(ယခင်ပို့စ်မှ အဆက်)

ဥပကတက္ကတွန်း နှင့် တွေ့ဆုံပြီးနောက်…သဗ္ဗညုမြတ်ဗုဒ္ဓလည်း အစဉ်သဖြင့် ခရီးဒေသစာရီ ဆက်လက် ကြွချီတော်မူလေသည်။ ရည်ရွယ်ရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောအတွင်းသို့ ရောက်လေပြီ။ ပဉ္စ၀ဂ္ဂီတို့ ရှိနေရာ အရပ်ဖြစ်၏။ ပဉ္စ၀ဂ္ဂီငါးပါးတို့လည်း ခပ်လှမ်းလှမ်းမှ ဘုရားကိုယ်တော်မြတ်ကြွလာသည်ကို မြင်နေရလေပြီ။ သို့ရာတွင် သူတို့အမြင်မှာတော့ ရဟန်းကြီးဂေါတမအဖြစ်ပဲ မှတ်ထင်နေကြသည်။ ဘုရားအဖြစ်မှန်း သူတို့ မသိသေးပေ။ ထိုသို့ခပ်လှမ်းလှမ်းမှ မြင်လျင်ပဲ သူတို့ ၅ပါး အချင်းချင်း ကတိက၀တ် (စည်းကမ်းများ) သတ်မှတ်ကြလေသည်။ သူတို့၏ ကတိက၀တ်မှာကား..

ငါရှင်တို့ ဟောဟိုမှာ…ပစ္စည်းလာဘ်လာဘတွေ ပေါများအောင် ကျင့်ကြံအားထုတ်နေသော..ကမ္မဋ္ဌာန်းအလုပ်မှ လျှောကျလေပြီးဖြစ်သော ကမ္မဋ္ဌာန်းလူထွက်ကြီး ရဟန်းဂေါတမ လာနေလေပြီ။
ထိုရဟန်းကြီးဂေါတမကို မရှိခိုးကြနဲ့၊ ခရီးဦး မကြိုဆိုကြနဲ့၊ သပိတ်သင်္ကန်းကို လှမ်းမယူကြနဲ့
သိုပေမယ့် သူထိုင်ချင်ရင် ထိုင်လို့ရအောင် နေရာလေးတော့ ထားပေးလိုက်ကြပါစို့….ဟု..

ခပ်စောစောတည်းက..သူတို့ဘာသာသူတို့ ဣနြေ္ဒရရ ကတိက၀တ်များ ပြုထားကြလေသည်။ ဒီလို ကတိက၀တ်တွေ သတ်မှတ်ပေမယ့်လည်း တကယ်တော့ သူတို့ငါးပါး၏စိတ်ထဲတော့ မြတ်ဗုဒ္ဓအပေါ် ချစ်ခြင်း တကယ် မကင်းနိုင်သေးပေ။ အင်တင်တင်ဖြင့် ဟန်လုပ်နေကြခြင်းပင်ဖြစ်၏။

သဗ္ဗညုမြတ်ဗုဒ္ဓလည်း တလှမ်းပြီးတလှမ်း သူတို့ရှိရာသို့ ချဉ်းကပ်လာလေပြီ။ ထိုသို့ တလှမ်းပြီးတလှမ်း နီးကပ်လာလေလေ..သူတို့ ဆောက်တည်ထားတဲ့ ကတိက၀တ်တွေ အလိုလိုလျှော့ကျ သွားလေတော့၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ပင်ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် သူတို့ သဘောတူ သတ်မှတ်ထားသော ကတိက၀တ်များ ပျက်လေပြီ။

ထို့ကြောင့် ရှေ့ဆုံးမှ ကိုယ်တော်ကစပြီး ကတိက၀တ်ကို ပျက်လေပြီ။ ဘယ်လိုမှ ဘယ်လို ထကြွလိုက်မှန်းမသိနိုင်အောင်ဘဲ မြတ်ဗုဒ္ဓအား..လှမ်းပြီး ခရီးဦး ကြိုဆိုလေသည်။
ရှေ့ဆုံးကိုယ်တော်က..ကတိက၀တ်ပျက်လေတော့ နောက်နားမှကိုယ်တော်တပါးကလည်း မြတ်ဗုဒ္ဓ၏ သပိတ်သင်္ကန်းကို လှမ်းယူ ကြိုဆိုလေပြန်သည်။
နောက်တတိယကိုယ်တော်ကလည်း ဟိုကိုယ်တော်မှ သပိတ်သင်္ကန်းလှမ်းပြီး အရိုအသေပြုလျင် ငါလည်း.အရိုအသေပေးဦးမည်ဆိုပြီး..နေရာထိုင်ခင်းပေးပြန်လေသည်။
နောက် စတုတ္ထကိုယ်တော်သည်လည်း ဘုရားကိုယ်တော်မြတ် ခြေတော်ဆေးဖို့ရန် ခြေဆေးရေကို သွားခပ်လေသည်။
နောက်ဆုံးကိုယ်တော်တစ်ပါးကလည်း ဘုရားကိုယ်တော်မြတ် သုံးစွဲဖို့ရန် ခြေဆေးအင်ပျဉ် ခြေပွတ်အိုးခြမ်းတို့ကို ယူလာလေ၏။

သူတို့၏ သတ်မှတ်ထားသော ကတိက၀တ်များပျက်ပြီး… အသီးသီး အရိုအသေ ပြုကြလေတော့သည်။ နေရာထိုင်ခင်း၌ ဘုရားကိုယ်တော်မြတ် ထိုင်တော်မူပြီးနောက် ..ပဉ္စ၀ဂ္ဂီတို့က စတင် စကားပြောကြသောအခါ..

ငါ့ရှင် ဂေါတမ ကျွန်ုပ်တို့ ဟိုတုန်းက ငါ့ရှင်ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစုခဲ့ကြတယ်နော်၊ ကျွန်ုပ်တို့ ထွက်ခွါသွားသောအခါ ဘယ်သူကများ ပြုစုပါသလဲ..ငါ့ရှင်စိတ်ထဲမှာ ဘယ်လိုများဖြစ်သတုန်းဟု..ပြောဆိုမေးမြန်းကြ၏။

ထို့သို့ သူတို့ ပြောဆိုမေးမြန်းစကားအခွန်းတိုင်းမှာ ငါ့ရှင်ဂေါတမ ငါ့ရှင်ဂေါတမဟု အမည်တော်တပ်ပြီး.. ပြောဆိုကြ၏။ တန်းတူသဖွယ်သဘောထားပြီး သူနှယ်ငါ့နှယ် ပြောဆိုနေကြခြင်းဖြစ်၏။ သူတော်ကောင်းဘက်မှကြည့်လျင် အင်မတန်ရိုင်းပြသော စကားအသုံးအနှုံးဖြစ်၏။ ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက….


ဘိက္ခဝေ ရဟန်းတို့..ရှေးဘုရားတို့နှင့် အလားတူဖြစ်သော ငါ့ကို..ဂေါတမ ဂေါတမ ဆိုပြီး အမည်ရင်းဖြင့် မသုံးနှုံးကြနဲ့ မခေါ်ဝေါ်ကြနဲ့။ အဂါရ၀ ဖြစ်မယ်။ ငါ့ရှင်လို့လည်း မပြောကြနဲ့။ ရဟန်းတို့ ငါသည်ကား..
အရဟံ - ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်ပြီ။ အရဟံဂုဏ်တော်ရှင် ဖြစ်ပြီ။
တထာဂတော - ရှေးဘုရားတို့နှင့် အလားတူဖြစ်ပြီ။
သမ္မာသမ္ဗုဒ္ဓ - ကိုယ်တိုင် မှန်စွာသိသော ဘုရား ဖြစ်ပြီ။
ရဟန်းတို့ နားစိုက်ထောင်ကြကုန်။ ငါဘုရား တရားဟောမယ်။ ငါဘုရား ဆုံးမတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာပါမူကား..အမျိုးကောင်းသား သင်ချစ်သားတို့ လိုလာတောင်းတအပ်သော အရဟတ္တမဂ်ဖိုလ်ကို မျက်မှောက်ဘ၀၌ပင် ရောက်၍ ရ၍ ပြည့်စုံကြပေလိမ့်မည်…


ဟု ရဲရဲတင်းတင်း မိန့်တော်မူလေ၏။
မြတ်ဗုဒ္ဓက..ထိုသို့ မိန့်တော်မူသော်လည်း ပဉ္စ၀ဂ္ဂီတို့က..ဘုရားဟု မယုံကြည်နိုင်ကြသေးပေ။ ထို့ကြောင့် အခုလို ပြန်လည် လျောက်ထားလေသည်။

ငါ့ရှင်ဂေါတမ ဒီလောက်လည်းပဲ အပြောမကြီးပါနဲ့ဦး…ဟိုတုန်းက..ဥရုဝေဠတောမှာ တရားအားထုတ်စဉ်..အစာ မစားဘဲ ခဲခဲ ယဉ်းယဉ်း တရားအားထုတ်စဉ်ကမှ သဗ္ဗညုမြတ်ဗုဒ္ဓ မဖြစ်ပါဘဲ..အခု ကမ္မဋ္ဌာန်းကလျှောကျ တဲ့အခါကျမှ၊ ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်တဲ့သူဖြစ်မှ အဘယ်မှာ သဗ္ဗညုတဥာဏ်တော်ကို ရနိုင်ပါမလဲ၊ အဘယ်မှာ တရားထူး တရားမြတ်တို့ကို ရနိုင်ပါမလဲ
ဟု ပြန်လည် ပြောဆိုလေသည်။ သူတို့၏ စိတ်ထဲ ရှိတဲ့အတိုင်း ရိုးရိုးပဲ ပြောဆိုလိုက်ခြင်းဖြစ်၏။

သူတို့ အခုလို မြတ်ဗုဒ္ဓအပေါ်၌ အထင်အမြင် ပြောင်းလဲ သွားခြင်းမှာလည်း အံ့သြဖွယ်ပင်ဖြစ်၏။ ဟိုအရင် ဘုရားအလောင်းတော်ငယ်စဉ်ကတည်းကပင်..သူတို့က..ဘုရားအလောင်းတော်အား သေချာပေါက် မြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု တွက်ချက် ပြောထားခဲ့ပြီးဖြစ်၏။ ထို့်ကြောင့်လည်း ဘုရားအလောင်းတော်အား ဥရုဝေဠတောမှနေ၍ ကြိုတင် စောင့်ကြိုနေခဲ့ကြသည်။ ဘုရားအလောင်းတော် ဒုက္ကရစရိယာအကျင့်ကို ကျင့်သောအခါ၌လည်း ၀တ်ကြီးဝတ်ငယ်ပြုစုခဲ့ကြသေး၏။ သို့ပေမယ့် အလောင်းတော် ထိုအကျင့်မှ ထွက်ပြီး အစာ အနည်းငယ် ပြန်လည်စားသုံးသောအခါ..သူတို့သည် ဘုရားအလောင်းတော်အပေါ် ဘုရားဖြစ်မည်ဟု ယုံကြည်ချက်မထားတော့ပေ။ သူတို့ မူလ တွက်ချက်ထားသော ဟောပြောချက်ကိုပင် မယုံကြည်ကြတော့ပဲ ဘုရားအနီးမှ ထွက်ခွာခဲ့ခြင်းဖြစ်၏။ ထိုသို့ သူတို့ ယုံကြည်ချက်များ ပြောင်းလဲသွားခြင်းမှာ..သူတို့၏ အမြင်မှား အယူမှားခြင်း၌အခြေခံ၏။ သူတို့ အမြင်မှားကား..ဒုက္ကရစရိယအကျင့်အား ကျင့်စဉ်မှန်ဟု စွဲလမ်း ယုံကြည်ထားခြင်းဖြစ်၏။ ထိုအကျင့် ကျင့်မှသာလျင် တကယ်ပင် ဘုရားဖြစ်နိုင်၏ဟု လက်ခံထားသော အယူမှားပင်ဖြစ်၏။ မြတ်ဗုဒ္ဓဟောပြောမှသာလျင် သူတို့လည်း ထိုအကျင့်ကို အတ္တကိလမထ အကျင့်မှားမှန်း သိကြပေလိမ့်မည်။

ထိုသို့ ပဉ္စ၀ဂ္ဂီတို့က..ပြန်လည်ပြောဆိုသော စကားအပေါ်.. မြတ်ဗုဒ္ဓက ပြန်လည်၍ အခုလိုမိန့်တော်မူသည်။..


ရဟန်းတို့ ရှေးဘုရားတို့နှင့် နည်းတူ လာခြင်းကောင်းသော ငါဘုရားသည်..သင်ချစ်သားတို့ ထင်နေသလို..ကမ္မဋ္ဌာန်းအလုပ်မှ လျောကျတဲံ့သူလည်း မဟုတ်ပေဘူး၊ ပစ္စည်းပေါများအောင် အားထုတ်သောသူလည်း မဟုတ်ဘူး၊
ငါသည်ကား..အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ တထာဂတ ဂုဏ်ရှင် စင်စစ် ဧကန် ဘုရားဖြစ်၏။ အမြိုက်နိဗ္ဗာန်ကို ငါကိုယ်တိုင် သိအပ်မြင်အပ်ခဲ့ပြီ။ ချစ်သားတို့ နားစိုက်ထောင်ကြ၊ ငါဘုရား ဆုံးမမယ်။ တရားဟောမယ်။ ငါဘုရားဟောတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာကြလျင် သင်ချစ်သားတို့ လိုလားတောင့်တအပ်သော အရဟတ္တမဂ်ဖိုလ်ကို ပစ္စကဘ၀မှာပင် ရနိုင် ရောက်နိုင်မည်…ဟု..
ပြန်လည်မိန့်တော်မူလေသည်။


ဒုတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က ရှေးကအတိုင်းပင် အဘယ်မှာ သဗ္ဗညုမြတ်ဗုဒ္ဓဖြစ်နိုင်ပါမလဲဟု..ပြန်လည်ပြောဆိုပြန်သည်။
မြတ်ဗုဒ္ဓကလည်း အထက်ကအတိုင်း ရှေးစကားအတိုင်းပင် ပြန်လည်မိန့်တော်မူ၏။
ထို့နောက် တတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က..အရင်လို ပြန်လည်ပြောဆိုသောအခါ..မြတ်ဗုဒ္ဓက..


ချစ်သားတို့ ငါဘုရား..ယခင်က..သင်တို့နှင့်အတူရှိခဲ့စဉ်က...ဤသို့သောစကားမျိုးကို ပြောခဲ့ဖူးသလား၊ စဉ်းစားကြလော့၊
သင်ချစ်သားတို့ကို ငါဘုရားက အထင်ကြီးစေအောင်..
ကိုယ်ယောင်ကိုယ်ဝါတွေမရှိဘဲနဲ့ ကိုယ်ယောင်ကိုယ်ဝါတွေ ရနေပြီလို့၊
ငါ့မှာ အာရုံနိမိတ်တွေ ထင်နေပြီလို့..စသဖြင့် အထင်ကြီးအောင် ၀ါကြွားပလွှား ပြောခဲ့ဖူးသလား
အဲလိုစကားများ သင်တို့ ဟိုတချိန်က..ငါပြောခဲ့တာကို ကြားခဲ့ဖူးသလား..


ဟုမိန့်တော်မူလေသည်။

ထိုအခါကျမှ ပဉ္စ၀ဂ္ဂီတို့လည်း ..ဟုတ်တယ် ရှေးတုန်းက..ဒီလို စကားမျိုးတွေ မပြောခဲ့ဖူးဘူး။..ဟိုတုန်းက..တရားထူးကို မတွေ့ရ မသိရသေးလို့ မပြောခဲ့တာပဲ ..အခုပြောတာကတော့..တကယ်ကို သိမြင်လာလို့ သဗ္ဗညုဘုရားဖြစ်ပြီလို့ ရဲရဲတောက် ပြောတာပဲ..လို့..ဆင်ခြင်စဉ်းစားမိကြတယ်။..ထို့သို့ ဆင်ခြင်စဉ်းစားမိတော့မှပဲ..ဘုရားဟောတဲ့ တရားတော်အား နာယူဖို့ရန် စကားမပြောတော့ဘဲ စိတ်ကို ဆောက်တည်ကြလေသည်။..သူတို့စိတ်ထဲမှာ သစ္စာတရားကို သိဖို့ရန်သာ သတိဖြင့် နားစိုက်ထောင်ကြတော့သည်။ တရားနာရန် အင်္ဂါသုံးပါး သူတို့သန္တန်မှာ ရှိနေကြသည်။ ထိုအင်္ဂါသုံးပါးမှာ..


  1. ရိုရိုသေသေ နေထိုင်ခြင်း
  2. နားစိုက်ထောင်ခြင်း
  3. ဘုရားကိုယ်တော်မြတ် ဟောမည့် တရားကို သိဖို့ရန်သာ စိတ်ကို သတိကပ်ထားခြင်း..တို့ဖြစ်၏။…


ထိုအချိန်ကျမှ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်ဗုဒ္ဓက..တရားဦး ဓမ္မစကြာတရားတော်ကို စတင်ဟောတော်မူလေသည်။

အောက်ပါတရားတော်အား နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် (mp3) - မင်းကွန်းဆရာတော်ဘုရားကြီး
This entry was posted on 1:59 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: