new
ဓမ္မစကြာပထမပိုင်း၌ဖော်ပြခဲ့သည့်အတိုင်း အယုတ်တရား (၂)ပါးကို ရှောင်ရှားရမည်ဟု..မြတ်ဗုဒ္ဓက စတင် ဟောတော်မူခဲ့သည်။
“ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်” ဟူသော အဓိပ္ပါယ်ဖြင့် မြတ်ဗုဒ္ဓက..ဓမ္မစကြာတရားတော်ကို စတင်ခဲ့ခြင်းဖြစ်၏။
ထိုစာကြောင်းတွင်လည်း ရဟန်း အဖြစ်သို့ ကပ်ရောက်သော ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ဖွင့်ထားပါသော်လည်း..သံဃာတော်တွေချည်းသက်သက်ကိုပဲ ရည်ရွယ်ပြီးဆိုထားခြင်း မဟုတ်ပေ။ လူပုဂ္ဂိုလ်များလည်း ပါဝင်ပါ၏။ ရဟန်းဆိုသည်မှာလည်း (၂)မျိုးရှိ၏။
သုတ္တန်ရဟန်း နှင့် ၀ိနည်းရဟန်း တို့ဖြစ်သည်။

သုတ္တန်ရဟန်းဆိုသည်မှာ ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အကျင့် တခုခုကို ကျင့်ကြံပွားများနေသော ယောကျာင်္း (သို့) မိန်းမ လူဝတ်ကြောင် ဖြစ်ချင်ဖြစ်မည် (သို့မဟုတ်ပါက) ဘုန်းကြီးလည်း ဖြစ်ချင်ဖြစ်နိုင်သည်။

ဝိနည်းရဟန်းဆိုသည်မှာ သိမ်တွင် သံဃာတော်တို့ဖြင့် ၀ိနည်းသိက္ခာတင်ပေးထားသော ရဟန်းကို ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ရဟန်းအဖြစ်သို့ ကပ်ရောက်သော ပုဂ္ဂိုလ်ဆိုသည်မှာ..
မြတ်ဗုဒ္ဓသာသနာတော်နှင့် ဆိုင်သော အကျင့် တခုခုကို ကျင့်ကြံပွားများ အားထုတ်နေသည့်၊ အားထုတ်တော့မည့် ပုဂ္ဂိုလ်ဟု အဓိပ္ပါယ် ရပါသည်။ ထို ပုဂ္ဂိုလ်မှာလည်း ၀ိနည်းရဟန်းလည်း ဖြစ်ချင်ဖြစ်မည်၊ သုတ္တန်ရဟန်းလည်း ဖြစ်ချင်ဖြစ်မည်။ သံဃာတော်လည်း ဖြစ်ချင်ဖြစ်မည် လူဝတ်ကြောင်လည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်သူပဲဖြစ်ဖြစ် ထိုသို့ ကျင့်ကြံပွားများသည့်အခါမှာ..အစွန်း (၂)ပါး၊ (သို့) အယုတ်တရား (၂)ပါးတို့ကို ရှောင်ရှားရမည်ဟု ဆိုခြင်းဖြစ်ပါသည်။ ထိုကြောင့် သံဃာတော်များ အပါအ၀င် လူပုဂ္ဂိုလ်များကိုပါ..အယုတ်တရား (၂)ပါးကို ရှောင်ရှားရမည်ဟု မြတ်ဗုဒ္ဓက..ဟောတော်မူခြင်းဖြစ်၏။

အယုတ်တရား (၂)ပါးဆိုသည်မှာလည်း ကာမသုခလ္လိကနုယောဂ နှင့် အတ္တကိလမထာနုယောဂ တို့ဖြစ်သည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ အနည်းငယ်ထပ်ပေါင်း ပြောဆိုရလျင်..

ကာမသုခလ္လိကာနုယောဂ ဆိုသည်မှာ..
တရားသဘောဖြင့် လောဘဖြစ်သည်။ ဒိဋ္ဌိသဘောဖြင့် သဿတဒိဋ္ဌိဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်သဘောဖြင့် တဏှာဦးဆောင်သော အားထုတ်မှု အစွန်းတရားဖြစ်သည်။

အတ္တကိလမထာနုယောဂ ဆိုသည်မှာ..
တရားသဘောဖြင့် ဒေါသဖြစ်သည်။ ဒိဋ္ဌိသဘောဖြင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်သဘောဖြင့် အ၀ိဇ္ဖာဦးဆောင်သော အားထုတ်မှု အစွန်းတရားဖြစ်သည်။

ထို အစွန်းတရား (၂)ပါးတို့၌ မကပ်ညိပါဘဲ….
တနည်းအားဖြင့်…အ၀ိဇ္ဇာဘက်ကိုလည်း မညိ၊ တဏှာဘက်ကိုလည်း မညိ
ဒေါသဘက်ကိုလည်း မရောက်၊ လောဘဘက်ကိုလည်း မရောက်
ဥစ္ဆေဒဒိဋ္ဌိဘက်ကိုလည်း မဖြစ်၊ သဿတဒိဋ္ဌိဘက်ကိုလည်း မဖြစ်ဘဲ..မှန်ကန်စွာ ဥာဏ်မျက်စိကို ပြုစေတတ်သော လမ်းစဉ်မှာ…
အလယ်အလတ် အကျင့် မဇ္ဈိမပဋိပဒါပင်ဖြစ်၏။
ထိုအလယ်အလတ် ကျင့်စဉ် ဆိုသည်မှာ မဂ္ဂင်(၈)ပါး ပင်ဖြစ်၏။
1. သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း
2. သမ္မာသင်္ကပ္ပ = မှန်စွာကြံခြင်း
3. သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း
4. သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း
5. သမ္မာအာဇီဝ = မှန်စွာအသက်မွေးခြင်း
6. သမ္မာဝါယာမ = မှန်စွာအားထုတ်ခြင်း
7. သမ္မာသတိ = မှန်စွာအမှတ်ရခြင်း
8. သမ္မာသမာဓိ = မှန်စွာစူးစိုက် တည်ကြည်ခြင်း

ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိမဂ္ဂင်တခု တည်းကို ကျင့်သုံးပါက.မဇ္မျိမပဋိပဒါ ဖြစ်သည်။ သမ္မာဒိဋ္ဌိကို ကျင့်သုံးနေလျင် ကျန်သော မဂ္ဂင်များ အလိုလို တွဲစပ်၍ ဖြစ်လာပါတော့သည်။ သမ္မာဒိဋ္ဌိနဲ့ တွဲစပ်မည့် သင်္ကပ္ပသည်..သမ္မာသင်္ကပ္ပ ဖြစ်လာမည်။ မိစ္ဆာသင်္ကပ္ပ မဖြစ်တော့။ ထို့အတူပဲ သမ္မာဒိဋ္ဌိနဲ့ အတူဖြစ်မည့် ၀ါစာသည်လည်း..သမ္မာဝါစာပဲဖြစ်ပေလိမ့်မည်။
အဓိပ္ပါယ်မှာ..မှန်စွာသိမြင်ခြင်း တခုတည်း ကျင့်သုံးလိုက်သည်နှင့်..မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း..စသော ကျန်မဂ္ဂင်(၇)ပါးတို့မှာ..အခြံအရံအဖြစ် အလိုလို လိုက်ပါလာတော့သည်။…ထိုကြောင့် မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့အား…
သင်ချစ်သားတို့ စိတ်အာရုံတွေ မများကြနဲ့..အလုပ်ကိစ္စတွေ ထွေပြားမနေတော့နဲ့..
သမ္မာဒိဋ္ဌိကိုပဲ ပိုင်ပိုင်နိုင်နိုင် ကိုင်ကြလော့..
သင်ချစ်သားတို့ ပထမမဂ္ဂင် သမ္မာဒိဋ္ဌိဖြစ်ရင်..ကျန်တဲ့မဂ္ဂင်(၇)ပါးလုံးဟာ..နောက်ကလိုက်လာသလို..အကုန်လုံး စုံလို့ ပြုံလျက်..မခေါ်ပါဘဲ လိုက်လာကြပါလိမ့်မည်။

ဟု ဟောလေ၏။

ထို့ကြောင့် သမ္မာဒိဋ္ဌိသည် ရှေးဦးစွာ အရေးကြီးပါ၏။ သမ္မာဒိဋ္ဌိမရှိရင် မှန်ကန်သော ကျင့်စဉ်ပေါ်မရောက်။ မှန်ကန်သော ကျင့်စဉ်ပေါ်မရောက်လျင် နိဗ္ဗာန်ကို မရနိုင်ပေ။
သမ္မာဒိဋ္ဌိတွင်လည်း (၅)မျိုးရှိပါသည်။

1. ကမ္မဿကတာသမ္မာဒိဋ္ဌိ
2. ဈာနသမ္မာဒိဋ္ဌိ
3. ၀ိပဿနာသမ္မာဒိဋ္ဌိ
4. မဂ္ဂသမ္မာဒိဋ္ဌိ
5. ဖလသမ္မာဒိဋ္ဌိ….တို့ဖြစ်ကြသည်။

ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုသည်မှာ..အကြောင်းအကျိုးစပ်လျက် ယုံကြည်နားလည်ခြင်းဖြစ်၏။ အကြောင်းကံရှိလို့ အကျိုးကံတွေဖြစ်တာပဲ..အကြောင်းမကောင်းလျင် အကျိုးလည်း မကောင်းဘူး၊ အကြောင်းကောင်းရင်တော့ အကျိုးလည်း ကောင်းမှာပဲ ဟု..နားလည်လက်ခံခြင်းဖြစ်သည်။ ဤသမ္မာဒိဋ္ဌိမှာ အခြေခံဖြစ်၏။ အရေးကြီးဆုံးလည်း ဖြစ်၏။ ထိုသို့ အကြောင်းအကျိုးသဘောကို စူးစူးစိုက်စိုက် နားမလည်ပါဘဲ....သူဟာသူဖြစ်ချင်သလိုဖြစ်နေတာပဲ..ဒါမှမဟုတ်..ဗြဟ္မာကြီးကဖန်ဆင်းတာ..ဘုရားသခင်က ဖန်ဆင်းတာ..မိုးနတ်မင်းက.မစတာ..စသဖြင့် ယုံကြည်ထားခြင်းမျိုးတို့သည်..ကမ္မဿကတာသမ္မာဒိဋ္ဌိ မဖြစ်။ မှန်မှန်ကန်ကန် မမြင်သေးခြင်းဖြစ်၏။ ကံ-ကံ၏အကျိုးတို့ကို ကြောင်းကျိုးစပ်နားလည်ပါမှ..ကောင်းမှုတို့ကို လုပ်ချင်စိတ်တွေဖြစ်လာမည်။ ထိုသမ္မာဒိဋ္ဌိလေးအခြေခံပါမှ..ကောင်းတာများကို ကြံဆောင်လာမည်၊ ကောင်းသောစကားတို့ကို ပြောချင်လာမည်၊ ကောင်းသော အသက်မွေးမှုတို့ကို လုပ်ချင်လာမည်..စသော အကျိုးကျေးဇူးများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ကမ္မဿကတာသမ္မာဒိဋ္ဌိမှာ အရေးကြီးသည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ရောက်ကြောင်းတရားပင်ဖြစ်၏။

ဈာနသမ္မာဒိဋ္ဌိဆိုသည်မှာ..ရူပဈာန်၊ အရူပဈာန်များမှာလာသော ဥာဏ်ပညာကို ခေါ်ဆို၏။ သမာဓိတည်ကြည်အောင် ကျင့်သောလုပ်ငန်းစဉ်တို့တွင် မှန်မှန်ကန်ကန် မြင်ခြင်းဖြစ်သည်။ ထိုဈာနသမ္မာဒိဋ္ဌိသည်လည်း ၀ိပဿနာ၏အခြေခံဖြစ်လျင်..နိဗ္ဗာန်ရောက်ကြောင်းတရားပင် ဖြစ်ပါ၏။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ နှင့် ဈာနသမ္မာဒိဋ္ဌိ တို့သည် မဂ်ဖိုလ်နိဗ္ဗာန်ရဖို့..အခြေခံတရားများ ဖြစ်သောကြောင့် ထိုသမ္မာဒိဋ္ဌိ (၂)ပါးကို “မူလမဂ္ဂင်” ဟုလည်း ခေါ်၏။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုသည်မှာ..၀ိပဿနာဥာဏ်ဖြစ်၏။ အရှု့ခံ ပေါ်တွင် ရှု့ဥာဏ်ဖြင့် ရုပ်/နာမ်တို့၏ ဖြစ်ပျက်တို့ကို မှန်မှန်ကန်ကန်မြင်ခြင်းဖြစ်သည်။ အရှု့ခံဆိုသည်မှာ ခန္ဓာငါးပါးထဲမှာ တပါးပါးကိုဆိုလိုသည်။ ရုပ်ဖြစ်ချင်လည်း ဖြစ်မည် နာမ်ဖြစ်ချင်လည်းဖြစ်မည်။ ၀ိပဿနာသမ္မာဒိဋ္ဌိဖြင့် ၀ိပဿနာအလုပ်ကို လုပ်နေစဉ်ဝယ်..ခန္ဓာကိုယ်ကြီးကို ယောကျာင်္း မိန်းမ စသည်ဖြင့် မမြင်တော့ဘဲ..ဖြစ်/ပျက်ကိုသာ မြင်ခြင်းဖြစ်သည်။ ထိုကြောင့် လောဘတရား၊ ဒေါသတရား၊ မောဟတရားတို့ မ၀င်လာနိုင်တော့။ ထိုဝိပဿနာသမ္မာဒိဋ္ဌိဖြင့် သဘောမှန်ကို သိနေလျင် သာယာဖွယ်အာရုံနှင့် တွေ့ပါသော်လည်း သာယာမှုရာဂ မဖြစ်တော့။ ကာမသုခလ္လိကနုယောဂဘက် သို့ မကပ်ညိခြင်းဖြစ်၏။ သုံးဆောင်သင့်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ကို သုံးဆောင်၏။ လုံးလုံး မသုံးဆောင်ဘဲ နေတာမဖြစ်လို့ ကိုယ်ပင်ပန်းအောင်ကျင့်သော အတ္တကိလမထာနုယောဂလည်း မဖြစ်တော့ပေ။ တင်းလွန်းတာလည်းမဟုတ်၊ လျော့လွန်းတာလည်းမဟုတ်ဘဲ..အလယ်အလတ်ကျင့်စဉ်ဖြစ်တော့သည်။
ဝိပဿနာသမ္မာဒိဋ္ဌိသည်.. ခန္ဓာ ကိုလည်းစွန့်၏၊ တဏှာကိုလည်း စွန့် နိုင်၏။

ဝိပဿနာဥာဏ်တွေ ပြည့်စုံသောအခါ..မဂ္ဂသမ္မာဒိဋ္ဌိဟု ခေါ်သော အရိယာမဂ်ဥာဏ် ဖြစ်ပေါ်လာတော့သည်။ မဂ္ဂသမ္မာဒိဋ္ဌိ - အရိယာမဂ်ဥာဏ်သည် ခန္ဓာကိုလည်း စွန့်၏၊ တဏှာကိုလည်း စွန့်၏၊ နိဗ္ဗာန်ကိုပါ မြင်တော့သည်။

ဖလသမ္မာဒိဋ္ဌိဆိုသည်မှာ အရိယာမဂ်၏ အကျိုးတရားပင်ဖြစ်၏။ အထူးတလည်အားထုတ်စရာမလို။ဖလသမ္မာဒိဋ္ဌိသည်လည်း.. ခန္ဓာကိုလည်း စွန့်၏၊ တဏှာကိုလည်း စွန့်၏၊ နိဗ္ဗာန်ကိုပါ မြင်၏။ အချောသတ် ကိလေသာတို့ကို ငြိမ်းသတ်ခြင်းနှင့် တူပေ၏။

ထိုကြောင့် သမ္မာဒိဋ္ဌိဖြစ်လျင် ကျန်မဂ္ဂင်တို့ စုပြုံ ယှဉ်တွဲလျက်..နိဗ္ဗာန်တိုင်အောင်ပင် အကျိုးပေးလေသည်။

(ဆက်ပါဦးမည်။)

အောက်ပါတရားတော်ကို နာယူလေ့လာပြီး ရေးသားသည်။

ဓမ္မစကြာတရားတော် အပိုင်း (၄)- မင်းကွန်းဆရာတော်ဘုရားကြီး
စာ-၆၀၊ ဓမ္မစကြာတရားတော် (၁)- မဟာစည်ဆရာတော်ဘုရားကြီး
သမ္မာဒိဋ္ဌိငါးမျိုး - အရှင်ဃောသိတ
ဓမ္မစကြာတရားတော် (၁၃၊၈၊၂၀၀၄) အပိုင်း (၃)- ဓမ္မစေတီဆရာတော်
This entry was posted on 1:08 AM and is filed under , , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: