new

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက..ပဉ္စ၀ဂ္ဂီတို့အား..အစွန်းတရားတွေရှောင်ရှားဖို့ နှင့်၊

အလယ်အလတ်ကျင့်စဉ်ကို လိုက်နာကျင့်သုံးကြဖို့..ဟောပြီးတဲ့နောက်..

သစ္စာလေးပါးတရားကို အခုလို ဟောတော်မူပါသည်။
ဘိက္ခဝေ-ရဟန်းတို့၊ အို ချစ်သားတို့..

ဆင်းရဲအမှန်တရားကို ပိုင်းပိုင်းခြားခြား သိရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့လာခဲ့ပြီ။

ဆင်းရဲဖြစ်ကြောင်းအမှန်တရားကို ပယ်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့ခဲ့ပြီ။

ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရားကို ဥာဏ်နဲ့မျက်မှောက်ထင်ထင် ဆိုက်ရောက်သိမြင်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ သဘောပေါက်လာခဲ့ပြီ သိလာတွေ့လာခဲ့ပြီ။

ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန်တရားကို မိမိသန္တာန်မှာဖြစ်ပွားအောင် အားထုတ်ရမယ်လို့ ငါ့ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာတွေ့လာခဲ့ပြီ။

ဟု မြတ်ဗုဒ္ဓက ဟောလေ၏။


ပရိညေယျ

ပိုင်းခြားထင်ထင် သိရမည့် နားလည်နေရမည့် လုပ်ငန်းစဉ်ကို ပရိညေယျ ဟုခေါ်၏။ ထိုလုပ်ငန်းစဉ်သည်..မည့်သည့်တရားအတွက် လုပ်ဆောင်ရမည်နည်း…..ဆင်းရဲအမှန်တရားအတွက် ဖြစ်၏။ ဆင်းရဲ = ဒုက္ခ + အမှန်တရား = သစ္စာ ။ ဒုက္ခသစ္စာအတွက် ပရိညေယျလုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်၏။

ပဟာတဗ္ဗ

ကင်းစင်အောင် ပပျောက်သွားအောင် ပယ်ရမည့် လုပ်ငန်းစဉ်ကို ပဟာတဗ္ဗ ဟု ခေါ်၏။ ထိုလုပ်ငန်းစဉ်ဟာ..မည်သည့်တရားအတွက် လုပ်ဆောင်ရမည်နည်း….ဆင်းရဲဖြစ်ကြောင်းအမှန်တရားအတွက် ဖြစ်၏။ ဆင်းရဲဖြစ်ကြောင်း = သမုဒယ + အမှန်တရား = သစ္စာ ။ သမုဒယသစ္စာအတွက် ပဟာတဗ္ဗ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်၏။

သစ္ဆိကာတဗ္ဗ

ဥာဏ်နဲ့.မျက်မှောက်ပြုရမည့် လုပ်ငန်းစဉ်ကို သစ္ဆိကာတဗ္ဗ ဟုခေါ်၏။ ထိုလုပ်ငန်းစဉ်သည် မည်သည့်တရားအတွက်နည်း……ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရားအတွက် ဖြစ်၏။ ဆင်းရဲချုပ်ငြိမ်းခြင်း = နိရောဓ + အမှန်တရား =သစ္စာ။ နိရောဓသစ္စာအတွက် သစ္ဆိကာတဗ္ဗ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်၏။

ဘာဝေတဗ္ဗ

အားထုတ်ပွားများရမည့် လုပ်ငန်းစဉ်ကို ဘာဝေတဗ္ဗ ဟုခေါ်၏။ ထိုလုပ်ငန်းစဉ်သည် မည့်သည့်တရားအတွက်လုပ်ဆောင်ရမည်နည်း….ဆင်းရဲချုပ်ငြိမ်းကြောင်းအကျင့်လမ်း အမှန်တရားအတွက် ဖြစ်၏။ ဆင်းရဲချုပ်ငြိမ်းကြောင်းအကျင့်လမ်း = မဂ္ဂ + အမှန်တရား = သစ္စာ ။ မဂ္ဂသစ္စာအတွက် ဘာဝေတဗ္ဗ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်၏။

မြတ်ဗုဒ္ဓက.- ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော အရိယသစ္စာလေးပါး တို့ကို ရှေးယခင်ကာလတုန်းက..မည်သူ့ထံမှာမှ..မနာကြားဖူးခဲ့ပေ။..အခုတော့ လုပ်ငန်းကိစ္စတို့ နှင့်တကွ ယှဉ်တွဲ၍ သစ္စာလေးပါး ကို ထိုးထွင်းသိမြင်ခဲ့ပြီ။ မြတ်ဗုဒ္ဓက ထိုအမှန်တရားတို့ကို ဘယ်သူ့ထံကမှ နာယူမှတ်သားခဲ့ခြင်းမျိုးမရှိဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာ သိအပ်မြင်အပ်ခဲ့ပြီ။ ထိုသစ္စာလေးပါးကို ဥာဏ်သုံးပါးနဲ့တကွ ပြည့်ပြည့်စုံစုံ သိမြင်လာခဲ့ပြီ။ ဥာဏ်သုံးပါးမှာ..

  1. သစ္စဥာဏ်

  2. ကိစ္စဥာဏ်

  3. ကတဥာဏ် တို့ဖြစ်၏။


သစ္စဥာဏ် ဆိုသည်မှာ…..သစ္စာလေးပါးဆိုတာ ဒါတွေပဲလို့ ရှင်းရှင်းလင်းလင်း သိမြင်တဲ့ဥာဏ် ဖြစ်၏။

ကိစ္စဥာဏ် ဆိုသည်မှာ……သစ္စာလေးပါးတို့အတွက် လုပ်ဆောင်ရမယ့် ဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စတွေကို သိမြင်တဲ့ဥာဏ် ဖြစ်၏။

ကတဥာဏ် ဆိုသည်မှာ……သစ္စာလေးပါးတို့အတွက် ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စများပြုလုပ်ပြီးပြီလို့ သိတဲ့ဥာဏ် ဖြစ်၏။

ထိုဥာဏ်သုံးပါးဖြင့် သစ္စာလေးပါး တစ်ပါတစ်ပါးစီတွင်..သိအပ်မြင်အပ်ခဲ့လေပြီ။

(၁) ဒုက္ခသစ္စာ-သစ္စဥာဏ်

ဇာတိ ဇရာ ဗျာဓိ မရဏ တို့သည် ဒုက္ခတွေပဲလို့ ရှင်းရှင်းလင်းလင်း သိမြင်တဲ့ဥာဏ်

(တနည်း)ရုပ်တရား နာမ်တရားတို့သည် ဒုက္ခသစ္စာပဲလို့ ရှင်းရှင်းလင်းလင်း သိမြင်တဲ့ဥာဏ်

(အကျဉ်းချုပ်အားဖြင့်) ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာပဲလို့ ရှင်းရှင်းလင်းလင်း သိမြင်တဲ့ဥာဏ် ဖြစ်၏။

ဥပါဒါနက္ခန္ဓာ (၅)မျိုးမှာ..





























စဉ်ခန္ဓာရုပ်/နာမ်
ရုပ်ဥပါဒါနက္ခန္ဓာရုပ်
ဝေဒနာဥပါဒါနက္ခန္ဓာနာမ်
သညာဥပါဒါနက္ခန္ဓာ
သင်္ခါရဥပါဒါနက္ခန္ဓာ
ဝိညာဏ်ဥပါဒါနက္ခန္ဓာ

ဒီခန္ဓာတွေ ဘယ်အချိန်မှာ ဖြစ်ကြသလဲ.. ဒွါရ (၆)မျိုး နှင့် အာရုံ(၆)မျိုးတို့ ကြုံဆုံသော ခဏတွင် ဥပါဒါနက္ခန္ဓာ များ အသီးသီး ဖြစ်ပေါ်ကြပါသည်။..

ဒွါရ (၆)မျိုးမှာ..

  1. စက္ခုဒွါရ = မျက်စိ

  2. သောတဒွါရ = နား

  3. ဃာနဒွါရ = နှာ

  4. ဇိဝှါဒွါရ = လျှာ

  5. ကာယဒွါရ = ကိုယ်

  6. မနောဒွါရ = စိတ်


အာရုံ (၆)မျိုး ဆိုသည်မှာ…

  1. ရူပါရုံ = ရုပ်အဆင်း

  2. သဒ္ဒါရုံ = အသံ

  3. ဂန္ဓာရုံ = အနံ့

  4. ရသာရုံ = အရသာ

  5. ဖောဋ္ဌဗ္ဗာရုံ = တွေ့ထိစရာ

  6. ဓမ္မာရုံ = ကြံတွေးစရာ (ဓမ္မသဘောတရားများ)


ဒွါရ (၆)မျိုးကို အခံဓာတ် (၆)မျိုးဟုလည်း ခေါ်၏။ အာရုံ (၆)မျိုးကို အတိုက်ဓာတ် (၆)မျိုး ဟုလည်း ခေါ်၏။ အဲလို ဒွါရ(၆)ပါးနှင့် အာရုံ(၆)ပါးတို့..ကြုံဆုံမိခိုက်သည်.. ခဏ (၆)ပါး ဖြစ်မည်။ … ထိုခဏတိုင်းတွင်.. ဆိုင်ရာ ဆိုင်ရာ ဥပါဒါနက္ခန္ဓာ တို့ ဖြစ်ကြ၏။

ဥပမာ

မျက်စိအခံဓာတ် (စက္ခုဒွါရ) နဲ့ အဆင်းအတိုက်ဓာတ်(ရူပါရုံ) တို့ ကြုံဆုံမိသောအခါ…






















စက္ခုဒွါရ + ရူပါရုံ = ရုပ်ဥပါဒါနက္ခန္ဓာ(ရုပ်)
မြင်လို့ ကောင်းတာ မကောင်းတာ ခံစားတဲ့သဘော = ဝေဒနာဥပါဒါနက္ခန္ဓာ(နာမ်)
မြင်တာလေးကို အနီပဲ အဖြူပဲ အသေးဘဲ အကြီးပဲ..စသဖြင့် မှတ်သားလိုက်တဲ့ သဘော = သညာဥပါဒါနက္ခန္ဓာ(နာမ်)
ဒီ ရူပါရုံကို ကြည့်ဖြစ်အောင် မြင်ဖြစ်အောင် စေ့ဆော်ပေးလိုက်တဲ့ သဘော = သင်္ခါရဥပါဒါနက္ခန္ဓာ(နာမ်)
မြင်ရုံသာ မြင်လိုက်သော မြင်စိတ် = ၀ိညာဏ်ဥပါဒါနက္ခန္ဓာ(နာမ်)

ကြားတဲ့ခဏမှာလည်း ထိုကဲ့သို့ပဲ…ထိုဥပါဒါနက္ခန္ဓာငါးပါးဖြစ်ပါ၏။






















သောတဒွါရ နှင့် သဒ္ဒါရုံ တို့သည် ရုပ်ဥပါဒါနက္ခန္ဓာ(ရုပ်)
ကြားလိုက်တာကို နားထောင်ကောင်းတယ် မကောင်းဘူး..ဆိုတဲ့.ဝေဒနာဥပါဒါနက္ခန္ဓာ(နာမ်)
ကြားတာလေးကို မှတ်သားလိုက်တာလေးက…သညာဥပါဒါနက္ခန္ဓာ(နာမ်)
ဒီ သဒ္ဒါရုံကို နားထောင်ဖြစ်အောင် စေ့ဆော်ပေးလိုက်တဲ့သဘောလေးက…သင်္ခါရဥပါဒါနက္ခန္ဓာ(နာမ်)
ကြားစိတ်လေးက..၀ိညာဏ်ဥပါဒါနက္ခန္ဓာ(နာမ်)

အဲဒီတော့..ဖြစ်လိုက်တိုင်း မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ ထိတွေ့ခိုက်၊ ကြံတွေးခိုက်တွေမှာ..ဒီ ဥပါဒါနက္ခန္ဓာသည် ဖြစ်ပေါ်လေ့ရှိသည်။ ဒီ ဥပါဒါနက္ခန္ဓာများမှတပါး အခြားမရှိဘူး။ထိုခန္ဓာများသည်..ဒုက္ခသစ္စာ အမှန်ပဲလို့…သိမြင်တာမျိုးကို သစ္စဥာဏ်ဟု ခေါ်၏။

(၂) ဒုက္ခသစ္စာ-ကိစ္စဥာဏ်

ကိစ္စဥာဏ်ဆိုတာ..ပြုလုပ်ရမည့် လုပ်ငန်းကိစ္စကို သိတဲ့ဥာဏ်

ရုပ်တရား နာမ်တရားတို့ဆိုတဲ့..ဒုက္ခသစ္စာတွေကို ပိုင်းခြားထင်ထင် သိအောင် လုပ်ရမယ်လို့..လုပ်ငန်းစဉ်ကို သိတာက..ကိစ္စဥာဏ်။ ဒီ ဥပါဒါနက္ခန္ဓာတွေကို ဒုက္ခတွေပဲဟု သိမြင်ထားသင့်တယ်၊ ကောင်းစွာသိမြင်ထားမှဖြစ်မယ်လို့..ထိုကဲ့သို့ သိတဲ့ဥာဏ်.ကို ဆိုလိုပါသည်။

(၃) ဒုက္ခသစ္စာ-ကတဥာဏ်

ပိုင်းခြားသိရမည့် လုပ်ငန်းကိစ္စကို ပြုလုပ်ပြီးပြီလို့ သိတဲ့ဥာဏ် ကို ဒုက္ခသစ္စာ-ကတဥာဏ် ဟုခေါ်၏။

ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်ကြီး သိပြီးသွားတဲ့ဥာဏ် ဖြစ်၏။

(၄) သမုဒယသစ္စာ-သစ္စဥာဏ်

တဏှာလောဘသမုဒယကြောင့် ဒုက္ခဖြစ်တာပဲလို့..သိမြင်တဲ့ဥာဏ်ဖြစ်၏။

ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ တို့သည်..ဆင်းရဲခြင်းရဲ့ အကြောင်းရင်း အမှန်ပဲလို့ တိတိကျကျ ရှင်းရှင်းလင်းလင်း သိမြင်တဲ့ဥာဏ်ဖြစ်၏။

ကာမတဏှာဆိုသည်မှာ အာရုံငါးပါးကို တွယ်တာနှစ်သက်သည်။

ဘ၀တဏှာ ဆိုသည်မှာ သဿတဒိဋ္ဌိဖြင့် တွယ်တာခြင်းဖြစ်၏။

ဝိဘ၀တဏှာ ဆိုသည်မှာ ဥစ္ဆေဒဒိဋ္ဌိဖြင့် တွယ်တာခြင်းဖြစ်၏။

ဒါတွေဟာ ဒုက္ခဖြစ်ကြောင်းပဲလို့ သိသောဥာဏ်သည်..သမုဒယသစ္စာ-သစ္စဥာဏ်ဖြစ်၏။

(၅) သမုဒယသစ္စာ-ကိစ္စဥာဏ်

တဏှာလောဘကို ပယ်ရှားပစ်ရမယ်လို့ ဆိုင်ရာလုပ်ငန်းစဉ်ကို မှန်ကန်စွာ သိမြင်တဲ့ဥာဏ် ဖြစ်၏။

(၆) သမုဒယသစ္စာ-ကတဥာဏ်

တဏှာလောဘကို ပယ်ရှားပြီးပြီလို့ သိတဲ့ဥာဏ် ဖြစ်၏။ တဏှာလောဘတွေကို အပြီးသတ် ပယ်ပြီးသွားတဲ့ ဥာဏ်ဖြစ်၏။

(၇) နိရောဓသစ္စာ-သစ္စဥာဏ်

ဒုက္ခအားလုံး ကုန်ဆုံးရာ နိဗ္ဗာန်သည် နိရောဓသစ္စာအမှန်ပဲလို့ မှန်စွာ သိမြင်တဲ့ဥာဏ်ဖြစ်၏။ နိရောဓသစ္စာဆိုတာ..ဒုက္ခချုပ်ငြိမ်းခြင်းပဲလို့..မှန်မှန်ကန်ကန် သိသော ဥာဏ်ဖြစ်၏။

(၈) နိရောဓသစ္စာ-ကိစ္စဥာဏ်

နိရောဓသစ္စာဆိုတာ..ဥာဏ်နဲ့မျက်မှောက်ပြုရမယ့်တရားပဲလို့..သိတဲ့ဥာဏ် ဖြစ်၏။ နိရောဓသစ္စာအတွက် လုပ်ငန်းစဉ်သည်..အာရုံပြုရမယ်၊ မျက်မှောက်ပြုရမယ်ဟု..လုပ်ငန်းစဉ်ကို သိသော ဥာဏ်ဖြစ်၏။

(၉) နိရောဓသစ္စာ-ကတဥာဏ်

နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးပြီလို့ သိတဲ့ဥာဏ် ဖြစ်၏။ ဒုက္ခချုပ်ငြိမ်းခြင်း နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသွားသော ဥာဏ်ဖြစ်၏။

(၁၀)မဂ္ဂသစ္စာ-သစ္စဥာဏ်

နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်သည် သမ္မာဒိဋ္ဌိစတဲ့မဂ္ဂင်(၈)ပါးတရားပဲလို့ သိမြင်တဲ့ဥာဏ်

ဒီလမ်းမှတပါး တခြားလမ်းမရှိဘူး..ဒီလမ်းဟာ..လမ်းကောင်းပဲလို့..သိမြင်တဲ့ဥာဏ် ဖြစ်၏။

(၁၁)မဂ္ဂသစ္စာ-ကိစ္စဥာဏ်

ဒီမဂ္ဂင်(၈)ပါးတရားတွေကို မိမိသန္တာန်မှာ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ရမယ်လို့ လုပ်ငန်းကိစ္စကို သိမြင်တဲ့ဥာဏ် ဖြစ်၏။

(၁၂) မဂ္ဂသစ္စာ-ကတဥာဏ်

မဂ္ဂင်ရှစ်ပါးတရားတို့ကို အားထုတ်ခြင်း ကိစ္စ ပြီးစီးသွားပြီလို့..သိတဲ့ဥာဏ်။ ပွားများ အားထုတ်ပြီးစီးသွားသော ဥာဏ်ဖြစ်၏။

အားလုံးပေါင်း ဥာဏ်တော် ၁၂ပါး ဖြစ်၏။ ထိုဥာဏ် ၁၂ ပါးကို မြတ်ဗုဒ္ဓက ကိုယ်ပိုင်ဥာဏ်ဖြင့် ပြည့်ပြည့်စုံစုံ သိအပ်မြင်အပ်ခဲ့လေပြီ။ ထိုကဲ့သို့ သိမြင်လာခဲ့ပြီး..ယခု ဓမ္မစကြာတရားတော်တွင် ပဉ္စ၀ဂ္ဂီတို့အား ပြန်လည်ဟောနေလေပြီ။..မြတ်ဗုဒ္ဓက..ထိုဥာဏ် (၁၂)ပါးကို မိန့်တော်မူပြီးတဲ့နောက်..အခုလိုဆက်လက်..မိန့်တော်မူ၏။
ဘိက္ခဝေ-ရဟန်းတို့….

ငါဘုရား..အရိယသစ္စာလေးပါးတို့တွင်..ဒီ ဥာဏ်အမြင် (၁၂)ပါးဖြင့်..ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မမြင်သေး မတည်သေးသမျှကာလပတ်လုံး..သစ္စာလေးပါး ထိုးထွင်းသိသော သမ္မာသမ္ဗောဓိအဖြစ် ၀န်ခံတော်မမူဘူး။

ယခု ဒီ ဥာဏ်အမြင် (၁၂)ပါးဖြင့် အဟုတ်အတိုင်း အမှန်အတိုင်း သိအပ်မြင်ခဲ့ပြီ။ ထို့ကြောင့် သစ္စာလေးပါး ထိုးထွင်းသိသော သမ္မာသမ္ဗောဓိအဖြစ် ငါဘုရား ၀န်ခံတော်မူပြီ။

ငါဘုရားမှာ..အမြင့်မြတ်ဆုံး အရဟတ္တမဂ်ဥာဏ်ကြီး ရရှိပြီးပြီ။ ငါသည် ဘုရားဖြစ်ပြီလို့..၀န်ခံတော်မူပြီ။

ဟု ပွင့်ပွင့်လင်းလင်း မိန့်တော်မူလေသည်။…

မြတ်ဗုဒ္ဓရရှိထားသော အရဟတ္တမဂ်ဥာဏ်တော်ကို အနုတ္တရသမ္မာသမ္ဗောဓိ ဟုခေါ်၏။ အခြားအခြားသော ရဟန္တာအရှင်မြတ်တို့၏ ဥာဏ်တော်ထက် သာလွန်မြင့်မြတ်သောကြောင့် အမြင့်မြတ်ဆုံး အသာလွန်ဆုံးဖြစ်သော ကြောင့် အနုတ္တရသမ္မာသမ္ဗောဓိ ဟု ခေါ်ဆိုခြင်းဖြစ်၏။

မြတ်ဗုဒ္ဓ၏ တရားဦး ဓမ္မစကြာ အဆုံးတွင် ပဉ္စ၀ဂ္ဂီတို့သည်..လွန်စွာ နှစ်သက် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ နှစ်နှစ်သက်သက် လက်ခံနားလည် ကြလေကုန်ပြီ။ ထို့နောက် ပဉ္စ၀ဂ္ဂီတို့ငါးပါးထဲမှ..အရှင်ကောဏ္ဍည သောတာပန်ဖြစ်လေပြီ။ အရှင်ကောဏ္ဍညတွင် သောတာပတ္တိမဂ်ဥာဏ် တည်ခြင်းဖြစ်၏။ ထိုအရိယာမဂ်ဥာဏ်နှင့် ပြည်စုံသွားသောကြောင့် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ကိလေသာ အညစ်အကြေးများ အရှင်ကောဏ္ဍညမှာ ကင်းစင်သွားလေပြီ။ တရားဟော ဘုရားကိုယ်တော်မြတ် နှင့် ဓမ္မစကြာတရားတော်အပေါ်မှာ ဘာသံသယစိတ်မျှ မကပ်ညိတော့။ ကြမ်းကြမ်းတမ်းတမ်း လောဘ၊ ဒေါသ၊ မောဟ တရားတွေ အရှင်ကောဏ္ဍည မှာ မရှိတော့ဘူး။ အယူမှားခြင်း ဒိဋ္ဌိတွေ အားလုံး ဖယ်ခွာပြီး ဖြစ်ပြီ။

ဓမ္မစကြာလည်ခြင်းကိစ္စပြီးလေပြီ။ နတ်ဗြဟ္မာများက..ကောင်းချီးပေး အဆင့်ဆင့် ကြွေးကြော်ကြလေ၏။ သူတို့၏ ကြွေးကြော်ပုံ အဓိပ္ပါယ်မှာ..
မိဂဒါဝုန်တောဝယ် အမြင့်မြတ်ဆုံးဖြစ်သော တရားဦးဓမ္မစကြာကြီးကို မြတ်စွာဘုရား လှည့်နေပါသည်။ အဲလို လှည့်နေတဲ့ တရားစကြာရတနာကြီးကို အဘယ် နတ်လူဗြဟ္မာ ပညာရှိတဦးတယောက်ကမျှ ပြောင်းပြန်ဖြစ်သွားအောင် မလှည့်နိုင်ဘူး။

ထိုကဲ့သို့ အဆင့်ဆင့် အထပ်ထပ် ကြွေးကြော်ကြလေ၏။

ထိုကြွေးကြော်မှု မှာ…ဓမ္မစကြာတရားတော်ကို ဘယ်သူကမှ မှားပါတယ်လို့ မကန့်ကွက်နိုင်ဘူးဟု အဓိပ္ပါယ်ရ၏။

ထိုသို့ ကြွေးကြော်လိုက်သော အသံတွေ သာဓုအနုမောဒနာ ခေါ်သံတွေဟာ…နတ်ပြည် ဗြဟ္မာ့ပြည်တိုင်အောင် လွှမ်းမိုးသွားပြီး..စကြာဝဠာ လောကဓာတ်ကြီး တခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတော့၏။ အရောင်အ၀ါများပင် ထိန်လင်းသွားတော့၏။

ထို့နောက်..မြတ်ဗုဒ္ဓက.. အရှင်ကောဏ္ဍညအတွက်..၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးတော်မူလေ၏။…
“အညာသိ ၀တ ဘော ကောဏ္ဍညော၊ အညာသိ ၀တ ဘော ကောဏ္ဍညော”

ဟု ဥဒါန်းတော် ကျူးလေသည်။..ငါဘုရားဟောသော သစ္စာလေးပါးတရားကို အရှင်ကောဏ္ဍည ဥာဏ်ဖြင့် ပိုင်ပိုင်နိုင်နိုင်သိမြင်သွားလေပြီ ဟု အဓိပ္ပါယ်ရ၏။

အရှင်ကောဏ္ဍညကလည်း..မြတ်ဗုဒ္ဓထံ၌ ရှင်ရဟန်းပြုခွင့် တောင်းဆိုတော့လေ၏။

မြတ်ဗုဒ္ဓကလည်း…“ဧဟိ ဘိက္ခု”- အသင်အလိုရှိသော ရှင်ရဟန်းအဖြစ်ကို လက်ခံလော့ဟု..ပြန်လည် မိန့်တော်မူလေ၏။..

အခုတော့ ရတနာသုံးပါးလုံး စုံချေပြီ။ ဘုရားရှင်စင်စစ်ဖြစ်သော မြတ်ဗုဒ္ဓကလည်း ဓမ္မတရားတော်ကြီးကို ဟောပြီးပြီ၊ .. အရှင်ကောဏ္ဍညသည်လည်း..အရိယာဖြစ်သွားပြီး..၀ိနည်းတော်ရှင်ရဟန်းပြုလေပြီ။…
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ

အောက်ပါတရားတော်များကို လေ့လာနာယူပြီး ရေးသားထားသည်။

၁) ဓမ္မစကြာတရားတော် - အပိုင်း(၄) - မင်းကွန်းဆရာတော်ဘုရားကြီး

၂) စာ- ၇၇~၈၃ ဓမ္မစကြာတရားတော် အပိုင်း (၁) - မဟာစည်ဆရာတော်ဘုရားကြီး

၃) စာ-၂၀၄~၂၅၀ ဓမ္မစကြာတရားတော် - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

၎) ပဋိစ္စသမုပ္ပါဒ်ဝိုင်းဒေသနာ - မိုးကုတ်ဆရာတော်ဘုရားကြီး

၎) ဓမ္မစကြာတရားတော် - ချမ်းမြေ့ဆရာတော်ဘုရားကြီး

--------------------xxx-----------------xxx----------------xxx---------------------------

ဓမ္မစကြာတရားတော်ကို အချီနိဒါန်းများနဲ့ တကွ ကျွန်တော် ရေးသားခြင်း ပြီးဆုံးသွားပါပြီ။ နောက်နေ့ နက်ဖြန်ဟာ..၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် လေ့လာမှတ်သား ပို့စ်တင်ခြင်းဖြင့် ပူဇော်လိုက်ပါတယ်။ အခုလို အချီနိဒါန်းများနဲ့တကွတရားတော်ကို ရေးသားခြင်းမှာ..သေချာအချိန်ယူပြီး ဆရာတော်ဘုရားများ၏ တရားတော်များကို နာယူမှတ်သားခဲ့ပါတယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

မင်းကွန်းဆရာတော်ဘုရားကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ချမ်းမြေ့ဆရာတော်ဘုရားကြီး

ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ စတဲ့..ဆရာတော်ဘုရားများ တရားတော်များကို နာယူ မှတ်သား..ပြီးတော့ ပို့စ်တင်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို ပူဇော်လိုက်ခြင်းဖြင့် ကျွန်တော့်စိတ်ထဲ ဘုရားကို ပိုပြီး ပိုပြီး ကြည်ညိုစိတ်တွေ ဖြစ်မိပါတယ်။ ဆရာတော်များကို လည်း ပို၍ပို၍ ကြည်ညိုမိပါတယ်။ ဓမ္မစကြာတရားတော်ကိုလည်း ဗဟုသုတ သဘောဖြင့် ကျွန်တော် နားလည်လိုက်ပါတယ်။

ဝါဆိုလပြည့်နေ့အတွက် ကျွန်တော့်ရဲ့ အကောင်းဆုံးပူဇော်မှုလို့ ကျွန်တော် ယုံကြည်လိုက်ပါတယ်....။

ဆန်းကိုဦး

San Ko Oo

sankooo@gmail.com
This entry was posted on 10:17 PM and is filed under , , , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: