ယခင်ပို့စ်များတွင် ကာလအားဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအားဖြင့်သောလည်းကောင်း ကံ (၄)မျိုးစီ ရှိကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုတဖန်...အကျိုးပေးအလှည့်အစဉ်အားဖြင့် ကံ ၄ မျိုး ရှိကြောင်းကိုလည်း ရေးသားလိုပါသည်။
၎င်းကို ပါဠိဘာသာဖြင့်...ပါကဒါနပရိယာယစတုက္က ဟု ခေါ်သည်။

အကျိုးပေး အလှည့်အစဉ် အားဖြင့် ကံ ၄မျိုး တို့မှာ...

  1. ဂရုကကံ

  2. အာသန္နကံ

  3. အာစိဏ္ဏကံ

  4. ကဋတ္တာကံ...တို့ ဖြစ်ကြသည်။



ဂရုကကံ

ဂရုကကံ ဆိုသည်မှာ..ကြီးလေးသောကံ၊ အားကြီးသောကံ ဖြစ်သည်။
သေပြီးနောက်.. ဒုတိယဘ၀၌ မုချမသွေ အကျိုးပေးမြဲသော အားကြီးသောကံ ဖြစ်သည်။
ဂရုကကံ၌...ကုသိုလ်ဂရုကကံ နှင့် အကုသိုလ်ဂရုကကံ ဟု၍ (၂)မျိုး ရှိ၏။

ကုသိုလ်ဂရုကကံမှာ..မဟဂ္ဂုတ်ကုသိုလ်ကံမျိုးကို ဆိုလိုသည်။
မဟဂ္ဂုတ်ကုသိုလ်ကံဆိုသည်မှာ... ဒါန သီလ စသော ကာမကုသိုလ်တို့ထက် သာလွန် အဆင့်မြင့်သော ဈာန်ကုသိုလ်မျိုးကိုဆို၏။
ရူပကုသိုလ် နှင့် အရူပကုသိုလ်တို့သည် အဆင့်မြင့်သော အစွမ်းထက်သော ဈာန်ကုသိုလ်များဖြစ်ကြသည်။

ရူပကုသိုလ် (၅)ပါး ရှိ၏။

  1. ပထမဈာန်ကုသိုလ်၊

  2. ဒုတိယဈာန်ကုသိုလ်၊

  3. တတိယဈာန်ကုသိုလ်၊

  4. စတုတ္ထဈာန်ကုသိုလ်၊

  5. ပဉ္စမဈာန်ကုသိုလ် တို့ ဖြစ်၏။




အရူပကုသိုလ် (၄)ပါး ရှိသည်။

  1. အာကာသာနဉ္စာယတနကုသိုလ်၊

  2. ၀ိညာဏဉ္စာယတနကုသိုလ်၊

  3. အာကိဉ္စညာယတနကုသိုလ်၊

  4. နေ၀သညာနာသညာယတနကုသိုလ် တို့ ဖြစ်ကြ၏။




ထို ရုပကုသိုလ် နှင့် အရူပကုသိုလ်များသည်ပင် မဟဂ္ဂုတ်ကုသိုလ်များဖြစ်ကြ၏။
ထိုမဟဂ္ဂုတ်ကုသိုလ်များသည်..ကုသိုလ်အရာ၌ အားကြီးသောကုသိုလ်ကံများဖြစ်သည်။
ထိုကံတို့သည် အားကြီးသောကြောင့် မုချမသွေ အကျိုးပေးမြဲသောကံများဖြစ်ကြသည်။
ဈာန်ရပြီး ပုဂ္ဂိုလ်သည်..သေလျင် ဗြဟ္မာ့ပြည်သို့ ဧကန် ရောက်၏။..တခြားကံအကျိုးများက ၀င်ရောက်၍ မတားမြစ်နိုင်ပေ။..
ထိုအားကြီးသောကုသိုလ်ကံများကို ကုသိုလ်ဂရုကကံဟု ခေါ်သည်။

ဂရုကကံကို အကုသိုလ်အရာ၌ ဆိုရလျင်..ပဉ္စာနန္တရိကကံ ပင်ဖြစ်၏။ သာမာန် သူ့အသတ်သတ်ခြင်း၊ သူ့ပစ္စည်းခိုးခြင်း တို့သည်..အကုသိုလ်ဂရုကကံများ မဟုတ်သေးပေ။
အားကြီးသော အကုသိုလ်ကံဖြစ်သည့်....ပဉ္စာနန္တရိကကံ ဆိုသည်မှာ..

  1. အမိ ကို သတ်ခြင်း

  2. အဖ ကို သတ်ခြင်း

  3. ရဟန္တာ ကို သတ်ခြင်း၊

  4. ဘုရားရှင် အား သွေးစိမ်းတည်အောင်ပြုခြင်း၊ နှင့်

  5. သံဃာအသင်းခွဲခြင်း....စသည့် ကံကြီးများ ဖြစ်သည်။



ထိုအကုသိုလ်ကံကြီးများ၌လည်း..အပြစ်အကြီးဆုံးကံမှာ.. သံဃာအသင်းခွဲခြင်း ဖြစ်သည်။
ဒုတိယအားဖြင့် အပြစ်ကြီးသောကံမှာ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်း ဖြစ်သည်။
တတိယအနေဖြင့် အပြစ်ကြီးလေးသောကံမှာ...ရဟန္တာ ကို သတ်ခြင်း ဖြစ်သည်။
ထို့နောက် အပြစ်ကြီးသောကံမှာ..အမိ ၊ အဖ တို့ကို သတ်ခြင်း ဖြစ်ပေသည်။
အမိ နှင့် အဖ တို့တွင်လည်း သီလချင်း တူညီနေလျင်..အမိကို သတ်ခြင်းက..ပို၍ အပြစ်ကြီးမားပေသည်။
ပဉ္စာနန္တရိယကံ ရှိခဲ့သူသည် ဧကန်မုချ အ၀ီစိငရဲသို့ ကျရောက်ရပေမည်။

ထို့ကြောင့် ဂရုကကံ ဆိုသည်မှာ..ကုသိုလ်အရာမှာဖြစ်စေ အကုသိုလ်အရာမှာဖြစ်စေ အကျိုးပေးမြဲသော အားကြီးသော ကံမျိုးကို ဆို၏။


အာသန္နကံ

အာသန္နကံဆိုသည်မှာ...

  1. သေခါနီးအချိန်၌ ကပ်၍ပြုသော ကုသိုလ် (သို့) အကုသိုလ် စေတနာ (ကံ) ဖြစ်သည်။

  2. ရှေးက ပြုခဲ့ဖူးသော ကံတခုခုအား...သေခါနီးအချိန်၌ အမှတ်ရကာ အောက်မေ့ဆင်ခြင်မိသော ကုသိုလ်(သို့) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။



အာသန္နကံ၌လည်း ကုသိုလ် အာသန္နကံ နှင့် အကုသိုလ် အာသန္နကံ ဟူ၍ ၂ မျိုးရှိ၏။
အာသန္နကံသည် အရေးကြီးသည်။ မသေခင် မိမိသည် (ဒါန သီလ စသော) ကောင်းမှု ကုသိုလ်များ ပြုလုပ်ခဲ့သော်ငြားလည်း..သေခါနီးအချိန်၌ စိတ်ဆိုးမှု ဒေါသဖြင့်သော်လည်းကောင်း၊ စွဲလမ်းမှု လောဘဖြင့်သော်လည်းကောင်း..စသော
စိတ်အနှောက်အယှက်တခုခုဖြင့် သေဆုံးသွားခဲ့လျင် ဒုတိယဘ၀၌ မကောင်းသော ဘုံဘ၀သို့ ကျရောက်ပေသည်။

ထို့ကြောင့် သေခါနီးအချိန်၌ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကို အာရုံပြု၍သော်လည်းကောင်း၊
မိမိ၏ မြတ်သောဒါနကိုလည်းကောင်း၊ သင်ယူမှတ်သားခဲ့ဖူးသော တရားဓမ္မများကိုလည်းကောင်း အာရုံပြု၍ စိတ်ထား ကောင်းကောင်း ရှိဖို့ရန် လိုအပ်ပေမည်။
သို့မှသာလျင် ဒုတိယဘ၀၌ ကောင်းရာ သုဂတိဘ၀သို့ ရောက်နိုင်ပေမည်။


အာစိဏ္ဏကံ

နေ့စဉ် မပြတ် လေ့ကျက် ပြုလုပ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ (ကံ)မျိုးဖြစ်သည်။
(သို့မဟုတ်) တကြိမ်ပြုဖူး၍ မပြတ် အောက်မေ့ သတိရအပ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ (ကံ)မျိုးဖြစ်သည်။

နေ့စဉ် ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း..စသည်တို့သည် ကုသိုလ် အာစိဏ္ဏကံများ ဖြစ်သည်။
နေ့စဉ် ဆဲဆိုခြင်း၊ အရက်သောက်ခြင်း၊ သတ်ဖြတ်ခြင်း စသည်တို့သည် အကုသိုလ် အာစိဏ္ဏကံများ ဖြစ်ကြသည်။

ကုသိုလ်အာစိဏ္ဏကံသည် အမှန်ပင် အားကိုးရပေသည်။ ထိုကုသိုလ်အာစိဏ္ဏကံသည်ပင်လျင် သေခါနီး၌ ကုသိုလ်အာသန္နကံ ဖြစ်သွားတတ်ပေသည်။
အမြဲတမ်း အလေ့အကျင့် ပြုထားသောကြောင့် သေခါနီးအချိန်၌ ကောင်းရာ အာရုံများ မိမိစိတ်တွင် ထင်ပေါ်လာနိုင်သောကြောင့်ဖြစ်ပေသည်။

ကဋတ္တာကံ
ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘ၀၌ သာမာန်ပြုလုပ်အပ်သော ကံမျိုးဖြစ်သည်။
ရှေးကံ(၃)ပါးမှလွတ်သော ရံခါပြုသော ကုသိုလ် (သို့မဟုတ်) အကုသိုလ် သာမည(သာမာန်)ကံများပင် ဖြစ်၏။

အထက်၌ ဖော်ပြခဲ့သော ထိုကံ ၄ မျိုးတို့၏ အကျိုးပေးအစဉ် အလှည့်မှာ..

ဂရုကကံ ရှိလျင်...ကရုကကံသည် ဦးစွာ အကျိုးပေးမယ်..
ဂရုကကံ မရှိခဲ့လျင်..အာသန္နကံ သည် အကျိုးပေးမည်..
ဂရုကကံလည်း မရှိ ၊ အာသန္နကံလည်း မရှိခဲ့လျင်..အာစိဏ္ဏကံသည် ၀င်ရောက် အကျိုးပေးမည်။
ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ တို့ ၃ ခုလုံးမရှိမှသာလျင်..သာမာန် ကဋတ္တာကံများ အကျိုးပေးမည်။

သေခါနီးအချိန်၌ ကပ်၍ ပြုလုပ်သော အာသန္နကံသည်..အလေ့အကျင့် မပြတ် ပြုလုပ်လာခဲ့သော အာစိဏ္ဏကံထက် ဦးစွာ အကျိုးပေးတတ်သည်။

ကျမ်းဂန်၌လာသော ဥပမာတခုမှာ..
နွားကျောင်းသားသည် ညနေ နွားများကို ခြံထဲသွင်းသောအခါ..နောက်ဆုံးမှ မသန်မစွမ်း နွားအိုကြီးသည်..အတွင်းထဲထိ မ၀င်နိုင်တော့ဘဲ..ခြံအ၀၌ပင် ရှိနေပေမည်။
မနက် ခြံတံခါး ဖွင့်ပေးလိုက်သောအခါ ဦးစွာ ထွက်ရမည်မှာ..ခြံဝနှင့် နီးသော ထို နွာအိုကြီး ဖြစ်ပေမည်။

ထို့အတူပင် အာသန္နကံ နှင့် အာစိဏ္ဏကံ တို့၌လည်း အာသန္နကံသည် (သေခါနီး) အနီး၌ ကပ်၍ပြုလိုက်သောကံဖြစ်သောကြောင့် ထိုကံသည် ဦးစွာ အကျိုးပေးတတ်ပေသည်။

ဤသည်မှာ အကျိုးပေးအစဉ်အားဖြင့် ကံ(၄)မျိုးတို့ ဖြစ်ပေသည်။

အောက်ပါ စာမျက်နှာ နှင့် အသံဖိုင်မှ ထုတ်နုတ်ဖော်ပြထားသည်။
စာမျက်နှာ ၆၇- ၇၂ - အဘိဓမ္မာသင်တန်းပို့ချချက်များ(တတိယတွဲ) - ဒေါက်တာသီလာနန္ဒာဘိဝံသ
ပို့ချချက် အမှတ်စဉ် (၁၂) - ဓမ္မဗျူဟာ ဒေါ်ခင်လှတင်
ယခင်ပို့စ်၌ ကံတို့၏ အကျိုးပေးရာ အချိန်ကာလနှင့်ပက်သက်၍ ကံ ၄ ပါး ရှိကြောင်း ရေးသားခဲ့သည်။

ယခုတခါ..လုပ်ငန်းနှင့် ပက်သက်၍ ကံ ၄ ပါး ရှိကြောင်းကို ဖော်ပြပါမည်။
၎င်းကို ကံတို့၏ လုပ်ငန်းဆောင်ရွက်ပုံ (၄)ပါးဟုလည်း ခေါ်သည်။
ပါဠိလို ကိစ္စစတုက္က ဟု ခေါ်၏။

ကိစ္စ = လုပ်ငန်း
စတုက္က = (၄)မျိုး၊ (သို့) (၄)ပါး ဖြစ်သည်။

ကုသိုလ်ကံဖြစ်ဖြစ် အကုသိုလ်ကံဖြစ်ဖြစ် လုပ်ငန်းဆောင်ရွက်ပုံ (၄)ပါး ရှိသည်။

  1. ဖြစ်စေခြင်းလုပ်ငန်း (ဇနကကံ)

  2. ထောက်ပံ့ခြင်းလုပ်ငန်း (ဥပတ္ထမ္ဘကကံ)

  3. နှိပ်စက်ခြင်းလုပ်ငန်း (ဥပပီဠကကံ)

  4. သတ်ဖြတ်ခြင်းလုပ်ငန်း (ဥပစ္ဆေဒကကံ (သို့မဟုတ်) ဥပဃာတကကံ)



ဖြစ်စေခြင်းလုပ်ငန်း (ဇနကကံ)

ဖြစ်စေခြင်းလုပ်ငန်းကို ဆောင်ရွက်လျင် ဇနကကံဖြစ်သည်။
ပို၍ တိတိကျကျ ဆိုရလျင်...ပဋိသန္ဓေ၊ ပ၀တ္တိ၊ ၀ိပါက်၊ ကဋတ္တာရုပ် တို့ကို အကျိုးပေး ဖြစ်စေနိုင်သော ကုသိုလ်(သို့)အကုသိုလ် စေတနာ(ကံ)သည် ဇနကကံ ဖြစ်၏။
ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပ၀တ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာ အခါ၌ ၎င်း၏အကျိုးကို ဖြစ်စေနိုင်သည်။

ပဋိသန္ဓေအခါ ဆိုသည်မှာ ပဋိသန္ဓေစိတ်ဖြစ်နေသော အခိုက်အတန့်လေးကို ဆို၏။
ပ၀တ္တိအခါ ဆိုသည်မှာ ပဋိသန္ဓေစိတ်နောက် ပထမဘ၀င်စိတ်မှစ၍ (စုတိ)သေသည့်တိုင်အောင် ကြားကာလကို ဆို၏။
ကဋတ္တာရုပ် ဆိုသည်မှာ ဘ၀အစ၏ ပထမဦးဆုံး ကံကြောင့်ဖြစ်သော ရုပ် (ကမ္မဇရုပ် ) ကို ဆိုလိုသည်။
ဝိပါက် ဆိုသည်မှ ၀ိပါက အကျိုးဖြစ်သည်။

ထိုကံ၏အကျိုးသည် ကုသိုလ်လည်းဖြစ်နိုင်သည်။ အကုသိုလ်လည်း ဖြစ်နိုင်၏။
ကုသိုလ်အကျိုးရလျင် ကုသိုလ်ဇနကကံသည် အကြောင်းဖြစ်မည်။
အကုသိုလ်အကျိုးဖြစ်လျင် အကုသိုလ်ဇနကကံသည် အကြောင်းဖြစ်၏။

ဥပမာ....
လူ့ပဋိသန္ဓေ၊ လူ့ ကဋတ္တာရုပ် နှင့် လူ့ပ၀တ္တိ အမျိုးမျိုးတို့ကို ဖြစ်စေခြင်းသည် ကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။
တိရိစ္ဆာန်ပဋိသန္ဓေ၊ တိရိစ္ဆာန် ကဋတ္တာရုပ် နှင့် တိရိစ္ဆာန် ပ၀တ္တိ အမျိုးမျိုးတို့ကို ဖြစ်စေခြင်းသည် အကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။

ထောက်ပံ့ခြင်းလုပ်ငန်း (ဥပတ္ထမ္ဘကကံ)

ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း တိုးတက်အောင် ထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းဖြင့် အကျိုးပေးတတ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။
တခြားကံ၏ အကျိုးပေး ကြာရှည်အောင်၊ ဖွံ့ဖြိုးအောင် ကုသိုလ်အကျိုး၌ဖြစ်စေ၊ အကုသိုလ်အကျိုး၌ဖြစ်စေ ထောက်မ ပေးတတ်သောကံဖြစ်သည်။
တိုးပွားအောင် ထောက်ပံ့သည် အားပေးသည်ဆိုရာဝယ် မျိုးတူချင်းဖြစ်မည်။
ထို့ကြောင့် ကုသိုလ်သည် ကုသိုလ်ချင်း ထောက်ပံ့မည်။ အကုသိုလ်သည် အကုသိုလ်ချင်း ထောက်ပံ့အားပေးမည်။

ဥပမာ -
လူဖြစ်ရခြင်းသည် ကံကောင်းသောကြောင့် ကုသိုလ်ကံအကျိုးကို ရထားပြီးဖြစ်သည်။
ထို့နောက် ထိုသူသည် ဘ၀၌ အချို့သောသူတို့နှင့် ခြားနားစွာ သက်သက်သာသာ နေရသည်၊ လူချစ် လူခင်များသည် စသော ကောင်းကျိုးတို့ကိုလည်း ရရှိပြန်သည်။
ဤသည်မှာ ရထားပြီးသား ကုသိုလ်ကျိုးကို တိုးတက်အောင် ထောက်ပံ့ခြင်းဖြစ်သည်။ ထို့သို့ ထောက်ပံ့ခြင်းဖြင့် အကျိုးပေးတတ်သောကံသည် ဥပတ္ထမ္ဘကကံဖြစ်သည်။

အကုသိုလ်ဘက်မှ ကြည့်လျင်...
တိရိစ္ဆာန်ဖြစ်ရခြင်းသည် ကံဆိုးသောကြောင့် အကုသိုလ်ကံအကျိုးကို ရထားပြီးဖြစ်သည်။
ထို့နောက် ထိုတိရိစ္ဆာန်သည် ဘ၀၌ တချို့အကောင်များနှင့် ခြားနားစွာ လူတို့၏ ရိုက်နှက်ခြင်း ခံရသည်၊ ဆင်းရဲစွာလည်း အစာရှာရသည် စသော မကောင်းကျိုးတို့ကိုလည်း ခံစားရပြန်သည်။
ဤသည်မှာ ရထားပြီးသာ အကုသိုလ်အကျိုးကို တိုးပွားအောင် အားပေးခြင်းဖြစ်သည်။ ထို့သို့ အားပေးခြင်းဖြင့် အကျိုးပေးတတ်သောကံသည်လည်း ဥပတ္ထမ္ဘကကံဖြစ်သည်။

လိုရင်း တိုရှင်းမှတ်လျင်...
ကုသိုလ်ဇနကံအကျိုးကို တိုးတက်အောင် ထောက်ပံ့ အကျိုးပေးခြင်းသည် ကုသိုလ်ဥပတ္ထမ္ဘကကံဖြစ်သည်။
အကုသိုလ်ဇနကကံအကျိုးကို ကြာရှည် တိုးပွားအောင် ပံ့ပိုး အကျိုးပေးခြင်းသည် အကုသိုလ်ဥပတ္ထမ္ဘကကံဖြစ်သည်။

နှိပ်စက်ခြင်းလုပ်ငန်း (ဥပပီဠကကံ)

တခြားကံ၏ အကျိုး ကြာရှည်မတည်တံ့အောင် မဖွံ့ဖြိုးအောင် ဖျက်ဆီး အကျိုးပေးတတ်သောကံဖြစ်သည်။
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းအောင် နှိပ်စက်ခြင်းဖြင့် အကျိုးပေးတတ်သော ကုသိုလ် (သို့) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။

ကုသိုလ်ကို ဆုတ်ယုတ်အောင် နှိပ်စက်တတ်ခြင်းသည် အကုသိုလ်ဥပပီဠကကံကြောင့်ဖြစ်သည်။
အကုသိုလ်ကို လျော့ပါးအောင် နှိပ်စက်တတ်ခြင်းသည် ကုသိုလ်ဥပပီဠကကံကြောင့်ဖြစ်သည်။

ဥပမာ- တိရိစ္ဆာန်တစ်ကောင်သည် အကုသလ၀ိပါက် (အကုသိုလ်အကျိုး) ရရှိထားပြီးဖြစ်သည်။ သို့ပေမယ့် ထိုတိရိစ္ဆာန်သည် တခြားအကောင်းများနှင့်မတူစွာ
အစာကောင်းကောင်း စားရသည်၊ ဟန်ကျ ပန်ကျ နေရသည် စသော ကောင်းကျိုးများ ရသည်။
ဤသည်မှာ ထိုတိရိစ္ဆာန်၏ အတိတ်ဘ၀တခုခု၌ ပြုခဲ့သော ကုသိုလ်ပီဠကကံ၏ အကျိုးပေး ၀င်ရောက်ပြီး လက်ရှိအကုသိုလ်ကံအကျိုးပေးခွင့်များကို လျော့ပါးအောင် နှိပ်စက်ပေးလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့်...လိုရင်း တိုရှင်းမှတ်လျင်...
ကုသိုလ်ဇနကကံအကျိုးကို လျော့ပါးအောင် နှိပ်စက်၍ အကျိုးပေးခြင်းသည် အကုသိုလ်ဥပပီဠကကံဖြစ်သည်။
အကုသိုလ်ဇနကကံအကျိုးကို လျော့ပါးအောင် နှိပ်စက်၍ အကျိုးပေးခြင်းသည် ကုသိုလ်ဥပပီဠကကံဖြစ်သည်။

သတ်ဖြတ်ခြင်းလုပ်ငန်း (ဥပစ္ဆေဒကကံ (သို့မဟုတ်) ဥပဃာတကကံ)

ဥပစ္ဆေဒကံကို ဥပဃာတကကံ ဟုလည်း ခေါ်ဆိုသည်။
အခြားကံ၏အကျိုးကို ၀င်ဖြတ်၍ ၎င်း၏အကျိုးကိုပါ ၀င်ပေးနိုင်သောကံသည် ဥပစ္ဆေဒကကံဖြစ်၏။
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း အကျိုးမပေး ဆိတ်သုဉ်းအောင် အတင်းဝင်ရောက် သတ်ဖြတ်အကျိုးပေးတတ်သော ကုသိုလ် (သို့) အကုသိုလ် စေတနာ(ကံ)သည် ဥပစ္ဆေဒကကံဖြစ်သည်။

ဤနေရာတွင်လည်း ကုသိုလ်ဥပစ္ဆေဒကကံ (သို့) အကုသိုလ်ဥပစ္ဆေဒကကံ ဟူ၍ (၂)မျိုးဖြစ်နိုင်သည်။

ဥပမာ- အဇာတသတ်မင်းသည် နောင်အခါတွင် မြတ်ဗုဒ္ဓကို သိပ်၍ ကြည်ညိုလာသည်။
မည်မျှပင် ဘုရားကြည်ညိုသော ကုသိုလ်များပြုပြု...၊ အဖသတ်ခဲ့သော ဥပစ္ဆေဒကကံ (ဥပဃာတကကံ) ရှိခဲ့ခြင်းကြောင့် ရှောင်လွှဲမရဘဲ၊ မဖြစ်မနေ ထိုကံ၏အကျိုးကို ခံရပြီး..ငရဲသို့ကျရလေသည်။
လက်ရှိရထားသော ကုသိုလ်ကံကျိုးတို့ကို..အတိတ်ကပြုခဲ့သော ကြီးလေးသည့် အကုသိုလ်ဥပစ္ဆေဒကကံ က...၀င်ဖြတ်၍ အကျိုးပေးလိုက်ခြင်းဖြစ်၏။

ဥပစ္ဆေဒကကံ ကို ကုသိုလ်ဘက်မှကြည့်လျင်...
အင်္ဂုလိမာလသည် သူသတ်သမား လူမိုက်ကြီးဖြစ်သည်။ အကုသိုလ်ကံတို့ကို များစွာ ပြုလုပ်ထားပြီး ဖြစ်သည်။
သို့ပေမယ့် သူသည် မြတ်ဗုဒ္ဓနှင့်တွေ့ပြီးနောက် အရဟတ္တမဂ် ကုသိုလ်ကို ပြုခွင့်ရသွားခဲ့သည်။ ရဟန္တာဖြစ်ခဲ့သည်။ နောက်ထပ် ခန္ဓာအကျိုးမရှိတော့ပြီ။
နောက်ထပ် ခန္ဓာမရတော့သောကြောင့် ထိုမကောင်းကျိုးများကို မခံစားရတော့။
သူ၏ အရဟတ္တမဂ်ကုသိုလ်ကြောင့် သူ ယခင်ပြုခဲ့သော အကုသိုလ်ကံကျိုးတို့သည် အကျိုးပေးခွင့်မရတော့ပေ။
ဤသည်မှာ ကုသိုလ်ဥပစ္ဆေဒကကံက..အကုသိုလ်ကံကျိုးတို့ကို ၀င်ဖြတ်၍ အကျိုးပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ကုသိုလ်ဥပစ္ဆေဒကကံ သည် လောကုတ္တရာကုသိုလ်ဟုလည်း ဆိုနိုင်သည်။

ကံ ကံ၏အကျိုးနှင့်ပက်သက်၍ အထက်ပါအတိုင်း လုပ်ငန်း ဆောင်ရွက်ပုံ ၄ ပါးကိုလည်း သိထားအပ်ပါသည်။

အောက်ပါတရားတော်မှ မှတ်သား ဖော်ပြခြင်းဖြစ်သည်။
အပိုင်း 11b- ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာ-၄၈၊ အဘိဓမ္မာသင်တန်းပို့ချချက်များ - ဒေါက်တာသီလာနန္ဒာဘိဝံသ
ကမ္မစတုက္က - ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ)
ကံ (၄)မျိုး
1:27 PM | Author: sankooo
သာမညအားဖြင့်၊ အပေါ်ယံအားဖြင့် ကံဆိုသည်ကို ပြုမှု ၊အလုပ် (action or deed) ဟု ဆိုကြပေမည်။ ကောင်းမှု ၊ မကောင်းမှု ပြုလုပ်ခြင်းဟုလည်း ဆိုကြမည်။

အဘိဓမ္မာသဘောတရားအရ..တိတိကျကျဆိုလျင်...
ကံဆိုသည်မှာ စေတနာဟူသော နာမ်တရားဖြစ်သည်။ ထိုစေတနာသည် စေ့ဆော် တိုက်တွန်းပေးတတ်သော သဘောရှိ၏။
ဘာကိုဘဲ ပြုပြု ထိုစေ့ဆော်ပေးတတ်သော စေတနာသည် ပါဝင်၏။ စေတနာအား ပြင်းမှုနှင့် နည်းမှုပင်ကွဲမည် ..မည်သည့်ကိစ္စပြုပြု ထိုစေတနာသည် ပါမြဲဖြစ်၏။
စိတ် ဖြစ်တိုင်းဖြစ်တိုင်း စေ့ဆော်မှု စေတနာပါသော်လည်း ကံဟုပြောဆိုသော ဤနေရာတွင် ကုသိုလ်စိတ် အကုသိုလ်စိတ် တို့နှင့် တွဲယှဉ်ဖြစ်သော စေတနာကို ဆိုသည်။
ထိုကြောင့် ကံ ကံ၏အကျိုး ၌ ကံဆိုသည်မှာ ကုသိုလ်ပြုသောအခါ၌လည်းကောင်း၊ အကုသိုလ်ပြုသောအခါ၌လည်းကောင်း ပါဝင်သော စေတနာပင်ဖြစ်သည်။
ထိုစေတနာ၏ စေ့ဆော်မှုဖြင့် ကိုယ်ဖြင့်လည်းပြုကြသည်၊ နှုတ်ဖြင့်လည်း ပြောကြသည်၊ စိတ်ဖြင့်လည်း ကြံစည်ကြသည်။
ထိုစေတနာ၏ စေ့ဆော်မှုဖြင့်ပင် ကောင်းမှုများကိုလည်း ပြုကြ၊ ပြောကြ၊ ကြံကြပေသည်။ မကောင်းမှုများကိုလည်း ပြုမိ၊ ပြောမိ၊ ကြံမိကြလေသည်။
ကောင်းမှု၊ မကောင်းမှုတို့နှင့်စပ်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဖြစ်မှုတို့၌ ထိုစေ့ဆော်မှု ပါဝင်သည်။
ထိုစေ့ဆော်မှု ကို စေတနာ ဟုခေါ်သည်။ ထို စေတနာ ကိုပင် ကံ ဟု ခေါ်၏။

ထိုစေတနာသည် နာမ်ဖြစ်သည်။ စေတသိက်ပေါင်း (၅၂)ခုတို့တွင် ပါဝင်သော စေတသိက်တစ်ခုဖြစ်၏။
ထိုစေတနာ စေတသိက်၌ ထူးခြားချက်ရှိ၏။
ရုပ်ဖြစ်စေ နာမ်ဖြစ်စေ ဖြစ်ပြီးလျှင် ချုပ် ပျက်သွားသည်ချည်းဖြစ်သည်။
ထိုကြောင့် စေတနာသည်လည်း နာမ်ဖြစ်သောကြောင့် ဖြစ်ပြီးလျှင် ပျက်မည်သာ ဖြစ်၏။
သို့ပေမယ့် အကျိုးပေးနိုင်သော အစွမ်းသတ္တိကိုတော့ စိတ်အစဉ်၌ ချန်ထားခဲ့လေသည်။
အကျိုးပေးရန် အခွင့်အခါသင့်သောအခါ အကျိုးပေးမည်ဖြစ်သည်။
ထိုအကျိုးပေးနိုင်သော သတ္တိအား မည်သည့်နေရာ၌ သိမ်းထားသည်ကို မပြောနိုင်ပေ။ အကျိုးပေးဖို့ရန် အစွမ်းသတ္တိကတော့ ရှိနေမည်သာ ဖြစ်၏။

ဥပမာ..သရက်ပင်၌ သရက်သီးများကို မည့်သည့်နေရာ၌ သိမ်းထား သိုထားသည်ကို မည်သို့မျှ မပြောနိုင်ပေ။ အသီး သီးဖို့ရန် ရာသီ အချိန်ကျသောအခါ၌ အသီးများ သီးလေတော့သည်။
ထိုအတူပင် စေတနာ ခေါ် ကံ ၏ အကျိုးသည်လည်း အကြောင်းညီညွတ် အခွင့်လမ်းသင့်သောအခါ၌ အကျိုးပေးပေလိမ့်မည် ဖြစ်၏။

ထိုသို့ အကျိုးပေးသောအခါ..ကာလနှင့် စပ်၍ ကံ (၄)မျိုးရှိလေသည်။

  1. ဒိဋ္ဌဓမ္မဝေဒနီယကံ - မျက်မှောက် ပစ္စုပ္ပန်ဘ၀၌ အကျိုးပေးသောကံ

  2. ဥပပဇ္ဇဝေဒနီယကံ- နောက် ဒုတိယဘ၀၌ အကျိုးပေးသောကံ

  3. အပရာပရိယဝေဒနီယကံ- တတိယဘ၀မှစ၍ နောက်ဆုံးဘ၀ (ပရိနိဗ္ဗာန်ပြုသည့်) တိုင်အောင် အကျိုးပေးသောကံ

  4. အဟောသိကံ- အကျိုးလုံးလုံး မပေးဖြစ်သောကံ


ဟူ၍ (၄)မျိုးရှိသည်။

အဘိဓမ္မာသဘောအရ ကောင်းမှုပြုပြု မကောင်းမှုပြုပြု ၀ီထိ ဆိုသော စိတ်အစဉ် ဖြစ်လေသည်။ ပုံမှန် အခြေအနေ ပြုမှုများ၌လည်း ၀ီထိ အစိတ်အစဉ် ရှိသည်။
တစုံတခုအား မြင်သည် ကြားသည် ဆိုသော အခါ၌လည်း ၀ီထိ - စိတ်အစဉ် ရှိလေသည်။
ထို စိတ်အစဉ်၌ ဇော ဆိုသော အခိုက်အတန့်သည် အရေးကြီး၏။
အာရုံတခုအား ပိုင်ပိုင် နိုင်နိုင် တွေ့ကြုံ ခံစားမိသောအခါသည် ထို ဇော အခိုက်အတန့်ပင် ဖြစ်သည်။
ဇောအခိုက်အတန့်ကျမှသာလျင် စိတ်သည် အားရှိသည်။ အားရမှုရှိသည်။
ထိုဇောစိတ်သည် (၇)ကြိမ် ဖြစ်သည်။ ထို ဇောစိတ်(၇)ကြိမ်တို့တွင်လည်း စေတနာ တခု တခုစီ ပါဝင်သည်။
ထို့ကြောင့် စေတနာသည်လည်း (၇)ကြိမ်ရှိမည်။

ပထမဇောနှင့် အတူတူဖြစ်သော စေတနာ (ပထမဇော စေတနာ)သည် ယခုဘ၀ မျက်မှောက်ဘ၀၌ အကျိုးပေးမည်။
မျက်မှောက်ဘ၀၌ အကျိုးသောကံကို ဒိဋ္ဌဓမ္မဝေဒနီယကံ ဟုခေါ်သည်။

သတ္တမဇောနှင့် ယှဉ်တွဲဖြစ်သော စေတနာ (သတ္တမဇော စေတနာ)သည် ဒုတိယဘ၀၌ အကျိုးပေးမည်။
ဒုတိယဘ၀၌ အကျိုးပေးသောကံကို ဥပပဇ္ဇဝေဒနီယကံ ဟုခေါ်သည်။

ကျန်သော အလယ်ဇော ၅-ချက် စေတနာသည် တတိယဘ၀မှစ၍ နိဗ္ဗာန်ရသော နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးပေလိမ့်မည် ဖြစ်သည်။
တတိယဘ၀မှစ၍ နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးသောကံကို အပရာပရိယဝေဒနီယကံ ဟုခေါ်သည်။

မျက်မှောက်ဘ၀၌ အကျိုးပေးရမည့်ကံသည် အကြောင်းမညီညွတ်သောကြောင့် အကျိုးမပေးဖြစ်သောအခါ.. အချည်းအနှီး အလကား ဖြစ်ပေမည်။
ထိုအတူ ဒုတိယဘ၀၌ အကျိုးပေးရမည့်ကံသည်လည်း အခွင့်အခါမသင့်သောကြောင့် အကျိုးမပေးဖြစ်လျှင် အချည်းအနှီး အလကားပင် ဖြစ်ပေလိမ့်မည်။
ထိုသို့ အချည်းအနှီး ဖြစ်သွားသောကံကို အဟောသိကံ ဟုခေါ်၏။

အလယ်ဇော ၅ချက် စေတနာကြောင့် အကျိုးသည် ..အမြဲ အကျိုးပေးဖို့ရန် ရှိနေမည်သာဖြစ်၏။ ဘ၀တခုခု၌ အခွင့်သင့်လျှင် အကျိုးပေးမည်သာ ဖြစ်၏။

သတ္တ၀ါသည် တိရိစ္ဆာန်ဘ၀မှသေ၍ လူ့ဘ၀သို့လည်း ရောက်ရှိနိုင်သည်။
လူ့ဘ၀မှသေ၍ တိရိစ္ဆာန်ဘ၀သို့လည်း ကျရောက်သွားနိုင်ပေသည်။

အောက်ဘုံ၌ ကျရောက်နေသော သူလည်း လွတ်မြောက်ပြီး..အထက်ဘုံသို့ တက်နိုင်သည်။
အထက်ဘုံမှသူလည်း အောက်ဘုံသို့ ကံဆိုးပြီး..ကျရောက်သွားနိုင်လေသည်။
ဥပမာ.. တိရိစ္ဆာန်ဘ၀၌ ကျရောက်နေသော သတ္တ၀ါသည် မည်သည့်ကံကြောင့် လူဖြစ်နိုင်သနည်း။
အမှန်တကယ် တိရိစ္ဆာန်ဘ၀၌ ကုသိုလ်ကောင်းမှု ပြုဖို့ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ မကောင်းမှုများပင် သိသာထင်ရှားစွာ ပြုနေရပေမည်။
သို့ပေမယ့် ထိုတိရိစ္ဆာန်သည်လည်း သေပြီး ကံကောင်း၍ လူဘ၀သို့ ပြန်ရောက်နိုင်သေးသည်။ ထိုသို့ အထက်ဘုံသို့ ရောက်နိုင်အောင် အကျိုးပေးမှုမှာ..
အလယ်ဇော ၅-ချက် စေတနာကြောင့် ပင် ဖြစ်၏။ ယခင် အတိတ် ဘ၀တခုခု၌ ပြုခဲ့သော ကောင်းမှုပြုစဉ် အလယ်ဇော ၅-ချက် စေတနာကြောင့် တိရိစ္ဆာန် ဖြစ်ပါလျက်နှင့်
သေသောအခါ..အထက် ကောင်းရာ လူဘ၀၌ လူဖြစ်ရပြန်သည်။

ထိုကြောင့် တခါတရံ လက်ရှိဘ၀၌ မိမိကိုယ်တိုင်က.မကောင်းမှုများ မလုပ်ပါလျက်နှင့်..
မကောင်းကျိုးများ ခံစားနေရသောအခါလည်းကြုံရမည်။ ထိုအခါ.စိတ်ထဲ..အလွန်ပင်..မခံမရပ်နိုင်အောင် ခံပြင်းနေမည်ဖြစ်သည်။
အဘယ်ကြောင့် ယခုဘ၀၌ မကောင်းတာမလုပ်မိပါဘဲ မကောင်းကျိုးခံစားရပါသနည်းဟု..စဉ်းစားကြပေလိမ့်မည်။ စိတ်ရှုပ်နေပေလိမ့်မည်။
အဖြေကား..အတိတ်ဘ၀တခုခု၌ မကောင်းမှုပြုခဲ့စဉ် အလယ်ဇော ၅-ချက် စေတနာကြောင့် မကောင်းကျိုးကို ခံစားရခြင်းဖြစ်ပေ၏။

ကံ ကံ၏အကျိုးနှင့်ပက်သက်၍..ကောင်းတာလုပ်လျင် ကောင်းသော အကျိုးရမည် မကောင်းတာလုပ်လျင် မကောင်းသောအကျိုးရမည်.
ထိုမျှလောက်သိထားရုံဖြင့် မလုံလောက်သေးပေ။
အကျိုးပေးရာကာလနှင့် ကံ (၄)မျိုးကိုလည်း အထက်ပါအတိုင်း သိထားအပ်ပေသည်။

ထိုသို့ မသိထားလျင် ရံဖန်ရံခါ မိမိစိတ်ထဲ ကံ ကံ၏အကျိုးနှင့်စပ်၍ ဘ၀င်မကျမှုများ သံသယများ ဖြစ်ပေါ်နေပေလိမ့်မည်။
ထိုဘ၀င်မကျ သံသယများ ရှင်းနိုင်ရန် ယခုကဲ့သို့ ကံ ၄-မျိုးနှင့် အကျိုးပေးရာကာလတို့ကို ဖော်ပြလိုက်ရပါသည်။

အောက်ပါတရားတော်မှ နာယူမှတ်သားပြီး ရေးသားခြင်းဖြစ်သည်။
အပိုင်း ၁၁၊ ဗုဒ္ဓဘာသာအခြေခံတရားတော်များ - ဒေါက်တာသီလာနန္ဒာဘိဝံသ
ကံ ကံ၏ အကျိုး.. အကြောင်း ဆိုလျင် စူဠကမ္မ၀ိဘင်္ဂသုတ် ကို ရှေးဦးစွာ ပြောဆိုရမည်ဖြစ်သည်။ ကံ ကံ၏ အကျိုးနှင့် ပက်သက်လျင် ထိုတရားတော်မှာ အခြေခံလည်း ဖြစ်သလို အရေးလည်းကြီးပေသည်။
ထိုတရားတော်တွင် ကံ ကံ၏ အကျိုး သဘောတရားများကို သင်ကြားထားခြင်းဖြစ်သည်။
ထိုတရားတော်ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့၏။ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်အား အကြောင်းပြု၍ ဟောတော်မူခဲ့ခြင်းဖြစ်၏။
သုဘလုလင်သည် မြတ်ဗုဒ္ဓအား မေးခွန်း ပြဿနာ (၁၄)ချက်ကို မေးလျှောက်ခဲ့၏။
သူမေးလျှောက်သော မေးခွန်းပြဿနာများမှာ...


  1. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍

  2. အချို့မှာ အသက်ရှည်ပါသနည်း။

  3. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍

  4. အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။

  5. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍

  6. အချို့မှာ အဆင်းလှပါသနည်း။

  7. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍

  8. အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။

  9. လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍

  10. အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။

  11. လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍

  12. အချို့မှာ အမျိုးမြတ်ပါသနည်း။

  13. လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍

  14. အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။



ထို မေးခွန်း ပြဿနာ (၁၄)ချက်တို့ဖြစ်၏။ ထိုမေးခွန်းများသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၅၄)ကျော်အထက်က..သုဘလုလင်က..မြတ်ဗုဒ္ဓအား မေးလျှောက်ခဲ့ခြင်းဖြစ်၏။
ယခုခေတ်အခါတွင်လည်း ထိုမေးခွန်းများကိုပင် နေ့စဉ်နေ့တိုင်း အကြောင်းတခုခုနှင့် စပ်လျဉ်း၍ လူအများတို့ မိမိဘာသာ စဉ်းစားနေခြင်းဖြင့်လည်းကောင်း အပေါင်းအသင်းများနှင့်
အပြန်အလှန်အားဖြင့်လည်းကောင်း မေးမြန်းနေကြစမြဲဖြစ်၏။
သဗ္ဗညုတ ဉာဏ်ပိုင်ရှင် မြတ်ဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း များစွာအထက်ကပင် ထိုမေးခွန်းများကို တိကျပြည့်စုံစွာ ဖြေဆိုထားပြီးသားဖြစ်၏။

သုဘလုလင်၏ အမေးများအား မြတ်ဗုဒ္ဓက..အကျဉ်းချုပ် ဤသို့ ဟောတော်မူခဲ့၏..


လုလင်
သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏။
ကံ၏ အမွေခံတို့ ဖြစ်ကုန်၏။
ကံသာလျှင် အကြောင်း ရှိကုန်၏။
ကံသာလျှင် ဆွေမျိုး ရှိကုန်၏။
ကံသာလျင် မှီခိုရာ ရှိကုန်၏။
ကံသည်သာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှါ ခွဲခြမ်း ဝေဖန်၏။ ....

ဟု ဟောတော်မူလေ၏။

မြတ်ဗုဒ္ဓ၏ ထို့သို့ အကျဉ်းချုပ်ဟောတော်မူချက်ကို သုဘလုလင်က..နားမလည်သဖြင့် အနက်အဓိပ္ပါယ်နှင့်တကွ ဝေဖန်ဖြေကြားပေးပါရန် တောင်းပန်လျောက်ထားပြန်၏။..
ထိုအခါ မြတ်ဗုဒ္ဓသည် သုဘလုလင်၏ အမေး (၁၄)ချက်တို့ကို ဤသို့ဟောတော်မူလေသည်..

သုဘလုလင်အမေး....
၁။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
၂။ အချို့မှာ အသက်ရှည်ပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက်ကို သတ်ဖြတ်လေ့ရှိ၏။ ကြမ်းကြုတ်၏။ သွေးစွန်းသော လက်ရှိ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
(ရှေးက ကုသိုလ်ကံ တစုံတခု၏ အထောက်အပံ့ကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရစေကာမူ ကြာရှည်နေခွင့် မရပါဘဲ အသက်တိုရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ သူ့အသက်သတ်ရမည်ကို ရှက်ခြင်းရှိ၏။ သနားကြင်နာကြ၏။ ထိုသူမျိုး သေလျှင်
နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်သော်လျှင်ပင် အသက်ရှည်စွာ နေရတတ်လေသည်။

သုဘလုလင်အမေး....
၃။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
၎။ အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တစ်ပါးသော သတ္တ၀ါအား လက်ဖြင့်လည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်များဖြင့်လည်းကောင်း ညှဉ်းဆဲလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ ရောဂါထူပြော အနာပေါများတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ထိုသို့ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိ။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်ပေသည်။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းဝေးကြရပေ၏။


သုဘလုလင်အမေး....
၅။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
၆။ အချို့မှာ အဆင်းလှပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန် ဒေါသကြီးကြ၏။ စကားပြောစရာရှိလျှင်ပင် သူတပါးအား ထိပါးပုတ်ခတ်၍ ပြောလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲသို့ကျရောက်တတ်၏။ ငရဲမကျပါဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အမျက် ဒေါသ ထွက်လေ့မရှိ။ ထိုသို့ ဒေါသမကြီးသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် ကြည်လင်လှပသော အဆင်းကို ရပေသည်။


သုဘလုလင်အမေး....
၇။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
၈။ အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာအားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ကျရောက်ရတတ်သည်။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်စေကာမူ
ခြွေရံစိုးမိုး တန်ဖိုးနည်းပါးတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာ မရှိ။ သူတပါးအပေါ် မနာလိုခြင်း မရှိ။ ထိုသူမျိုးသေလျှင် နတ်ပြည်သို့ရောက်ရတတ်ပေသည်။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့
ရောက်ရလျှင်ပင် နာမည်ကျော်ကြား ခြွေရံပေါများ၍ တန်ခိုးအာဏာ သြဇာကြီးမားတတ်လေသည်။
(သူတပါး၏ ကံ ဉာဏ် ၀ီရိယ အားလျော်စွာ စည်းစိမ်ဥစ္စာပေါခြင်း၊ ဂုဏ်သိန်ကြီးမားခြင်း၊ ကျော်စောခြင်း စသည်တို့ကို မနာလိုမှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့သည် ဣဿာပင်ဖြစ်၏။)


သုဘလုလင်အမေး....
၉။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ။ မစ္ဆေရတရား အားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
ငရဲမကျ လူ့ပြည်သို့ ရောက်ရလျှင်ပင် ဥစ္စာမဲ့မွဲ ဆင်းရဲရတတ်သည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မစ္ဆေရမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်သည်။ နတ်ပြည်သို့မရောက်ဘဲ
လူ့ပြည်သို့ ရောက်ပြန်လျှင်ပင် ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝ ရပေသည်။
(မိမိ၌ ရှိသော ပစ္စည်းများကို သူတပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ်မျိုးကို သူတပါးရမည်ကို စိုးခြင်းသည်လည်းကောင်း မစ္ဆေရပင်ဖြစ်၏။)


သုဘလုလင်အမေး....
၁၁။ လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
၁၂။ အချို့မှာ အမျိုးမြတ်ပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန်မာနကြီးကြ၏။ သူတပါးကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေလေးစားထိုက်သူကိုပင်
ရိုသေရမှန်းမသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မာန်မာန မကြီး။ ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစား၏။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရတတ်ပေသည်။


သုဘလုလင်အမေး....
၁၃။ လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
၁၄။ အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။


မြတ်ဗုဒ္ဓ၏အဖြေ....
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊
နောင်သံသရာဝယ် အကျိုးပေးမည့် တရားအချက်တို့ကို လည်းကောင်း မေးမြန်းလေ့ မရှိကြပေ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ်၏။
ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ အသိ လိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တရားကို နှစ်သက်ကြည်ဖြူနာယူကြသည်။ ကုသိုလ် အကုသိုလ်နှင့် စပ်၍လည်းကောင်း
မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊ သံသရာဝယ် အကျိုးပေးမည့် တရားအချက်များနှင့် စပ်၍လည်းကောင်း မေးမြန်းလေ့ ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။


မြတ်ဗုဒ္ဓ၏ ထိုတရားတော်အဆုံးတွင် သုဘလုလင်သည် တရားတော်အား လွန်စွာ နှစ်သက်အားရကျေနပ်မှု ဖြစ်ကာ..
ဘုရား(ဗုဒ္ဓ)၊ တရား(ဓမ္မ)၊ သံဃာ..ရတနာ(၃)ပါးအား ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဖြစ်လေသည်။

မှတ်မိလွယ်ရန် ဆောင်ပုဒ်များ

  1. သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို။

  2. မသတ်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ကို။

  3. နှိပ်စက်ကလူ ညှဉ်းဆဲသူ ပြောထူရောဂါဆို။

  4. သနားစိတ်သွင်း မနှိမ်နင်း ကင်းရှင်းရောဂါကို။

  5. ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။

  6. ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။

  7. မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။

  8. ဣဿာမထား ၀မ်းမြောက်ငြား ပေါများခြွေရံကို။

  9. မလှူမဒါန်း မပေးကမ်း ခြောက်ခန်းဥစ္စာဆို။

  10. စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝလို။

  11. မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။

  12. ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်သကို။

  13. သိဖွယ်ဟူသမျှ မမေးက ဖျင်းအ ပညာဆို။

  14. ကြားမြင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။


(စာ-၂၇၈၊ ရတနာ့ဂုဏ်ရည်- အရှင်ဇနကာဘိဝံသ)

အောက်ပါတရားတော်နှင့် စာမျက်နှာ မှရေးသားထားပါသည်။
အပိုင်း(၁၀)၊ ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာမျက်နှာ-၂၇၃၊ ရတနာ့ဂုဏ်ရည် - အရှင်ဇနကာဘိဝံသ