ဝဋ္ဋသုတ် (video)
11:18 PM | Author: sankooo
ဝဋ္ဋသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=gUTdPrS5arY[/youtube]
ဝဋ္ဋသုတ် (video)
11:18 PM | Author: sankooo
ဝဋ္ဋသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=gUTdPrS5arY[/youtube]
ခန္ဓသုတ် (video)
2:17 AM | Author: sankooo
ခန္ဓသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=emhuseZiyGM[/youtube]
ခန္ဓသုတ် (video)
2:17 AM | Author: sankooo
ခန္ဓသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး
[youtube]http://www.youtube.com/watch?v=emhuseZiyGM[/youtube]
မေတ္တသုတ် (video)
1:25 AM | Author: sankooo
မေတ္တသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

[youtube]http://www.youtube.com/watch?v=paJCDd0kxZc[/youtube]
ရတနသုတ် (video)
1:08 AM | Author: sankooo
ရတနသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

[youtube]http://www.youtube.com/watch?v=T3gHYrGR50o[/youtube]
မင်္ဂလသုတ် (video)
1:06 AM | Author: sankooo
မင်္ဂလသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

[youtube]http://www.youtube.com/watch?v=wvxwm6FsuS8[/youtube]
မင်းကွန်းတိပိဋကဓရ ဦးဝိစိတ္တသာရာဘိဝံသ ဟောကြားတော်မူသော ပရိတ်ကြီး (၁၁)သုတ် ဗီစီဒီအခွေကို..၀ါဆိုလပြည့်နေ့မတိုင်ခင်က..သူငယ်ချင်းတစ်ယောက်ဆီက ငှားယူဖြစ်ခဲ့တယ်။..
ဝါဆိုလပြည့်နေ့မနက်တုန်းက..ဖွင့်ထားရင်း..ဒီပရိတ်ကြီးဗီဒီယိုဖိုင်တွေကို တင်လိုက်ရင်ကောင်းမှာပဲလို့.အကြံပေါ်ပြီး တင်ပေးလိုက်ပါတယ်။
ဒါပေမယ့် ဒီခွေထဲမှာက..မောရသုတ်နဲ့..အင်္ဂုလိမာလသုတ် ပါမလာဘူး..
အဲတော့အခွေထဲမှာ..ပါတာကိုပဲ တင်ထားလိုက်ပါတယ်။

  1. ရှေးဦးတရားစာပိုဒ်များ (နတ်ပင့်)

  2. မင်္ဂလသုတ်

  3. ရတနသုတ်

  4. မေတ္တသုတ်

  5. ခန္ဓသုတ်

  6. ၀ဋ္ဋသုတ်

  7. ဓဇဂ္ဂသုတ်

  8. အာဋာနာဋိယသုတ်

  9. ဗောဇ္ဈင်သုတ်

  10. ပုဗ္ဗဏှသုတ်


ရှေးဦးတရားစာပိုဒ်များ (နတ်ပင့်)

[youtube]http://www.youtube.com/watch?v=nhl2xVXkD5c[/youtube]


new

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက..ပဉ္စ၀ဂ္ဂီတို့အား..အစွန်းတရားတွေရှောင်ရှားဖို့ နှင့်၊

အလယ်အလတ်ကျင့်စဉ်ကို လိုက်နာကျင့်သုံးကြဖို့..ဟောပြီးတဲ့နောက်..

သစ္စာလေးပါးတရားကို အခုလို ဟောတော်မူပါသည်။
ဘိက္ခဝေ-ရဟန်းတို့၊ အို ချစ်သားတို့..

ဆင်းရဲအမှန်တရားကို ပိုင်းပိုင်းခြားခြား သိရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့လာခဲ့ပြီ။

ဆင်းရဲဖြစ်ကြောင်းအမှန်တရားကို ပယ်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့ခဲ့ပြီ။

ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရားကို ဥာဏ်နဲ့မျက်မှောက်ထင်ထင် ဆိုက်ရောက်သိမြင်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ သဘောပေါက်လာခဲ့ပြီ သိလာတွေ့လာခဲ့ပြီ။

ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန်တရားကို မိမိသန္တာန်မှာဖြစ်ပွားအောင် အားထုတ်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့လာခဲ့ပြီ။

ဟု မြတ်ဗုဒ္ဓက ဟောလေ၏။

new
ဓမ္မစကြာပထမပိုင်း၌ဖော်ပြခဲ့သည့်အတိုင်း အယုတ်တရား (၂)ပါးကို ရှောင်ရှားရမည်ဟု..မြတ်ဗုဒ္ဓက စတင် ဟောတော်မူခဲ့သည်။
“ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်” ဟူသော အဓိပ္ပါယ်ဖြင့် မြတ်ဗုဒ္ဓက..ဓမ္မစကြာတရားတော်ကို စတင်ခဲ့ခြင်းဖြစ်၏။
ထိုစာကြောင်းတွင်လည်း ရဟန်း အဖြစ်သို့ ကပ်ရောက်သော ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ဖွင့်ထားပါသော်လည်း..သံဃာတော်တွေချည်းသက်သက်ကိုပဲ ရည်ရွယ်ပြီးဆိုထားခြင်း မဟုတ်ပေ။ လူပုဂ္ဂိုလ်များလည်း ပါဝင်ပါ၏။ ရဟန်းဆိုသည်မှာလည်း (၂)မျိုးရှိ၏။
သုတ္တန်ရဟန်း နှင့် ၀ိနည်းရဟန်း တို့ဖြစ်သည်။

သုတ္တန်ရဟန်းဆိုသည်မှာ ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အကျင့် တခုခုကို ကျင့်ကြံပွားများနေသော ယောကျာင်္း (သို့) မိန်းမ လူဝတ်ကြောင် ဖြစ်ချင်ဖြစ်မည် (သို့မဟုတ်ပါက) ဘုန်းကြီးလည်း ဖြစ်ချင်ဖြစ်နိုင်သည်။

ဝိနည်းရဟန်းဆိုသည်မှာ သိမ်တွင် သံဃာတော်တို့ဖြင့် ၀ိနည်းသိက္ခာတင်ပေးထားသော ရဟန်းကို ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ရဟန်းအဖြစ်သို့ ကပ်ရောက်သော ပုဂ္ဂိုလ်ဆိုသည်မှာ..
မြတ်ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အကျင့် တခုခုကို ကျင့်ကြံပွားများ အားထုတ်နေသည့်၊ အားထုတ်တော့မည့် ပုဂ္ဂိုလ်ဟု အဓိပ္ပါယ် ရပါသည်။ ထို ပုဂ္ဂိုလ်မှာလည်း ၀ိနည်းရဟန်းလည်း ဖြစ်ချင်ဖြစ်မည်၊ သုတ္တန်ရဟန်းလည်း ဖြစ်ချင်ဖြစ်မည်။ သံဃာတော်လည်း ဖြစ်ချင်ဖြစ်မည် လူဝတ်ကြောင်လည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်သူပဲဖြစ်ဖြစ် ထိုသို့ ကျင့်ကြံပွားများသည့်အခါမှာ..အစွန်း (၂)ပါး၊ (သို့) အယုတ်တရား (၂)ပါးတို့ကို ရှောင်ရှားရမည်ဟု ဆိုခြင်းဖြစ်ပါသည်။ ထိုကြောင့် သံဃာတော်များ အပါအ၀င် လူပုဂ္ဂိုလ်များကိုပါ..အယုတ်တရား (၂)ပါးကို ရှောင်ရှားရမည်ဟု မြတ်ဗုဒ္ဓက..ဟောတော်မူခြင်းဖြစ်၏။

အယုတ်တရား (၂)ပါးဆိုသည်မှာလည်း ကာမသုခလ္လိကနုယောဂ နှင့် အတ္တကိလမထာနုယောဂ တို့ဖြစ်သည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ အနည်းငယ်ထပ်ပေါင်း ပြောဆိုရလျင်..

ကာမသုခလ္လိကာနုယောဂ ဆိုသည်မှာ..
တရားသဘောဖြင့် လောဘဖြစ်သည်။ ဒိဋ္ဌိသဘောဖြင့် သဿတဒိဋ္ဌိဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်သဘောဖြင့် တဏှာဦးဆောင်သော အားထုတ်မှု အစွန်းတရားဖြစ်သည်။

အတ္တကိလမထာနုယောဂ ဆိုသည်မှာ..
တရားသဘောဖြင့် ဒေါသဖြစ်သည်။ ဒိဋ္ဌိသဘောဖြင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်သဘောဖြင့် အ၀ိဇ္ဖာဦးဆောင်သော အားထုတ်မှု အစွန်းတရားဖြစ်သည်။

ထို အစွန်းတရား (၂)ပါးတို့၌ မကပ်ညိပါဘဲ….
တနည်းအားဖြင့်…အ၀ိဇ္ဇာဘက်ကိုလည်း မညိ၊ တဏှာဘက်ကိုလည်း မညိ
ဒေါသဘက်ကိုလည်း မရောက်၊ လောဘဘက်ကိုလည်း မရောက်
ဥစ္ဆေဒဒိဋ္ဌိဘက်ကိုလည်း မဖြစ်၊ သဿတဒိဋ္ဌိဘက်ကိုလည်း မဖြစ်ဘဲ..မှန်ကန်စွာ ဥာဏ်မျက်စိကို ပြုစေတတ်သော လမ်းစဉ်မှာ…
အလယ်အလတ် အကျင့် မဇ္ဈိမပဋိပဒါပင်ဖြစ်၏။
ထိုအလယ်အလတ် ကျင့်စဉ် ဆိုသည်မှာ မဂ္ဂင်(၈)ပါး ပင်ဖြစ်၏။
1. သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း
2. သမ္မာသင်္ကပ္ပ = မှန်စွာကြံခြင်း
3. သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း
4. သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း
5. သမ္မာအာဇီဝ = မှန်စွာအသက်မွေးခြင်း
6. သမ္မာဝါယာမ = မှန်စွာအားထုတ်ခြင်း
7. သမ္မာသတိ = မှန်စွာအမှတ်ရခြင်း
8. သမ္မာသမာဓိ = မှန်စွာစူးစိုက် တည်ကြည်ခြင်း

ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိမဂ္ဂင်တခု တည်းကို ကျင့်သုံးပါက.မဇ္မျိမပဋိပဒါ ဖြစ်သည်။ သမ္မာဒိဋ္ဌိကို ကျင့်သုံးနေလျင် ကျန်သော မဂ္ဂင်များ အလိုလို တွဲစပ်၍ ဖြစ်လာပါတော့သည်။ သမ္မာဒိဋ္ဌိနဲ့ တွဲစပ်မည့် သင်္ကပ္ပသည်..သမ္မာသင်္ကပ္ပ ဖြစ်လာမည်။ မိစ္ဆာသင်္ကပ္ပ မဖြစ်တော့။ ထို့အတူပဲ သမ္မာဒိဋ္ဌိနဲ့ အတူဖြစ်မည့် ၀ါစာသည်လည်း..သမ္မာဝါစာပဲဖြစ်ပေလိမ့်မည်။
အဓိပ္ပါယ်မှာ..မှန်စွာသိမြင်ခြင်း တခုတည်း ကျင့်သုံးလိုက်သည်နှင့်..မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း..စသော ကျန်မဂ္ဂင်(၇)ပါးတို့မှာ..အခြံအရံအဖြစ် အလိုလို လိုက်ပါလာတော့သည်။…ထိုကြောင့် မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့အား…
သင်ချစ်သားတို့ စိတ်အာရုံတွေ မများကြနဲ့..အလုပ်ကိစ္စတွေ ထွေပြားမနေတော့နဲ့..
သမ္မာဒိဋ္ဌိကိုပဲ ပိုင်ပိုင်နိုင်နိုင် ကိုင်ကြလော့..
သင်ချစ်သားတို့ ပထမမဂ္ဂင် သမ္မာဒိဋ္ဌိဖြစ်ရင်..ကျန်တဲ့မဂ္ဂင်(၇)ပါးလုံးဟာ..နောက်ကလိုက်လာသလို..အကုန်လုံး စုံလို့ ပြုံလျက်..မခေါ်ပါဘဲ လိုက်လာကြပါလိမ့်မည်။

ဟု ဟောလေ၏။

ထို့ကြောင့် သမ္မာဒိဋ္ဌိသည် ရှေးဦးစွာ အရေးကြီးပါ၏။ သမ္မာဒိဋ္ဌိမရှိရင် မှန်ကန်သော ကျင့်စဉ်ပေါ်မရောက်။ မှန်ကန်သော ကျင့်စဉ်ပေါ်မရောက်လျင် နိဗ္ဗာန်ကို မရနိုင်ပေ။
သမ္မာဒိဋ္ဌိတွင်လည်း (၅)မျိုးရှိပါသည်။

1. ကမ္မဿကတာသမ္မာဒိဋ္ဌိ
2. ဈာနသမ္မာဒိဋ္ဌိ
3. ၀ိပဿနာသမ္မာဒိဋ္ဌိ
4. မဂ္ဂသမ္မာဒိဋ္ဌိ
5. ဖလသမ္မာဒိဋ္ဌိ….တို့ဖြစ်ကြသည်။

ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုသည်မှာ..အကြောင်းအကျိုးစပ်လျက် ယုံကြည်နားလည်ခြင်းဖြစ်၏။ အကြောင်းကံရှိလို့ အကျိုးကံတွေဖြစ်တာပဲ..အကြောင်းမကောင်းလျင် အကျိုးလည်း မကောင်းဘူး၊ အကြောင်းကောင်းရင်တော့ အကျိုးလည်း ကောင်းမှာပဲ ဟု..နားလည်လက်ခံခြင်းဖြစ်သည်။ ဤသမ္မာဒိဋ္ဌိမှာ အခြေခံဖြစ်၏။ အရေးကြီးဆုံးလည်း ဖြစ်၏။ ထိုသို့ အကြောင်းအကျိုးသဘောကို စူးစူးစိုက်စိုက် နားမလည်ပါဘဲ....သူဟာသူဖြစ်ချင်သလိုဖြစ်နေတာပဲ..ဒါမှမဟုတ်..ဗြဟ္မာကြီးကဖန်ဆင်းတာ..ဘုရားသခင်က ဖန်ဆင်းတာ..မိုးနတ်မင်းက.မစတာ..စသဖြင့် ယုံကြည်ထားခြင်းမျိုးတို့သည်..ကမ္မဿကတာသမ္မာဒိဋ္ဌိ မဖြစ်။ မှန်မှန်ကန်ကန် မမြင်သေးခြင်းဖြစ်၏။ ကံ-ကံ၏အကျိုးတို့ကို ကြောင်းကျိုးစပ်နားလည်ပါမှ..ကောင်းမှုတို့ကို လုပ်ချင်စိတ်တွေဖြစ်လာမည်။ ထိုသမ္မာဒိဋ္ဌိလေးအခြေခံပါမှ..ကောင်းတာများကို ကြံဆောင်လာမည်၊ ကောင်းသောစကားတို့ကို ပြောချင်လာမည်၊ ကောင်းသော အသက်မွေးမှုတို့ကို လုပ်ချင်လာမည်..စသော အကျိုးကျေးဇူးများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ကမ္မဿကတာသမ္မာဒိဋ္ဌိမှာ အရေးကြီးသည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ရောက်ကြောင်းတရားပင်ဖြစ်၏။

ဈာနသမ္မာဒိဋ္ဌိဆိုသည်မှာ..ရူပဈာန်၊ အရူပဈာန်များမှာလာသော ဥာဏ်ပညာကို ခေါ်ဆို၏။ သမာဓိတည်ကြည်အောင် ကျင့်သောလုပ်ငန်းစဉ်တို့တွင် မှန်မှန်ကန်ကန် မြင်ခြင်းဖြစ်သည်။ ထိုဈာနသမ္မာဒိဋ္ဌိသည်လည်း ၀ိပဿနာ၏အခြေခံဖြစ်လျင်..နိဗ္ဗာန်ရောက်ကြောင်းတရားပင် ဖြစ်ပါ၏။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ နှင့် ဈာနသမ္မာဒိဋ္ဌိ တို့သည် မဂ်ဖိုလ်နိဗ္ဗာန်ရဖို့..အခြေခံတရားများ ဖြစ်သောကြောင့် ထိုသမ္မာဒိဋ္ဌိ (၂)ပါးကို “မူလမဂ္ဂင်” ဟုလည်း ခေါ်၏။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုသည်မှာ..၀ိပဿနာဥာဏ်ဖြစ်၏။ အရှု့ခံ ပေါ်တွင် ရှု့ဥာဏ်ဖြင့် ရုပ်/နာမ်တို့၏ ဖြစ်ပျက်တို့ကို မှန်မှန်ကန်ကန်မြင်ခြင်းဖြစ်သည်။ အရှု့ခံဆိုသည်မှာ ခန္ဓာငါးပါးထဲမှာ တပါးပါးကိုဆိုလိုသည်။ ရုပ်ဖြစ်ချင်လည်း ဖြစ်မည် နာမ်ဖြစ်ချင်လည်းဖြစ်မည်။ ၀ိပဿနာသမ္မာဒိဋ္ဌိဖြင့် ၀ိပဿနာအလုပ်ကို လုပ်နေစဉ်ဝယ်..ခန္ဓာကိုယ်ကြီးကို ယောကျာင်္း မိန်းမ စသည်ဖြင့် မမြင်တော့ဘဲ..ဖြစ်/ပျက်ကိုသာ မြင်ခြင်းဖြစ်သည်။ ထိုကြောင့် လောဘတရား၊ ဒေါသတရား၊ မောဟတရားတို့ မ၀င်လာနိုင်တော့။ ထိုဝိပဿနာသမ္မာဒိဋ္ဌိဖြင့် သဘောမှန်ကို သိနေလျင် သာယာဖွယ်အာရုံနှင့် တွေ့ပါသော်လည်း သာယာမှုရာဂ မဖြစ်တော့။ ကာမသုခလ္လိကနုယောဂဘက် သို့ မကပ်ညိခြင်းဖြစ်၏။ သုံးဆောင်သင့်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ကို သုံးဆောင်၏။ လုံးလုံး မသုံးဆောင်ဘဲ နေတာမဖြစ်လို့ ကိုယ်ပင်ပန်းအောင်ကျင့်သော အတ္တကိလမထာနုယောဂလည်း မဖြစ်တော့ပေ။ တင်းလွန်းတာလည်းမဟုတ်၊ လျော့လွန်းတာလည်းမဟုတ်ဘဲ..အလယ်အလတ်ကျင့်စဉ်ဖြစ်တော့သည်။
ဝိပဿနာသမ္မာဒိဋ္ဌိသည်.. ခန္ဓာ ကိုလည်းစွန့်၏၊ တဏှာကိုလည်း စွန့် နိုင်၏။

ဝိပဿနာဥာဏ်တွေ ပြည့်စုံသောအခါ..မဂ္ဂသမ္မာဒိဋ္ဌိဟု ခေါ်သော အရိယာမဂ်ဥာဏ် ဖြစ်ပေါ်လာတော့သည်။ မဂ္ဂသမ္မာဒိဋ္ဌိ - အရိယာမဂ်ဥာဏ်သည် ခန္ဓာကိုလည်း စွန့်၏၊ တဏှာကိုလည်း စွန့်၏၊ နိဗ္ဗာန်ကိုပါ မြင်တော့သည်။

ဖလသမ္မာဒိဋ္ဌိဆိုသည်မှာ အရိယာမဂ်၏ အကျိုးတရားပင်ဖြစ်၏။ အထူးတလည်အားထုတ်စရာမလို။ဖလသမ္မာဒိဋ္ဌိသည်လည်း.. ခန္ဓာကိုလည်း စွန့်၏၊ တဏှာကိုလည်း စွန့်၏၊ နိဗ္ဗာန်ကိုပါ မြင်၏။ အချောသတ် ကိလေသာတို့ကို ငြိမ်းသတ်ခြင်းနှင့် တူပေ၏။

ထိုကြောင့် သမ္မာဒိဋ္ဌိဖြစ်လျင် ကျန်မဂ္ဂင်တို့ စုပြုံ ယှဉ်တွဲလျက်..နိဗ္ဗာန်တိုင်အောင်ပင် အကျိုးပေးလေသည်။

(ဆက်ပါဦးမည်။)

အောက်ပါတရားတော်ကို နာယူလေ့လာပြီး ရေးသားသည်။

ဓမ္မစကြာတရားတော် အပိုင်း (၄)- မင်းကွန်းဆရာတော်ဘုရားကြီး
စာ-၆၀၊ ဓမ္မစကြာတရားတော် (၁)- မဟာစည်ဆရာတော်ဘုရားကြီး
သမ္မာဒိဋ္ဌိငါးမျိုး - အရှင်ဃောသိတ
ဓမ္မစကြာတရားတော် (၁၃၊၈၊၂၀၀၄) အပိုင်း (၃)- ဓမ္မစေတီဆရာတော်
ကျွန်တော် အရှေ့ ပို့စ်တွေမှာ ဓမ္မစကြာ နိဒါန်းအဖြစ်နဲ့ ရေးခဲ့ပါတယ်။
သန္တိကေနိဒါန်း သဘောဖြင့် ရေးခဲ့ခြင်းဖြစ်ပါတယ်။ သန္တိကေနိဒါန်းဆိုတာက..နီးသောအကြောင်း ဖြစ်ပါတယ်။
မဟာဗောဓိမဏ္ဍိုင်မှသည် ဓမ္မစကြာဟောတော်မူခါနီးထိ အပိုင်းကို သန္တိကေနိဒါန်းဟု ဆိုပါတယ် [အရှင်ဇနက ဓမ္မစကြာတရား]။
ဓမ္မစကြာ၏ နီးသောအကြောင်းများအဖြစ်နဲ့
သတ္တဋ္ဌာန ဗုဒ္ဓ၀င်၊ မြတ်ဗုဒ္ဓ နှင့် သဟမ္ပတိဗြဟ္မာကြီး၊ တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း၊ တရားဦးဟောရန် ကြွချီတော်မူခြင်း၊ မိဂဒါဝုန်တောသို့ ရောက်တော်မူုခြင်း..စတဲ့ ပို့စ် (၅)ခုကို ကျွန်တော် ရေးခဲ့ပါတယ်။
အခုတော့..ထိုနိဒါန်းများ ရေးတာပြီးသွားပြီဖြစ်တဲ့အတွက်..ဓမ္မစကြာ တရားတော်ဆီရောက်ပါပြီ။..
ဓမ္မစကြာ
[img: မြန်မာကျူးပစ်မှ ရယူထားသည်။]

မဟာသက္ကရာဇ် (၁၀၃)၊ ၀ါဆိုလပြည့်နေ့ ဖြစ်သည်။
ထိုနေ့၏ ညနေချမ်း နေ၀င်တော့မည့် ဆဲဆဲ အချိန်လေးဖြစ်၏။ ထိုညနေချမ်းအချိန်လေးမှာ…အနောက် လောကဓာတ်တွင် သူရိယနေမင်းကြီးက..၀င်လုခါနီးဆဲဆဲဖြစ်နေပြီ၊ အရှေ့လောကဓာတ်မှလည်း စန္ဒာလမင်းကြီးက..စတင်ပေါ်ထွက်လာလေပြီ။ နေမင်း၏ အရောင် နှင့် လမင်း၏ အရောင်တို့က ကောင်းကင်တခွင်ကို လှပစွာ အလှဆင်ထားလေသည်။
ထိုအချိန်အခါသမယ၊ မိဂဒါဝုန်တောဝယ် ပို၍ပင် သာယာကြည်နူးဖွယ်ပင်ဖြစ်၏။

မြတ်ဗုဒ္ဓ သည် ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောပေတော့မည်။ မြတ်ဗုဒ္ဓတရားဦးအတွက် နတ်ဗြဟ္မာများသည်လည်း တရားနာရန် ကြိုတင်၍ နေရာယူထားကြပြီးဖြစ်၏။ တရားဦးစခါနီးမှ အားခဲပြီး ရောက်ရှိလာသော နတ်ဗြဟ္မာများသည်လည်း နေရာယူနေကြပြီ။ အရေအတွက်အားဖြင့် နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေမျှပင် ရှိသည်။ ထိုတရားနာပရိသတ်တို့တွင် လူသာမာန်အားဖြင့် ပဉ္စ၀ဂ္ဂီ ငါးဦးသာ ရှိသည်။ မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့ ရိုရိုသေသေ ခင်းပေးထားသော နေရာထိုင်ခင်းတွင် ထိုင်တော်မူ၊ ပဉ္စ၀ဂ္ဂီတို့က မြတ်ဗုဒ္ဓ ရှေ့မှောက်တွင် နေရာယူထားလို့၊ နတ်ဗြဟ္မာများမှာတော့ ဘုရားကိုယ်တော်မြတ်၏ ၀ဲယာ အနောက်ဘက် ၀န်းကျင်တို့တွင် အသီးသီး အရိုအသေပြု နေရာယူထားကြလေပြီ။ ပဉ္စ၀ဂ္ဂီတို့ နှင့် နတ်ဗြဟ္မာအားလုံးတို့က..မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာမယ့် တရားဦး ကို အာရုံစိုက်ထား၊ မျှော်လင့်နေကြလေ၏။ ဘေးပတ်ဝန်းကျင်မှလည်း အနှောက်ယှက် အသံဗလံများ မရှိဘဲ၊အေးချမ်း တိတ်ဆိတ် သာယာနေလေသည်။
ထိုအချိန်အခါဝယ်..မြတ်ဗုဒ္ဓက..

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ



ဟု စတင် တရားဟောလေပြီ။
မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာသော ထိုစာပိုဒ်လေးသည်..စကြာဝဠာတိုက် (၁)သောင်းမှ နတ်ဗြဟ္မာများ ကြားအောင် ပျံ့နှံ့ထွက်ပေါ်သွားပါတော့၏။ ဂေါတမမြတ်ဗုဒ္ဓသာသနာတွင်.. တရားဟောသောအနေဖြင့် ပထမဆုံးထွက်ပေါ်လာသော တရားသံဖြစ်၏။ ပထမဆုံး ဓမ္မဖြစ်၏။ ထိုပါဠိတော်စာပိုဒ်လေးဖြင့် မြတ်ဗုဒ္ဓက..သာသနာတော်ကို စတင်လိုက်လေပြီ။
အဓိပ္ပါယ်မှာ…

ဘိက္ခဝေ ရဟန်းတို့၊ အို ချစ်သားတို့..
ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်
ရဟန်းတော်ဆိုတာ ဤဆိုလတံ္တ့သော တရား (၂)မျိုးတို့ကို မမှီဝဲ မသုံးစွဲကောင်းဘူး။

ဟု အဓိပ္ပါယ်ရလေသည်။
မမှီဝဲ မသုံးစွဲကောင်းသော ဤတရား(၂)မျိုးဆိုသည်မှာ..

  1. ကာမသုခလ္လိကာနုယောဂ နှင့်

  2. အတ္တကိလမထာနုယောဂ ..တို့ဖြစ်၏။


ပါဠိစာလုံး အန္တ ဆိုသည်မှာ အယုတ်တရားများ (သို့) အစွန်းတရားများ (သို့) အဖို့ အစု တရားများဟုခေါ်၏။ (ဓမ္မစေတီဆရာတော်)

ပထမ အဖို့အစု တရားဖြစ်သော ကာမသုခလ္လိကာနုယောဂ အကျင့်ဆိုသည်မှာ..
ကာမဂုဏ်အာရုံတို့၌ သာယာတပ်မက်နှစ်သက်ပြီး ခံစားနေခြင်းဖြစ်၏။ ကာမဂုဏ်ကို မှတ်သားထားခြင်း၌ အကြောင်းခံသော အကျင့်ဖြစ်၏။ ၀တ္ထုကာမတို့ကို ကပ်ညိနေခြင်း ဖြစ်၏။ (ဓမ္မစေတီဆရာတော်)
လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို ကာမသုခလ္လိကာနုယောဂ အကျင့်ဟု ခေါ်၏။ (မဟာစည်ဆရာတော်)

ထိုအကျင့်ကို ကျင့်နေခြင်းသည်..
1. ယုတ်ညံ့၏
2. ရိုင်းလည်းရိုင်းပြ၏
3. ပုထုဇဉ်လူတို့ သူသူ ငါငါ နှင့် ဆက်ဆံသော အလုပ်မျိုးလည်း ဖြစ်၏
4. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ
5. အကျိုးမဲ့နှင့်သာ စပ်ဆိုင်၏ (၀ါ) အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏
ထို့ကြောင့် ရှောင်ကြဉ်ရမည့် ပထမ အဖို့အစု တရားပင်ဖြစ်၏။

ဒုတိယအဖို့အစုတရား ဖြစ်သော အတ္တကိလမထနုယောဂအကျင့်ဆိုသည်မှာ…
မိမိကိုယ်ကို အလွန်အကျွံ ပင်ပန်းဆင်းရဲခံ ကျင့်ကြံအားထုတ်သော အကျင့်မျိုးတို့ဖြစ်၏။ ဥပမာဆိုရလျင်..
ကိလေသာ ကုန်ခမ်းသွားအောင် ဆူးပေါ်၌ အိပ်ခြင်း၊ ပူအိုက်သော ရာသီတွင် အရပ်လေးမျက်နှာ မီးပုံကြီးများ အလယ်၌ ကိလေသာကုန်သွားအောင် အပူခံခြင်း၊ အလွန်အေးသော အချိန်၌ ကိလေသာကုန်သွားအောင် မြစ်ထဲသို့ ရေချိုးဆင်းခြင်းတို့ဖြစ်၏။
ထို့ကြောင့် ထိုအကျင့်တို့သည်..အလေ့အစွဲ အကျင့်စွဲတို့ကို အမှီပြု၍၊ အကြောင်းခံ၍ မှားယွင်းစွာ ကျင့်ကြံခြင်း၊ ခန္ဓာကိုယ်၌ မှန်ကန်သော လွတ်မြောက်မှုကို မှားယွင်းစွာ ရှာခြင်းပင်ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်အားဖြင့် ဆိုရလျင်..အ၀ိဇ္ဇာဦးဆောင် တဏှာနောက်လိုက်ဖြစ်သော လမ်းစဉ်မျိုးဖြစ်၏။ (ဓမ္မစေတီဆရာတော်)

ထိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ခြင်းသည်လည်း..
1. ဆင်းရဲကိုသာ ဖြစ်စေတတ်၏။
2. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ။
3. အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏။..
ထို့ကြောင့် ဒုတိယ အဖို့အစု တရားဖြစ်သော အတ္တစွန်းကိုလည်း ရှောင်ကြဉ်ရမည်။

ကာမသုခလ္လိကာနုယောဂအကျင့် ဆိုသည်မှာ ကာမစွန်း ဖြစ်၏။
အတ္တကိလမထာနုယောဂအကျင့်ဆိုသည်မှာ အတ္တစွန်း ဖြစ်၏။
တရားသဘောအားဖြင့်
ကာမစွန်း ဆိုသည်မှာ လောဘပင်ဖြစ်၏။ အတ္တစွန်း ဆိုသည်မှာ ဒေါသ ကို ညွှန်းဆိုသည်။

ထိုသို့ လောဘဘက်ကိုလည်း မလိုက်..ဒေါသဘက်ကိုလည်း မလိုက်ဘဲ..အလယ်လမ်း အကျင့်ဖြစ်သော မဇ္စျိမပဋိပဒါအကျင့်မြတ်ကို မြတ်ဗုဒ္ဓက..ကိုယ်ပိုင်ဥာဏ်ဖြင့် ပိုင်းခြားထင်ထင် သိအပ်မြင်အပ်ခဲ့လေပြီ။
ထို မဇ္ဈိမ ပဋိပဒါအကျင့်မြတ်ကို ကျင့်ကြံခြင်းဖြင့် ရရှိနိုင်သော ဂုဏ်ထူးတို့မှာ..

  1. ဥာဏ်မျက်စိကို ပြုတတ်ခြင်း
  2. ကိလေသာခပ်သိမ်း ကင်းဝေးစေတတ်ခြင်း၊ ငြိမ်းအေးစေတတ်ခြင်း
  3. ထူးသောဥာဏ်ဖြင့် သိအပ်မြင်အပ်ခြင်း
  4. မဂ်ဥာဏ်ဖြင့် သစ္စာ (၄)ပါးတို့ကို သိမြင်နိုင်ခြင်း
  5. နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန် အကျိုးပေးခြင်း ..တို့ဖြစ်၏။

ထို့သို့ နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်သော အလယ်အလတ် လမ်းစဉ်မှာ..မဂ္ဂင် (၈)ပါးပင် ဖြစ်၏။ မဂ္ဂင် (၈)ပါး တို့မှာ..

  1. သမ္မာဒိဋ္ဌိ
  2. သမ္မာသင်္ကပ္ပ
  3. သမ္မာဝါစာ
  4. သမ္မာကမ္မန္တ
  5. သမ္မာအာဇီဝ
  6. သမ္မာဝါယာမ
  7. သမ္မာသတိ
  8. သမ္မာသမာဓိ….

တို့ပင် ဖြစ်လေသည်။

.....................................
အောက်ပါတရားတော်များမှ စီကုံးရေးသားခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော် အပိုင်း ၃[mp3]- မင်းကွန်းဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော်[pdf]- မဟာစည်ဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော် [mp3]- ဓမ္မစေတီဆရာတော် ဘဒ္ဒန္တ ကောသလ္လ

(မှတ်ချက်၊ အထက်ပါ ပန်းချီကားအား ကြည်ညိုသဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
အမှန်အားဖြင့် ပဉ္စ၀ဂ္ဂီ (၅)ပါးတို့မှာ..တရားဦးနာစဉ်က..၀ိနည်းတော်ရဟန်းများမဖြစ်သေးပါ။ ထိုစဉ်က ပဉ္စ၀ဂ္ဂီငါးပါးတို့မှာ သာသနာတွင်း ရဟန်းများမဟုတ်သေးဘဲ၊ သာသနာပရဟန်းများသာဖြစ်၏ဟု မဟာစည်ဆရာတော်ဘုရားကြီး ဓမ္မစကြာတရားတော်ထဲ၌ ရေးသားထားပါသည်။ ထို့အပြင်..မြတ်ဗုဒ္ဓ နုတ်တော်ထွက် ဖြစ်သော..
ပဗ္ဗဇိတ ဟူသော ပါဠိပုဒ်၏အဓိပ္ပါယ်မှာ....လူလောကသံယောဇဉ်ကို စွန့်ခွါထား၍ လွတ်မြောက်မှုကို ရှာဖွေနေသော ပုဂ္ဂိုလ်ကိုသာ ရည်ရွယ်ပါသည်ဟု..ဓမ္မစေတီဆရာတော် တရားတော်ထဲတွင်လည်း ဟောထားပါသည်။ ၎င်းတို့ကို ထောက်သောအားဖြင့်..ပဉ္စ၀ဂ္ဂီတို့မှာ..တရားဦးဓမ္မစကြာနာစဉ်က..၀ိနည်းရဟန်းအသွင်..မဖြစ်နိုင်ပေ။ ဆံပင်ရှည်များလည်း ရှိနိုင်ပါသည်။ မုတ်ဆိတ်ကြင်စွယ်တို့လည်း ရှိနိုင်ပါသည်။ တခြားအရောင် အ၀တ်ကိုလည်း ၀တ်ဆင်ထားနိုင်ပါသည်။ )
(ယခင်ပို့စ်မှ အဆက်)

ဥပကတက္ကတွန်း နှင့် တွေ့ဆုံပြီးနောက်…သဗ္ဗညုမြတ်ဗုဒ္ဓလည်း အစဉ်သဖြင့် ခရီးဒေသစာရီ ဆက်လက် ကြွချီတော်မူလေသည်။ ရည်ရွယ်ရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောအတွင်းသို့ ရောက်လေပြီ။ ပဉ္စ၀ဂ္ဂီတို့ ရှိနေရာ အရပ်ဖြစ်၏။ ပဉ္စ၀ဂ္ဂီငါးပါးတို့လည်း ခပ်လှမ်းလှမ်းမှ ဘုရားကိုယ်တော်မြတ်ကြွလာသည်ကို မြင်နေရလေပြီ။ သို့ရာတွင် သူတို့အမြင်မှာတော့ ရဟန်းကြီးဂေါတမအဖြစ်ပဲ မှတ်ထင်နေကြသည်။ ဘုရားအဖြစ်မှန်း သူတို့ မသိသေးပေ။ ထိုသို့ခပ်လှမ်းလှမ်းမှ မြင်လျင်ပဲ သူတို့ ၅ပါး အချင်းချင်း ကတိက၀တ် (စည်းကမ်းများ) သတ်မှတ်ကြလေသည်။ သူတို့၏ ကတိက၀တ်မှာကား..

ငါရှင်တို့ ဟောဟိုမှာ…ပစ္စည်းလာဘ်လာဘတွေ ပေါများအောင် ကျင့်ကြံအားထုတ်နေသော..ကမ္မဋ္ဌာန်းအလုပ်မှ လျှောကျလေပြီးဖြစ်သော ကမ္မဋ္ဌာန်းလူထွက်ကြီး ရဟန်းဂေါတမ လာနေလေပြီ။
ထိုရဟန်းကြီးဂေါတမကို မရှိခိုးကြနဲ့၊ ခရီးဦး မကြိုဆိုကြနဲ့၊ သပိတ်သင်္ကန်းကို လှမ်းမယူကြနဲ့
သိုပေမယ့် သူထိုင်ချင်ရင် ထိုင်လို့ရအောင် နေရာလေးတော့ ထားပေးလိုက်ကြပါစို့….ဟု..

ခပ်စောစောတည်းက..သူတို့ဘာသာသူတို့ ဣနြေ္ဒရရ ကတိက၀တ်များ ပြုထားကြလေသည်။ ဒီလို ကတိက၀တ်တွေ သတ်မှတ်ပေမယ့်လည်း တကယ်တော့ သူတို့ငါးပါး၏စိတ်ထဲတော့ မြတ်ဗုဒ္ဓအပေါ် ချစ်ခြင်း တကယ် မကင်းနိုင်သေးပေ။ အင်တင်တင်ဖြင့် ဟန်လုပ်နေကြခြင်းပင်ဖြစ်၏။

သဗ္ဗညုမြတ်ဗုဒ္ဓလည်း တလှမ်းပြီးတလှမ်း သူတို့ရှိရာသို့ ချဉ်းကပ်လာလေပြီ။ ထိုသို့ တလှမ်းပြီးတလှမ်း နီးကပ်လာလေလေ..သူတို့ ဆောက်တည်ထားတဲ့ ကတိက၀တ်တွေ အလိုလိုလျှော့ကျ သွားလေတော့၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ပင်ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် သူတို့ သဘောတူ သတ်မှတ်ထားသော ကတိက၀တ်များ ပျက်လေပြီ။

ထို့ကြောင့် ရှေ့ဆုံးမှ ကိုယ်တော်ကစပြီး ကတိက၀တ်ကို ပျက်လေပြီ။ ဘယ်လိုမှ ဘယ်လို ထကြွလိုက်မှန်းမသိနိုင်အောင်ဘဲ မြတ်ဗုဒ္ဓအား..လှမ်းပြီး ခရီးဦး ကြိုဆိုလေသည်။
ရှေ့ဆုံးကိုယ်တော်က..ကတိက၀တ်ပျက်လေတော့ နောက်နားမှကိုယ်တော်တပါးကလည်း မြတ်ဗုဒ္ဓ၏ သပိတ်သင်္ကန်းကို လှမ်းယူ ကြိုဆိုလေပြန်သည်။
နောက်တတိယကိုယ်တော်ကလည်း ဟိုကိုယ်တော်မှ သပိတ်သင်္ကန်းလှမ်းပြီး အရိုအသေပြုလျင် ငါလည်း.အရိုအသေပေးဦးမည်ဆိုပြီး..နေရာထိုင်ခင်းပေးပြန်လေသည်။
နောက် စတုတ္ထကိုယ်တော်သည်လည်း ဘုရားကိုယ်တော်မြတ် ခြေတော်ဆေးဖို့ရန် ခြေဆေးရေကို သွားခပ်လေသည်။
နောက်ဆုံးကိုယ်တော်တစ်ပါးကလည်း ဘုရားကိုယ်တော်မြတ် သုံးစွဲဖို့ရန် ခြေဆေးအင်ပျဉ် ခြေပွတ်အိုးခြမ်းတို့ကို ယူလာလေ၏။

သူတို့၏ သတ်မှတ်ထားသော ကတိက၀တ်များပျက်ပြီး… အသီးသီး အရိုအသေ ပြုကြလေတော့သည်။ နေရာထိုင်ခင်း၌ ဘုရားကိုယ်တော်မြတ် ထိုင်တော်မူပြီးနောက် ..ပဉ္စ၀ဂ္ဂီတို့က စတင် စကားပြောကြသောအခါ..

ငါ့ရှင် ဂေါတမ ကျွန်ုပ်တို့ ဟိုတုန်းက ငါ့ရှင်ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစုခဲ့ကြတယ်နော်၊ ကျွန်ုပ်တို့ ထွက်ခွါသွားသောအခါ ဘယ်သူကများ ပြုစုပါသလဲ..ငါ့ရှင်စိတ်ထဲမှာ ဘယ်လိုများဖြစ်သတုန်းဟု..ပြောဆိုမေးမြန်းကြ၏။

ထို့သို့ သူတို့ ပြောဆိုမေးမြန်းစကားအခွန်းတိုင်းမှာ ငါ့ရှင်ဂေါတမ ငါ့ရှင်ဂေါတမဟု အမည်တော်တပ်ပြီး.. ပြောဆိုကြ၏။ တန်းတူသဖွယ်သဘောထားပြီး သူနှယ်ငါ့နှယ် ပြောဆိုနေကြခြင်းဖြစ်၏။ သူတော်ကောင်းဘက်မှကြည့်လျင် အင်မတန်ရိုင်းပြသော စကားအသုံးအနှုံးဖြစ်၏။ ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက….


ဘိက္ခဝေ ရဟန်းတို့..ရှေးဘုရားတို့နှင့် အလားတူဖြစ်သော ငါ့ကို..ဂေါတမ ဂေါတမ ဆိုပြီး အမည်ရင်းဖြင့် မသုံးနှုံးကြနဲ့ မခေါ်ဝေါ်ကြနဲ့။ အဂါရ၀ ဖြစ်မယ်။ ငါ့ရှင်လို့လည်း မပြောကြနဲ့။ ရဟန်းတို့ ငါသည်ကား..
အရဟံ - ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်ပြီ။ အရဟံဂုဏ်တော်ရှင် ဖြစ်ပြီ။
တထာဂတော - ရှေးဘုရားတို့နှင့် အလားတူဖြစ်ပြီ။
သမ္မာသမ္ဗုဒ္ဓ - ကိုယ်တိုင် မှန်စွာသိသော ဘုရား ဖြစ်ပြီ။
ရဟန်းတို့ နားစိုက်ထောင်ကြကုန်။ ငါဘုရား တရားဟောမယ်။ ငါဘုရား ဆုံးမတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာပါမူကား..အမျိုးကောင်းသား သင်ချစ်သားတို့ လိုလာတောင်းတအပ်သော အရဟတ္တမဂ်ဖိုလ်ကို မျက်မှောက်ဘ၀၌ပင် ရောက်၍ ရ၍ ပြည့်စုံကြပေလိမ့်မည်…


ဟု ရဲရဲတင်းတင်း မိန့်တော်မူလေ၏။
မြတ်ဗုဒ္ဓက..ထိုသို့ မိန့်တော်မူသော်လည်း ပဉ္စ၀ဂ္ဂီတို့က..ဘုရားဟု မယုံကြည်နိုင်ကြသေးပေ။ ထို့ကြောင့် အခုလို ပြန်လည် လျောက်ထားလေသည်။

ငါ့ရှင်ဂေါတမ ဒီလောက်လည်းပဲ အပြောမကြီးပါနဲ့ဦး…ဟိုတုန်းက..ဥရုဝေဠတောမှာ တရားအားထုတ်စဉ်..အစာ မစားဘဲ ခဲခဲ ယဉ်းယဉ်း တရားအားထုတ်စဉ်ကမှ သဗ္ဗညုမြတ်ဗုဒ္ဓ မဖြစ်ပါဘဲ..အခု ကမ္မဋ္ဌာန်းကလျှောကျ တဲ့အခါကျမှ၊ ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်တဲ့သူဖြစ်မှ အဘယ်မှာ သဗ္ဗညုတဥာဏ်တော်ကို ရနိုင်ပါမလဲ၊ အဘယ်မှာ တရားထူး တရားမြတ်တို့ကို ရနိုင်ပါမလဲ
ဟု ပြန်လည် ပြောဆိုလေသည်။ သူတို့၏ စိတ်ထဲ ရှိတဲ့အတိုင်း ရိုးရိုးပဲ ပြောဆိုလိုက်ခြင်းဖြစ်၏။

သူတို့ အခုလို မြတ်ဗုဒ္ဓအပေါ်၌ အထင်အမြင် ပြောင်းလဲ သွားခြင်းမှာလည်း အံ့သြဖွယ်ပင်ဖြစ်၏။ ဟိုအရင် ဘုရားအလောင်းတော်ငယ်စဉ်ကတည်းကပင်..သူတို့က..ဘုရားအလောင်းတော်အား သေချာပေါက် မြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု တွက်ချက် ပြောထားခဲ့ပြီးဖြစ်၏။ ထို့်ကြောင့်လည်း ဘုရားအလောင်းတော်အား ဥရုဝေဠတောမှနေ၍ ကြိုတင် စောင့်ကြိုနေခဲ့ကြသည်။ ဘုရားအလောင်းတော် ဒုက္ကရစရိယာအကျင့်ကို ကျင့်သောအခါ၌လည်း ၀တ်ကြီးဝတ်ငယ်ပြုစုခဲ့ကြသေး၏။ သို့ပေမယ့် အလောင်းတော် ထိုအကျင့်မှ ထွက်ပြီး အစာ အနည်းငယ် ပြန်လည်စားသုံးသောအခါ..သူတို့သည် ဘုရားအလောင်းတော်အပေါ် ဘုရားဖြစ်မည်ဟု ယုံကြည်ချက်မထားတော့ပေ။ သူတို့ မူလ တွက်ချက်ထားသော ဟောပြောချက်ကိုပင် မယုံကြည်ကြတော့ပဲ ဘုရားအနီးမှ ထွက်ခွာခဲ့ခြင်းဖြစ်၏။ ထိုသို့ သူတို့ ယုံကြည်ချက်များ ပြောင်းလဲသွားခြင်းမှာ..သူတို့၏ အမြင်မှား အယူမှားခြင်း၌အခြေခံ၏။ သူတို့ အမြင်မှားကား..ဒုက္ကရစရိယအကျင့်အား ကျင့်စဉ်မှန်ဟု စွဲလမ်း ယုံကြည်ထားခြင်းဖြစ်၏။ ထိုအကျင့် ကျင့်မှသာလျင် တကယ်ပင် ဘုရားဖြစ်နိုင်၏ဟု လက်ခံထားသော အယူမှားပင်ဖြစ်၏။ မြတ်ဗုဒ္ဓဟောပြောမှသာလျင် သူတို့လည်း ထိုအကျင့်ကို အတ္တကိလမထ အကျင့်မှားမှန်း သိကြပေလိမ့်မည်။

ထိုသို့ ပဉ္စ၀ဂ္ဂီတို့က..ပြန်လည်ပြောဆိုသော စကားအပေါ်.. မြတ်ဗုဒ္ဓက ပြန်လည်၍ အခုလိုမိန့်တော်မူသည်။..


ရဟန်းတို့ ရှေးဘုရားတို့နှင့် နည်းတူ လာခြင်းကောင်းသော ငါဘုရားသည်..သင်ချစ်သားတို့ ထင်နေသလို..ကမ္မဋ္ဌာန်းအလုပ်မှ လျောကျတဲံ့သူလည်း မဟုတ်ပေဘူး၊ ပစ္စည်းပေါများအောင် အားထုတ်သောသူလည်း မဟုတ်ဘူး၊
ငါသည်ကား..အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ တထာဂတ ဂုဏ်ရှင် စင်စစ် ဧကန် ဘုရားဖြစ်၏။ အမြိုက်နိဗ္ဗာန်ကို ငါကိုယ်တိုင် သိအပ်မြင်အပ်ခဲ့ပြီ။ ချစ်သားတို့ နားစိုက်ထောင်ကြ၊ ငါဘုရား ဆုံးမမယ်။ တရားဟောမယ်။ ငါဘုရားဟောတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာကြလျင် သင်ချစ်သားတို့ လိုလားတောင့်တအပ်သော အရဟတ္တမဂ်ဖိုလ်ကို ပစ္စကဘ၀မှာပင် ရနိုင် ရောက်နိုင်မည်…ဟု..
ပြန်လည်မိန့်တော်မူလေသည်။


ဒုတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က ရှေးကအတိုင်းပင် အဘယ်မှာ သဗ္ဗညုမြတ်ဗုဒ္ဓဖြစ်နိုင်ပါမလဲဟု..ပြန်လည်ပြောဆိုပြန်သည်။
မြတ်ဗုဒ္ဓကလည်း အထက်ကအတိုင်း ရှေးစကားအတိုင်းပင် ပြန်လည်မိန့်တော်မူ၏။
ထို့နောက် တတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က..အရင်လို ပြန်လည်ပြောဆိုသောအခါ..မြတ်ဗုဒ္ဓက..


ချစ်သားတို့ ငါဘုရား..ယခင်က..သင်တို့နှင့်အတူရှိခဲ့စဉ်က...ဤသို့သောစကားမျိုးကို ပြောခဲ့ဖူးသလား၊ စဉ်းစားကြလော့၊
သင်ချစ်သားတို့ကို ငါဘုရားက အထင်ကြီးစေအောင်..
ကိုယ်ယောင်ကိုယ်ဝါတွေမရှိဘဲနဲ့ ကိုယ်ယောင်ကိုယ်ဝါတွေ ရနေပြီလို့၊
ငါ့မှာ အာရုံနိမိတ်တွေ ထင်နေပြီလို့..စသဖြင့် အထင်ကြီးအောင် ၀ါကြွားပလွှား ပြောခဲ့ဖူးသလား
အဲလိုစကားများ သင်တို့ ဟိုတချိန်က..ငါပြောခဲ့တာကို ကြားခဲ့ဖူးသလား..


ဟုမိန့်တော်မူလေသည်။

ထိုအခါကျမှ ပဉ္စ၀ဂ္ဂီတို့လည်း ..ဟုတ်တယ် ရှေးတုန်းက..ဒီလို စကားမျိုးတွေ မပြောခဲ့ဖူးဘူး။..ဟိုတုန်းက..တရားထူးကို မတွေ့ရ မသိရသေးလို့ မပြောခဲ့တာပဲ ..အခုပြောတာကတော့..တကယ်ကို သိမြင်လာလို့ သဗ္ဗညုဘုရားဖြစ်ပြီလို့ ရဲရဲတောက် ပြောတာပဲ..လို့..ဆင်ခြင်စဉ်းစားမိကြတယ်။..ထို့သို့ ဆင်ခြင်စဉ်းစားမိတော့မှပဲ..ဘုရားဟောတဲ့ တရားတော်အား နာယူဖို့ရန် စကားမပြောတော့ဘဲ စိတ်ကို ဆောက်တည်ကြလေသည်။..သူတို့စိတ်ထဲမှာ သစ္စာတရားကို သိဖို့ရန်သာ သတိဖြင့် နားစိုက်ထောင်ကြတော့သည်။ တရားနာရန် အင်္ဂါသုံးပါး သူတို့သန္တန်မှာ ရှိနေကြသည်။ ထိုအင်္ဂါသုံးပါးမှာ..


  1. ရိုရိုသေသေ နေထိုင်ခြင်း
  2. နားစိုက်ထောင်ခြင်း
  3. ဘုရားကိုယ်တော်မြတ် ဟောမည့် တရားကို သိဖို့ရန်သာ စိတ်ကို သတိကပ်ထားခြင်း..တို့ဖြစ်၏။…


ထိုအချိန်ကျမှ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်ဗုဒ္ဓက..တရားဦး ဓမ္မစကြာတရားတော်ကို စတင်ဟောတော်မူလေသည်။

အောက်ပါတရားတော်အား နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် (mp3) - မင်းကွန်းဆရာတော်ဘုရားကြီး
(ယခင်ပို့စ်မှ အဆက်)

အာဠာရရသေ့၊ ဥဒကရသေ့ တို့အတွက် စိတ်အကြံတွေ ဖြစ်ပြီးနောက်မှာ..မြတ်ဗုဒ္ဓသည် တရားဦးဟောရန် တရားနာပရိသတ်အတွက် ရှေ့တဆင့်တက် ဆင်ခြင်စဉ်းစားလေတော့သည်။ အဘယ်သူသည် တရားဦးနှင့် ထိုက်မည်နည်း။
ပဉ္စ၀ဂ္ဂီ (၅)ပါး ပဲ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ တို့မှာ..

  1. ၀ပ္ပ

  2. ဘဒ္ဒိယ

  3. မဟာနာမ်

  4. အဿဇိ

  5. ကောဏ္ဍည


..တို့ ဖြစ်ကြသည်။
ထိုသူတို့မှာ အခြားမဟုတ်။ မြတ်ဗုဒ္ဓအလောင်းတော် ပဓာနအကျင့် အားထုတ်ခဲ့စဉ်ကာလက..ရေပူ ရေချမ်း ကမ်းလမ်းပြုစုခဲ့ပေးသော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူများ ဖြစ်၏။ ပဓာနအကျင့် ဆိုသည်မှာ ဒုက္ကရစရိယာအကျင့်ကို ခေါ်ဆို၏။ ထိုသူတို့၌ ကျေးဇူးရှိ၏။ မြတ်ဗုဒ္ဓအလောင်းတော်အား ပြုစုပေးခဲ့သော ကျေးဇူးပေတည်း။ မြတ်ဗုဒ္ဓသည် ကျေးဇူးကို သိတတ်ရာ၌လည်း အနှိုင်းမဲ့ဖြစ်၏။
မြတ်ဗုဒ္ဓအလောင်းတော်သည် (၆)နှစ်တိုင်အောင် ထို ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့၏။ ထိုအကျင့်သည် အတ္တကိလမထ အကျင့် တွင် အကျုံးဝင်၏။ အစွန်းရောက် အကျင့်ဖြစ်၏။ ထိုသို့ အစွန်းရောက်မှန်းကိုလည်း မြတ်ဗုဒ္ဓက..တရားဦး၌ ပြန်လည်ဟောပြလို့သာ သိရ၏။ တကယ်တော့ ထိုအချိန်က..ခေတ်စားသော အကျင့်ဖြစ်၏။ မြတ်ဗုဒ္ဓသည် ထိုအကျင့်ကို အစွန်းကုန် အားထုတ်ခဲ့ဖူး၏။ လွန်စွာ ပင်ပန်းဆင်းရဲစေသော အကျင့်ဖြစ်၏။ ထိုစဉ်က ပဉ္စ၀ဂ္ဂီ (၅)ပါးတို့သည်လည်း အမျှော်လင့်ကြီး မျှော်လင့်ကြပြီး မြတ်ဗုဒ္ဓအနားမှာပင် ပြုစုလျက် ရှိနေခဲ့ကြ၏။

ပင်ပန်းကြီးစွာ ကျင့်ရတိုင်း ဘုရားဖြစ်လျင် ငါသည် ဘုရားဖြစ်ထိုက်ပြီ..ငါ့ထက်လည်း အဘယ်သူမှ အပင်ပန်းခံ ကျင့်နိုင်ကြလိမ့်မည်မဟုတ် ခန္ဓာကိုယ်ကို ပြန်လည် မျှတအောင် အစာအဟာရ မှီဝဲပြီး တရားအားထုတ်လျင် ကောင်းပေစွ ဟု စိတ်အကြံပေါ်ပြီးသကာလ..

လုံးဝအစာမစားပဲ နေရာမှ ပြန်လည် စားသုံးခဲ့၏။ စားသုံးရသည် ဆိုသည်မှာလည်း ကုလားပဲ စွပ်ပြုပ်ရည်ကလေး၊ မပဲ စွပ်ပြုပ်ကလေး၊ (သို့) ပဲနောက် စွပ်ပြုပ်ရည်လေးမျှပင် ဖြစ်၏။ ထိုသို့ ပြန်လည် စားသုံးခြင်းအပေါ် ပဉ္စ၀ဂ္ဂီတို့သည် အထင်လွဲပြီး လက်လျော့သွားကြ၏။ ရဟန်းကြီး ဂေါတမတော့ ပဓာနအကျင့်မှ လျောကျသွားလေပြီ၊ ပစ္စည်းပေါများအောင် ဘုန်းကြီးအောင်တော့ လုပ်နေပြီဟု..သူတို့စိတ်ထဲမှာ မမျှော်လင့်တော့ဘဲ အဝေးသို့ ထွက်ခွါသွားကြတော့၏။
ယခု…မြတ်ဗုဒ္ဓ တရားဦးဓမ္မစကြာဟောမည်ဟု စိတ်ကြံသောအခါ သူတို့ ငါးပါး အနားမှာမရှိပေ။ အဘယ်အရပ်သို့ ရောက်နေပါသနည်း။ မြတ်ဗုဒ္ဓ ဒိဗ္ဗိစက္ကုအဘိဥာဏ်တော်ကို အသုံးပြုတော်မူပြီး ဆင်ခြင်လေပြီ။ သူတို့ငါးပါး ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်တောသို့ ရောက်ရှိနေကြသည်။ ဣသိပတန ဆိုသည်မှာ..ရသေ့ရဟန်း၊ ဆာဒူး၊ ပရဗိုဇ်တို့ လာရောက် အားထုတ်ရာဋ္ဌာနဖြစ်၏။ ရှေးမြတ်ဗုဒ္ဓတို့ တရားဦးဟောတော်မူရာ ဋ္ဌာနလည်း ဖြစ်၏။ မိဂဒါဝုန်တော ဆိုသည်မှာ သမင် ဒရယ် စတဲ့ တောကောင်များကို ဘေးမဲ့ပေးရာတောဖြစ်၏။ ထို ပဉ္စ၀ဂ္ဂီ ငါးပါးတို့ ရှိရာအရပ်သို့ မြတ်ဗုဒ္ဓ ကြွတော်မူရန် အချိန်တန်လေပြီ။
ထိုသို့တရားဦးဟောရန် ကြွတော်မူရာ၌လည်း ရှေးက သဗ္ဗညု ဘုရားတိုင်းသည် မိဂဒါဝုန်တောအရပ်သို့ ကောင်းကင်ခရီး ဈာန်ဖြင့် ကြွတော်မူကြသည်ချည်း ဖြစ်၏။ ဂေါတမမြတ်ဗုဒ္ဓမှာတော့ ကောင်းကင်ခရီးမှ မကြွဘဲ ခြေလျင်ခရီး ဖြင့်ပင် ကြွတော်မူသည်။ ခြေလျင်ခရီးဖြင့် ကြွခြင်းမှာ အကြောင်းရှိ၏။ လမ်းခရီးတွင် ဥပကတက္ကဒွန်းနှင့် ဆုံတွေ့ရမည် ဖြစ်သောကြောင့် ခြေလျင်ခရီးကို အသုံးပြုတော်မူခြင်း ဖြစ်၏။ သတ္တ၀ါတို့တွက် အကျိုးကျေးဇူးမဖြစ်စေဘဲ အချည်းအနှီးဖြစ်မည့်ကိစ္စ ဘယ်သောအခါမှ.. မြတ်ဗုဒ္ဓတို့ မပြုလုပ်ပေ။ ဂေါတမမြတ်ဗုဒ္ဓသည် ဘုရားရှင်အဖြစ်နှင့် အချိန်ကာလ အနည်းဆုံး နေရသော ဘုရားဖြစ်၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်သာ ရ၏။ ကာလမှာ တိုတောင်းလှ၏။ ထိုကာလအတွင်း လုပ်ဆောင်ရသော လုပ်ငန်းမှာတော့ များပြားလှပေ၏။ ရှေးသက်တော်ရှည် ဘုရားများနှင့် လုပ်ငန်းဆောင်တာမှာ အတူတူပင် ဖြစ်၏။ ထိုအချိန်တိုလေးအတွင်းမှာ ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရ၏။ ချေချွတ်သင့်သော သတ္တ၀ါဝေနေယျကို တစ်ယောက်/တစ်ပါး မကျန်အောင် ဆင်ခြင်ရ၏..ဆင်ခြင်ပြီးသကာလ ထိုသူတို့ဆီသို့ ပင်ပင်ပန်းပန်းဖြင့် ကြွတော်မူ၍ တရားဟောရသေး၏။ ထိုကဲ့သို့ မနားမနေ သတ္တ၀ါတို့အား သံသရာခရီးခဲကြီးမှ ကယ်တင်ပေးနေသည့်ကြားမှ ခန္ဓာကိုယ်ရှိနေသေးသည့် အတွက် ကိုယ်တော်မြတ်ကိုယ်တိုင် ခန္ဓာဒုက္ခတို့ကို ခံစားရသေး၏။ ခဏခဏခံစားရသော ခါးတော်နာရသော ဒုက္ခ နှင့် ခေါင်းတော်ခဲရသော ဒုက္ခများဖြစ်၏။ ၀ဋ်များပင်ဖြစ်၏။

ယခု ဥရုဝေဠတောမှ မိဂဒါဝုန်တောသို့ တရားဦးဟောရန် ကြွတော်မူသောအခါတွင်လည်း ပင်ပင်ပန်းပန်း ခြေလျင်ခရီးဖြင့်ပင် ကြွတော်မူရသည်။ ထိုခရီးမှာလည်း ဝေး၏။ (၁၈)ယူဇနာ ဝေးသည်။ မိုင်အားဖြင့်ဆိုလျင် (၁၄၂)မိုင် ဝေးကွာသည်။
ထိုမျှလောက်ဝေးကွာသော ခရီးကို ကြွတော်မူစဉ် လမ်းခုလတ်တွင် ဥပက တက္ကတွန်းနှင့် တွေ့ခဲ့သည်။ ဥက တက္ကတွန်းသည် အ၀တ်မ၀တ်ဘဲ ကျင့်နေကြသော ဂိုဏ်းမှ ဖြစ်၏။ ထိုဂိုဏ်းကို ဂျိန်းဂိုဏ်းဟုခေါ်၏။ ထိုဂိုဏ်း၏ ဆရာကြီးမှာ နာဋပုတ္တ ဖြစ်သည်။
ထို ဥပကတက္ကတွန်းသည် မြတ်ဗုဒ္ဓကို မြင်သောအခါ..

ငါ့ရှင်ကြည့်ရတာ ဣနြေ္ဒတွေ တည်ငြိမ်ပါပေတယ်၊ ကြည်လင်သန့်ရှင်းလှပါပေတယ်။ အရေအဆင်းကလည်း သန့်ရှင်းဖြူစင်ပါ၏။ အပြစ်ကင်းစင်လှပါပေ၏။
ငါ့ရှင်.. အဘယ်သူ့ကို ရည်ညွှန်းပြီး ရဟန်းပြုသလဲ၊ သင့်ဆရာ အဘယ်သူလဲ၊ ဘယ်သူ့တရားတွေကို သင်နှစ်သက်ပါသလဲ ဟု
မေးလေ၏။
သူမေးသော ပုံစံမှာ လူသာမာန်တို့ အတန်းအစား သဘောထားပြီး သူနှယ်ငါ့နှယ်ဖြင့် မေးမြန်းလိုက်ခြင်းပင်ဖြစ်၏။

ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက…ရဲရဲတောက် ပြန်လည် မိန့်ကြားလေသည်…
ငါသည် အလုံးစုံသော တရားတို့ကို လွှမ်းမိုးစိုးပိုင်သော သူဖြစ်ပေ၏။ အဘယ်သူသည် ငါ့အပေါ်၌ ဆရာဖြစ်ရပါ့မလဲ။ ရှိရှိသမျှ တရားတွေအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာသုံးပါးကို အလိုရှိလေသမျှ ပိုင်ပိုင်နိုင်နိုင်ဖြင့် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတဲ့အတွက် တရားအလုံးစုံအပေါ်မှာ ငါသည် လွှမ်းမိုး စိုးပိုင်နိုင်၏။ အလုံးစုံသော တရားတို့ကို အရဟတ္တဖိုလ်ပေါက် အသိဥာဏ်ရောက်ပြီးသူ ဖြစ်၏။ သိပြီးသား ပိုင်နိုင်ပြီးသား ဖြစ်ပေ၏။
ငါ့မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တွေ မငြိကပ်ဘူး။ တွယ်တာတပ်မက်တတ်တဲ့ တဏှာကို ဖယ်ရှားပြီးသောသူ ဖြစ်တဲ့အတွက်ကြောင့် တဏှာကုန်ရာ နိဗ္ဗာန်သို့ ညွှတ်သူ ကိုင်းသူ ဖြစ်၏။
ကိုယ်ပိုင်ဥာဏ်ဖြင့် နိဗ္ဗာန်ပရမတ်ကို ပိုင်းခြားထင်ထင် သိမြင်ပြီးဖြစ်တဲ့အတွက် အဘယ်သူကို ငါ့ဆရာဟူ၍ ညွှန်ကြားဖွယ်ရာ ရှိပါလိမ့်မည်နည်း။ ဆရာရယ်လို့ ညွှန်ပြစရာ မရှိပါဘူး။ လောကုတ္တရာတရားတွေ သိတဲ့နေရာမှာ ငါ့မှာ့ ဆရာမရှိပါဘူး။ ဆရာရှိဖို့ မပြောနဲ့ လောကုတ္တတရားတွေကို သိတဲ့နေရာမှာ ငါနဲ့တူတဲ့ ပုဂ္ဂိုလ် မရှိပေဘူး၊ နတ် ဗြဟ္မာများနဲ့တကွ သဗ္ဗလောကကြီးတခုလုံးမှာ ငါဘုရားနဲ့ တုပြိုင် ယှဉ်ပြိုင် ဖို့ရန် ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ ငါနဲ့ ဂုဏ်ရည်တူသူ မရှိပေ။
ယခု ဓမ္မစကြာတရားဦးဒေသနာဟောဖို့ရန် ကာသိတိုင်း ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ သွားပေအံ့။
ပညာဥာဏ်မျက်စိမရှိသော အကန်းသဖွယ်ဖြစ်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါများအတွက် အမြိုက်နိဗ္ဗာန်စည်ကြီးကို ငါဘုရား တီးပေအံ့


ဟု…မိန့်တော်မူလေသည်။

ထိုအခါ ဥပကတက္ကတွန်းက..မထိတထိဖြင့် ငါ့ရှင်ပြောသလိုဆိုလျင် အနန္တဇိန ဖြစ်ထိုက်ပါသလော ဟု မေးပြန်သည်။

မြတ်ဗုဒ္ဓက..

လောကမှာ ငါကဲ့သို့သော ပုဂ္ဂိုလ်သာလျင် ဇိန အမည်ရပေတယ်။ အာသ၀က္ခဥာဏ်တော်ကို ရရှိပြီးပြီ။ ငါ့မှာ မကောင်းမှု တရားတွေကို ဖယ်ရှားခြင်း၌ အကြွင်းမဲ့ အောင်မြင်ပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ဥပက ငါကား ဇိန အမည်ရှိပေတယ်


ဟု..
ရဲရဲတောက် ပြန်လည် မိန့်တော်မူလေ၏။

ထိုအခါ ဥပကတက္ကတွန်းက…ဟုတ်ပါလိမ့်မည် ငါ့ရှင် ဟု
မယုံချင်ယုံချင် မယုံတ၀က် ယုံတ၀က်ဖြင့် ပြောပြီး ဘေးဖယ်ကာ သွားမြဲ အတိုင်း သူရည်ရွယ်ထားသော အရပ်ဆီသို့ သွားခဲ့လေသည်။

ဥပကတက္ကတွန်းကား အလွန်ကံထူးသည်။ ဘုရားရှင်စစ်နဲ့ တွေ့ဆုံခွင့်ရ၏။ သို့ပေမယ့်..သဗ္ဗညုဘုရားရှင် ပြန်လည် မိန့်တော်မူသော စကားတော်များအပေါ်၌ သူသည် အပြည့်အ၀ မယုံကြည်နိုင်သေးဘဲ.. သံသယ ခံနေသေး၏။ သူ၏ ထိုသံသယကြောင့်လည်း တရားဦးနှင့် လွဲခဲ့ရလေပြီ။ သို့ရာတွင် သူ၏ စိတ်ထဲမှာတော့ မြတ်ဗုဒ္ဓအပေါ်၌ သဒ္ဓါတရားလေးတော့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်လည်း နောင်အခါ သူ ဒုက္ခတွေ တသီချည်းရင်ဆိုင်ရတော့..မြတ်ဗုဒ္ဓရှိရာအရပ်သို့ ရောက်ရှိလာခဲ့ပြီး ရဟန်းဝတ်ခါ အနာဂါမ် အရိယာကြီးဖြစ်သွားခဲ့ပေ၏။ ထိုဖြစ်ပေါ်လာမည့် ဥပက၏ အကျိုးစီးပွားကို မျော်မြင်တော်မူသောကြောင့်လည်း မြတ်ဗုဒ္ဓသည် ခြေလျင်ခရီးဖြင့် မိဂဒါဝုန်တောသို့ ကြွခဲ့ခြင်းဖြစ်လေ၏။

ထိုသို့ ဥပက နှင့် တွေ့ဆုံပြီးနောက် မြတ်ဗုဒ္ဓသည်လည်း အစဉ်သဖြင့် မိဂဒါဝုန်တောသို့ ဆက်လက် ခရီးဒေသစာရီ ကြွတော်မူခဲ့လေသည်။

25
(img: မြတ်ဗုဒ္ဓ နှင့် ဥပကတက္ကတွန်း -၊ မြန်မာကျူးပစ်မှ ယူထားပါသည်)

အောက်ပါတရားတော်နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် အပိုင်း (၃) - မင်းကွန်းဆရာတော်ဘုရားကြီး