတော်မူစဉ်က. ဋ္ဌာနကို အနိမိသသတ္တာဟ ဟုခေါ်၏။

  3. စင်္ကမသတ္တာဟ
    အနိမိသသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် နဲ့ အနိမိသကုန်းတော်အကြား အရှေ့/အနောက် လူးလာတွန့်ခေါက် စင်္ကြံ လျှောက်တော်မူပါ၏။ (၇)ရက်လုံးလုံး စင်္ကြံ လျှောက်တော်မူရင်း ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုကဲ့သို့ စင်္ကြံ လျှောက်တော်မူခဲသော ဋ္ဌာနကို စင်္ကမသတ္တာဟ ဟုခေါ်၏။

  4. ရတနာဃရသတ္တာဟ
    စင်္ကမသတ္တာဟလွန်ပြီးတဲ့နောက်…မဟာဗောဓိပင်ရဲ့ အနောက်မြောက်ထောင့်အရပ် ဆီမှာရှိတဲ့ နတ်တို့ ဖန်ဆင်းထားတဲ့ ရတနာဃရ အိမ်တွင်..မြတ်ဗုဒ္ဓသည်..အဘိဓမ္မာ (၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါ၏။ (၇)ရက် လုံးလုံး အဘိဓမ္မာ (၇)ကျမ်းကို ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူရင်း နောက်ဆုံးရက်၊ နောက်ဆုံးကျမ်း ပဋ္ဌာန်းကျမ်းတော်ကို ဆင်ခြင်တဲ့အခါ မြတ်ဗုဒ္ဓရဲ့ သွေးတော်များသည်..ထူးကဲစွာ ကြည်လင်သန့်ရှင်းပြီး ရူပကာယမှ ရောင်ခြည်တော် (၆) ပါး ပေါ်ထွက်တော်မူ၏။ ရောင်ခြည်တော် (၆)ပါးဟာ. အရှေ့/အနောက်/၀ဲယာ/အထက်/အောက် ပါမကျန် တဖိတ်ဖိတ် တဖွားဖွား ကွန့်မြူးထွက်ပေါ်လာတော့သည်။ ထိုသို့ အဘိဓမ္မာ (၇)ကျမ်း ဆင်ခြင်သုံးသပ်ရာ ဋ္ဌာနကို ရတနာဃရသတ္တာဟ ဟုခေါ်၏။

  5. အဇပါလသတ္တာဟ
    ရတနာဃရသတ္တာဟ ပြီးတဲ့နောက်..မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်မှ အရှေ့ဘက် အရပ်၌ တည်ရှိသော အဇပါလ အရပ်သို့ ကြွတော်မူပါ၏။ အဇပါလအရပ်ဆိုသည်မှာ..ဆိတ်ကျောင်းသားများ၊ ပုဏ္ဏားအိုများ လာရောက် အနားယူအရိပ်ခိုရာ ညောင်ပင်ကြီးဖြစ်၏။ ထို အဇပါလညောင်ပင်ကြီး၌.. မြတ်ဗုဒ္ဓသည် (၇)ရက်လုံးလုံး ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုသို့ နေတော်မူစဉ် ဟုန်ဟုန်က အမည်ရှိတဲ့ ပုဏ္ဏားတစ်ယောက် ရောက်ရှိလာ၏။ မြတ်ဗုဒ္ဓအား ဘုရားရှင်စင်စစ် ဖြစ်မှန်းမသိပေ။ ထို့ကြာင့် အရိုအသေပြု ရှိခိုးခြင်းမရှိဘဲ “ကျန်းမာပါရဲ့လား” ဟု စကားဦးပြောဆို ပြီးနောက်…
    “အရှင်ကို ကြည့်ရတာ အထူးကြည်ညိုဖွယ်ကောင်းလှပါသည် ဣနြေ္ဒ ကလည်း ကောင်းလှ၏၊ အသားအရေကလည်း ကြည်လင်၏်၊ အသိဥာဏ် ထူးပုံရ၏၊ မေးခွန်းတခုလောက်မေးပါရစေ” ဟု ဆိုပြီး သူသိချင်တဲ့ မေးခွန်းကို မေးလျှောက်ပါ၏။ သူမေးတဲ့ မေးခွန်းမှာ…
    အဘယ်မျှသော တရားတွေနဲ့ ဗြဟ္မဏ ဖြစ်နိုင်ပါသလဲ…အဲတရားတွေဟာလည်း အဘယ်တရားများ ဖြစ်သလဲလို့ မေးလျောက်ခဲ့ပါ၏။
    သူမေးတဲ့မေးခွန်းက လေးနက်မှုရှိ၍ အရေးလည်း ကြီးပါသည်။ မြတ်ဗုဒ္ဓသည်လည်း အားလုံးသောသတ္တ၀ါတို့ကို တရားဟောဖို့ အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်လာခဲ့ရတာဖြစ်တဲ့အတွက် တရားဟောချင်စိတ်အပြည့်ရှိပြီးသားဖြစ်၏။ သို့ပေမယ့် ထိုပုဏ္ဏားအား တရားမဟောခဲ့ပေ။ သူ၏ မေးခွန်းက လေးနက်သလောက် သူဟာ တရားနဲ့ ဝေးတဲ့ သူဖြစ်၏။ ထိုသူကို ဟော၍လည်း သရဏဂုံလေးမျှပင် တည်မယ့်သူ မဟုတ်မှန်း မြတ်ဗုဒ္ဓသိတော်မူ၏။ ထိုပုဏ္ဏားသည် တရားနဲ့ဝေးတဲ့သူဖြစ်၏။ သို့ပါသောကြောင့် တရားမဟောခြင်းဖြစ်၏။ သို့ပေမယ့် မေးခွန်းက လေးနက်နေသောကြောင့် ဘာမျှမဟောဘဲ ဆိတ်ဆိတ် နေ၍လည်း မဖြစ်ပေ။ ထို့ကြောင့် ကိုယ်တော်မြတ်ဘာသာ ကိုယ်တော်မြတ် ဥဒါန်းစကားတော်ကျူးခဲ့၏။ မြတ်ဗုဒ္ဓ ရဲ့ ဥဒါန်းတော်သည် …ရာဂ/ဒေါသ/မောဟ/မာန/ဒိဋ္ဌိ ကိလေသာတွေ ကင်းတဲ့ ပုဂ္ဂိုလ်သည် ဗြဟ္မဏ မည်ပါ၏.. ဟု အဓိပ္ပါယ်ထွက်ပေသည်။ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် မြတ်ဗုဒ္ဓ၏ သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်စေချင်သော မဟာကရုဏာတော်ကြီးမှာ ပေါ်လွင်ပေ၏။ တရားနှင့်ဝေးသောသူကိုပင် မြတ်ဗုဒ္ဓက ဥဒါန်းတော်မှတဆင့် ရတဲ့နည်းဖြင့် အဖြေကို ဟောပေးတော်မူခဲ့သေး၏။ လေးစား ကြည်ညိုဖွယ် ကောင်းလှပေသည်။ မြတ်ဗုဒ္ဓ၏ အများအကျိုးဆောင်ခြင်းမှာ အကွက်စေ့ သေချာလှပေ၏။
    ထိုသို့…အဇပါလ ညောင်ပင်မှာ သီတင်းသုံးတော်မူခဲ့တဲ့ ဋ္ဌာနကို အဇပါလသတ္တာဟ ဟုခေါ်၏။

  6. မုစလိန္ဒသတ္တာဟ
    မဟာဗောဓိပင် ရဲ့ တောင်ဘက်အရပ် ကိုက် (၃၀၀) ခန့်တွင် မုစလိန္ဒရေအိုင်ကြီးရှိ၏။ ထိုရေအိုင်ကြီး၌ နဂါးများ နေ၏။ ထိုရေအိုင်ကြီး၏ ကမ်းပါး၌လည်း ကျည်းပင်ကြီးတစ်ပင် တည်ရှိသည်။ မြတ်ဗုဒ္ဓသည်.. အဇပါလသတ္တာဟတွင် သီတင်းသုံးပြီးနောက် ထိုကျည်းပင်ကြီး ရှိရာအရပ်သို့ ကြွတော်မူ၏။ ကျည်းပင်ကြီးအရိပ်တွင် (၇)ရက်လုံးလုံးဆက်လက် သီတင်းသုံးတော်မူ၏။ ထိုသို့ နေစဉ်တွင်.. ရုတ်တရက် မိုးသက်လေပြင်း ကျရောက်လာပေသည်။ ထိုကဲ့သို့သော မိုးမျိုးမှာ လောက၌ ဘုရားရှင်တစ်ဆူပွင့်ပေါ်တိုင်း ရွာသွန်းမြဲဖြစ်၏။ ထိုအချိန်တွင် ရေအိုင်ထဲမှ..မုစလိန္ဒနဂါးမင်းသည် ကမ်းပါးသို့ တက်လာပြီး..မြတ်ဗုဒ္ဓအား လေဒါဏ် မိုးဒါဏ် ကာကွယ်ပေးပြီး ပူဇော်၏။ မုစလိန္ဒ နဂါးမင်းဟာ..ရတနာဘုံဗိမ္မာန် ဖန်ဆင်းပြီး ပူဇော်နိုင်သောစွမ်းအားရှိပေသည်။ သို့ပေမယ့်…ကိုယ်တိုင်ပြုတဲ့ ဝေယျာဝိစ္စ ကုသိုလ် ပြုချင်တာကြောင့်..ထိုင်တော်မူနေသော မြတ်ဗုဒ္ဓကို (၇) ပတ် ရစ်ပတ်ပြီး ကာကွယ် ပူဇော်ပေးခဲ့၏။ အခန်းတခု ထဲတွင် ထည့်ထားတဲ့အလား မြတ်ဗုဒ္ဓအား လုံခြုံစွာ ရစ်ပတ်ပူဇော်ခဲ့၏။ ထို့နောက်မှာ..မြတ်ဗုဒ္ဓရဲ့ ဦးခေါင်းတော်ကို မိုးစက်မိုးပေါက်များ မကျရောက်အောင် အပေါ်မှ ထီးပမာ ပါးပြင်းမိုးပြီး ပူဇော်ပေးခဲ့ပါသည်။ မုစလိန္ဒနဂါးရဲ့ အပူဇော်ခံပြီး ဖလသမာပတ်ချမ်းသာ နဲ့ (၇)ရက် စံတော်မူရာ ဋ္ဌာနကိုပဲ မုစလိန္ဒသတ္တာဟ ဟုခေါ်၏။

  7. ရာဇာယတနသတ္တာဟ
    ထို့နောက်မှာ မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် တောင်ဘက် အရပ်တွင် တည်ရှိသော လင်းလွန်းပင်ကြီး အရိပ်သို့ ကြွတော်မူခဲ့၏။ ထိုလင်းလွန်းပင်ရင်း အရိပ်မှာပဲ ဖလသမာပတ်ချမ်းသာဖြင့် တင်ဖျဉ်ခွေမပျက် (၇)ရက် ဆက်လက် သီတင်းသုံး နေတော်မူ၏။


အထက်ပါ (၇)ဋ္ဌာန များတွင် (၇)ရက်စီ ..အားလုံး (၄၉) ရက် သီတင်းသုံးတော်မူခဲ့ပါသည်။ ထို (၄၉)ရက် အတွင်း မြတ်ဗုဒ္ဓသည်..အဘယ်ဆွမ်းကိုမျှ မသုံးဆောင်ခဲ့ရ၊ အလေးအပေါ့သွားခြင်းလည်း မရှိပေ၊ ကြိမ်းစက်ခဲ့ခြင်းလည်းမရှိ ခဲ့ပေ။ သောက်ရေ/သုံးရေ ကိုပင် မသုံးခဲ့ရပေ။ မြတ်ဗုဒ္ဓ မဖြစ်မီက သုံးဆောင်တော်မူခဲ့သော သုဇာတာကပ်သော ဃနာနို့ဆွမ်းသာလျင် ၀မ်းတော်ထဲ၌ရှိခဲ့ပါ၏။ (၄၉)ရက်လုံးလုံး သိုလှောင်ထားခဲ့ရသော ထိုအညစ်အကြေးအဟောင်းများကို စွန့်ဖို့ စိတ်တော်ဖြစ်ခဲ့၏။ သိကြားမင်းက..နတ်ဆေးများ ဆပ်ကပ်၏။ ထိုနတ်ဆေးများ သုံးဆောင်ပြီးတဲ့နောက် ခန္ဓာကိုယ်ရဲ့ အလေးအပေါ့အားလုံးဟာ..သန့်ရှင်းသွားခဲ့ပေ၏။ ထို့နောက်တွင် မြတ်ဗုဒ္ဓသည်.. နေရဉ္ဇရာမြစ်၌ ရေချိုးသန့်စင်ပြီး..လင်းလွန်းပင်ရှိရာသို့ ပြန်လည်ကြွတော်မူသည်။..
လင်းလွန်းပင်အောက်တွင်ပင်.. နောက်ထပ် (၇)ရက် သီတင်းသုံးတော်မူပြန်၏။ သိကြားမင်းက..ဒုတိယအကြိမ် အားဖြစ်စေဖို့ နတ်အားဆေးများ ဆပ်ကပ်ခဲ့၏။ မြတ်ဗုဒ္ဓသည် သိကြားမင်းကပ်သော နတ်အားဆေးများကို သုံးဆောင်ပြီးနောက်မှာ..လူသာမာန်များဆပ်ကပ်သော ဆွမ်းကို ဖုန်ပေးဖို့ရာ စိတ်အကြံဖြစ်တော်မူခဲ့၏။ ထိုစဉ် နတ်မင်းကြီး (၄)ပါးသည်..သပိတ်(၄)လေးကို ကိုင်ဆောင်လာပြီး..လှူဒါန်းဖို့ရာ..အဆင်သင့်ဖြစ်နေကြလေ၏။ ထိုအချိန်မှာပဲ..ဥက္ကလာပတိုင်းသား တဖုဿ နှင့် ဘလ္လိကာ ကုန်သည်ညီနောင်တို့ သည်..ဘ၀ဟောင်းက မိခင်တော်စပ်ဖူးခဲ့သော နတ်သမီးရဲ့ ကြွေးကြော် တိုက်တွန်းမှုကြောင့်..ဆွမ်းခဲဖွယ်အပြည့်အစုံ တို့ဖြင့် ဘုရားရှင်ရှိရာ လင်းလွန်းပင်ကြီးအရပ်ဆီသို့ ရောက်ရှိလာပါသည်။ မြတ်ဗုဒ္ဓသည်..သိကြားမင်းတို့ ဆပ်ကပ်သော သပိတ်ကြီး (၄)လုံးကို ဘယ်လက်ပေါ်မှာ တခုစီဆင့်ပြီးတဲ့နောက် ညာဘက်လက်တော်ဖြင့်..အပေါ်မှ ဖိချလိုက်တဲ့အခါ..အနား(၄)ရစ်ဖြင့် သပိတ် (၁)လုံးတည်း ဖြစ်သွားပါ၏။ ကုန်သည် ညီနောင်တို့ ကပ်တဲ့ ဆွမ်းတို့ကို ထိုသိပိတ်ဖြင့် အလှူခံ၏။ ထို့နောက် ကုန်သည်ညီနောင်တို့သည် .မြတ်ဗုဒ္ဓထံ၌.တရားနာပြီးတဲ့နောက်..သရဏဂုံ (၂)ပါးကို ဆောက်တည်ခဲ့၏။ မြတ်ဗုဒ္ဓသည်..ထိုကုန်သည်ညီနောင်တို့အား ဆံတော် (၈)ဆူ ပေးတော်မူခဲ့၏။
ထို ဆံတော်(၈)ဆူကို ဋ္ဌာပနာထားပြီး ရွှေတိဂုံစေတီတော်ကြီးအား တည်ထားခြင်းဖြစ်ပေသည်။

241
မြတ်ဗုဒ္ဓ နှင့် ကုန်သည်ညီနောင်တို့
(image: မြန်မာကျူးပစ်မှ ရယူထားပါသည်။)

အောက်ပါတရားတော်များမှ ကောက်နုတ်ဖော်ပြသည်။
၁) ဓမ္မစကြာတရားတော် (mp3)- မင်းကွန်းဆရာတော်ဘုရားကြီး
၂) သတ္တဋ္ဌာန-ခုနှစ်ပတ်ဖြစ်စဉ် ဗုဒ္ဓ၀င် (vcd)- သီတဂူဆရာတော်ဘုရားကြီး
တချို့သော ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓ၊ ဓမ္မ၊ သံဃာကိုလည်း ကိုးကွယ်ကြပါတယ်..ဒါ့အပြင် တခြားသော အရာများကိုလည်း ရတနာ သုံးပါးနဲ့ အတူထားပြီး ထပ်ဆောင်းကိုးကွယ်ကြပါသေးတယ် ၊ ထပ်ဆောင်းပြီး ရှိခိုးနေကြပါသေးတယ်။ ဒီလို ထပ်ဆောင်း ရှိခိုး/ကန်တော့/ကိုးကွယ်နေကြတာကိုလည်းပဲ တချို့က မှန်တယ်လို့ ထင်ကြသေးတယ်။

ဒီလို ရတနာသုံးပါးနဲ့ တခြားဟာတွေနဲ့ ရောပြီး ပူးတွဲ ကိုးကွယ်နေလို့ကတော့ ဘယ်လိုမှ ရတနာ ဗုဒ္ဓဘာသာဝင် ဖြစ်မှာ မဟုတ်ပါဘူး..

ကျွန်တော် ကတော့  ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ကလွဲပြီး  တခြားဘာအရာကိုမှ ကန်တော့ လက်အုပ်ချီဦးမယ် ဆိုတဲ့စိတ် ဘယ်တော့မှ တခါမှ မဖြစ်ခဲ့ဖူးဘူး..ဒါ အမှန်ပါပဲ..ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ သုံးပါးကိုပဲ ယုံကြည်တယ်။

သီတဂူဆရာတော်ဘုရားကြီးရဲ့ သရဏဂုံ သုံးပါး တရားတော် ကို နာထိုက်ပါတယ်။ ဒီတရားလေး နာလိုက်ရင် ရတနာသုံးပါး ကိုပဲ အသက်ထက်ဆုံး ကန်တော့ လက်အုပ်ချီရမယ် ဆိုတာ ထင်ထင်ရှားရှားကြီး သိပါလိမ့်မယ်။

ရတနာ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ခံယူချက်ထားတတ်ဖို့ ဆရာတော်ဘုရားကြီးက ဟောထားပါတယ်။ ဘယ်လိုခံယူချက်တွေထားရမလဲ ဆိုတော့
ဒီကနေ့ကစ..

  1. ငါ့အသက်/ ခန္ဓာ ကို ရတနာ သုံးပါးအား အပ်နှင်းပါ၏။ (အသက်/ခန္ဓာ စီးပွား ဥစ္စာ တွေကိုသာ အစွန့်ခံမယ် ရတနာ သုံးပါး အပေါ် ယုံကြည်ချက်ကတော့ ဘယ်တော့မှ မစွန့်ဘူး ဆိုတဲ့ စိတ်ဓာတ်ပါပဲ)

  2. ငါသည် ဆည်းကပ်စရာရှိလျင်/ အားကိုးစရာရှိလျင်/ မှီခိုစရာရှိလျင်/ ကိုးကွယ်စရာရှိလျင် ရတနာ သုံးပါးကိုသာလျင် မှီခို၊ အားကိုး၊ ဆည်းကပ်၊ ကိုးကွယ်တော့မယ်။ တခြား ဘာအရာကိုမှ မမှီခိုတော့ဘူး။

  3. အရိုအသေ ပြုစရာရှိရင်လည်း ရှိခိုးစရာရှိရင်လည်း ငါသည် ရတနာ သုံးပါးကိုပဲ ရှိခိုးကန်တော့ တော့မယ်။ တခြား ဘာအရာကိုမှ မရှိခိုးတော့ဘူး၊ မကန်တော့ တော့ဘူး။

  4. တပည့်အဖြစ် ချဉ်းကပ်ရမယ်ဆိုရင်လည်း ရတနာသုံးပါးထံမှာပဲ တပည့်ခံတော့မယ်။ တခြား ဘယ်အရာဆီမှာမှ တပည့်မခံတော့ဘူး။



ဒီလို ခံယူချက် (၄) ချက် ထားရှိရပါတယ်။ အသက်ထက်ဆုံး ဒီလို ခံယူချက် ထားရမှာပါပဲ။
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ (၃)ပါးအပေါ်မှာ ယုံကြည်မှု သဒ္ဓါ ရှိပြီး ၊ အထက်ပါ ခံယူချက် (၄) ချက် ရှိမှသာလျင် သမ္မာဒိဋ္ဌိ (Right Understanding) ဟာ တည်ပါတယ်။
အဲလို အမြင်မှန် နဲ့ ကိုးကွယ်မှ သာလျင် ဘေးအန္တရာယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီလို ခံယူချက် (၄) ရပ် ရှိမှလည်းပဲ ရတနာ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်။
အဲလို မှ မဟုတ်ရင်တော့ စက်ဆုပ်စရာ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပါလိမ့်မယ်။
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလို ခံယူချက် ရှိကိုရှိသင့်ပါတယ်။ ဆရာတော်ဘုရားကြီး ဟောတဲ့ ဒီခံယူချက် (၄)ပါးကို မသိချင်ယောင်ဆောင်ပြီး တခြားဟာတွေလည်း ထပ်ပေါင်းကိုးကွယ်လိုက်ဦးမယ် ထပ်ဆောင်း ကန်တော့ နေမယ်ဆိုရင်တော့ လျော့ရိလျော့ရဲ ဗုဒ္ဓဘာသာဝင် ဖြစ်နေမှာပဲ။ ရတနာ ဗုဒ္ဓဘာသာဝင် ဖြစ်မှာမဟုတ်ပါဘူး။

ဒီလို ခံယူချက် တွေ ထားတာကိုပဲ တချို့က တယူသန်ကြီးပဲလို့ ထင်ချင် ထင်ကြလိမ့်ဦးမယ်။..

ဘယ်သူ ဘယ်လိုထင်ထင် ကျွန်တော် တို့ဟာ ဆရာတော် ဘုရားကြီးများ ဟောတာတွေကို အတိအကျချည်း မလိုက်နာ နိုင်ရင်တောင်မှပဲ အမှန်တွေပဲလို့ လက်ခံရမယ်။ ပရိယတ္တိ တတ်မြောက်တဲ့ ရဟန်းတော်များကို ဗုဒ္ဓရှင်တော်က “သုတဗုဒ္ဓ” ဆိုပြီး သတ်မှတ်ထားတာရှိပါတယ် (သူရသဒီမယ်တော်နှင့် ၃၇မင်းအကြောင်း - သီတဂူဆရာတော်ဘုရားကြီး ) ။ အဲတော့ ပရိယတ္တိ တတ်မြောက်တဲ့ ရဟန်းတော်များဟာ ကျွန်တော် တို့အတွက် ဘုရားတွေပါပဲ။

ဒီအချက်ကို ထောက်ပြီး ဆရာတော်ကြီးများ ဟောတာကို လက်ခံရမှာလား ဒါမှမဟုတ် ရတနာ သုံးပါးအပြင် တခြားအရာတွေကိုပါ ထပ်ပေါင်းလို့ပဲ ကိုးကွယ်နေဦးမလား ..ဘယ်အရာကို လုပ်ရမှာလည်း ဆိုတာ သိသာထင်ရှားပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ၏ သရဏဂုံ(၃)ပါး တရားတော် မှ ကောက်နုတ်ဖော်ပြပါသည်။
ရတနာ ထိုက်သော ဂုဏ်ရည် (၅)ပါး ရှိပါတယ်။

  1. ဆန်းကျယ်သော ဂုဏ်သတ္တိရှိခြင်း

  2. တန်ဖိုးကြီးမားခြင်း

  3. ဆုံရခဲ၊ ကြုံရခဲခြင်း (ခက်ခက် ခဲခဲ တွေ့ရကြုံရခြင်း)

  4. တူအောင် တုလို့ မရခြင်း

  5. ကြီးကျယ်သော/အထက်တန်းကျသော/စိတ်ထားမြင့်မြတ်သော ပုဂ္ဂိုလ်များမှသာ သုံးဆောင်နိုင်ခြင်း


ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ မှာ ဒီ ဂုဏ်ရည် ငါးပါး ရှိပါတယ်။ ဒီ ဂုဏ်ရည်ငါးပါးနဲ့ ပြည့်စုံမှသာ ရတနာထိုက်ပါတယ်။ မြတ်နိုးစရာကောင်းပါတယ်။

ref: သရဏဂုံ သုံးပါး တရားတော် (၂၀၀၁) - သီတဂူဆရာတော်ဘုရားကြီး
မဂ္ဂင် (၈)ပါး
9:06 PM | Author: sankooo
အခု တလောအတွင်း ကျွန်တော် thesis ရေးနေရတဲ့အတွက် မအားမလပ်ဖြစ်နေပါတယ်..
ကျွန်တော့် ဆိုက်ဒ်ကို လာလည်သူတို့ကို ကျေးဇူးတင်ပါတယ်..အလုပ်များနေတဲ့အတွက် ပို့စ်အသစ်မတင်ဖြစ်ပေမယ့်လည်း ရံဖန်ရံခါ တရားတော်လေးများကိုတော့ နာဖြစ်ပါတယ်..
ရှေ့က ပို့စ်မှာ တုန်းက မဂ္ဂင်(၈)ပါးရှိသော ကျင့်သုံးသော ဘာသာ/သာသနာ သည်သာလျင် အားထားရာအစစ် အယူဝါဒစစ်မှန်ကြောင်းကို ရေးထားတော့ ရှေ့ကပို့စ်နဲ့ စပ်မိအောင်..မဂ္ဂင်(၈)ပါးဆိုတာ လုံးဝကိုမသိသောသူများအတွက်..ကျွန်တော် မဂ္ဂင်ရှစ်ပါး ကို ဇယားလေးလုပ်ဖော်ပြလိုက်ပါတယ် ခင်ဗျား..
(reference ကတော့ Buddhism Handbook ကနေ မှတ်သားဖော်ပြထားတာပါ။)






















မဂ္ဂင် (၈)ပါးThe Eightfold Path
သီလ (Morality)(၁) သမ္မာဝါစာ
(၂) သမ္မာကမ္မန္တ
(၃) သမ္မာအာဇီဝ
(1) Right Speech
(2) Right Action
(3) Right Livelihood
သမာဓိ (Concentration)(၄) သမ္မာဝါယာမ
(၅) သမ္မာသတိ
(၆) သမ္မာသမာဓိ
(4) Right Effort
(5) Right Mindfulness
(6) Right Concentration
ပညာ (Wisdom)(၇) သမ္မာသင်္ကပ္ပ
(၈) သမ္မာဒိဋ္ဌိ
(7) Right Thinking
(8) Right Understanding