(ယခင် ပို့စ်မှ အဆက်)
သဟမ္ပတိဗြဟ္မာကြီး...မြတ်ဗုဒ္ဓအားရိုရိုသေသေ ရှိခိုးကန်တော့၍.. ဗြဟ္မာပြည်သို့ ပြန်လည်ကြွသွားပြီးတဲ့နောက်....
မြတ်ဗုဒ္ဓ တစ်ပါးတည်း အဇပါလ ညောင်ပင်အရိပ်တွင် ကျန်ရစ်ခဲ့ပြီ။ အဲဒီအချိန် မြတ်ဗုဒ္ဓသည် ဆင်ခြင်စဉ်းစားတော်မူလေပြီ။ တရားလက်ဦးဟောဖို့ရန်အတွက် ဖြစ်၏။ အဘယ်သူကို အရင်ဆုံး တရားဟောရမလဲ၊ အဘယ်သူသည် ငါဘုရားဟောမည့် တရားကို ပိုင်းပိုင်းခြားခြား သိနိုင်ပါမလဲ ဟု စိတ်အကြံတော် ဖြစ်လေ၏။ တရားဦးကို နာယူမည့် ကျွတ်ထိုက်မည့် တရားနာပရိသတ်အတွက် မြတ်ဗုဒ္ဓက..စဉ်းစားဆင်ခြင်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားဦးနဲ့ ပက်သက်လာလျင် အကြံဖြစ်ထိုက်သော ပုဂ္ဂိုလ် (၃)စုရှိ၏။..၎င်းတို့မှာ..

  1. အာဠာရရသေ့ကြီး
  2. ဥဒကရသေ့ကြီး
  3. ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါး

တို့ဖြစ်ကြ၏။ အာဠာရရသေ့ နှင့် ဥဒကရသေ့ တိုမှာ..မြတ်ဗုဒ္ဓအလောင်းတော် တောထွက်စဉ်အခါက..တရားဆွေးနွေးခဲ့ဖူးသော ရသေ့ကြီးများဖြစ်၏။ ပဉ္စ၀ဂ္ဂီ ရဟန်းတော် (၅)ပါးတို့မှာ..မြတ်ဗုဒ္ဓအလောင်းတော် ဒုက္ကရစရိယာအကျင့် ကျင့်စဉ်က..ရေပူ/ရေချမ်း ကမ်းလှမ်းခဲ့သော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူတို့ ဖြစ်ကြ၏။

ကာလမအမျိုးအနွယ် အာဠာရရသေ့ သည် ပညာရှိသည်။ လိမ္မာသည်။ ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန် နည်းပါးသော သူဖြစ်၏။ လျင်မြန်စွာ တရားထူးရနိုင်သောသူ ဖြစ်၏။ ကျွတ်ထိုက်သောသူများတွင် သူသည် ပထမဆုံး နေရာတွင်ရှိ၏။ ထို့ကြောင့် သူ့အား တရားဦး ဟောရန် ကောင်းပေစွ ဟု မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်လေ၏။ ထိုစိတ်အကြံသည် ပကတိ စိတ်ကူးပင်ဖြစ်၏။ ဥာဏ်ထူးဖြင့် ဆင်ခြင်ခြင်း မဟုတ်သေးပေ။ ထို့ကဲ့သို့ မြတ်ဗုဒ္ဓ စိတ်အကြံ တည်လိုက်ပြီးနောက်.... အနီးအနား၌ မထင်မရှား ကွယ်ပနေသော နတ်တစ်ဦးသည်..မြတ်ဗုဒ္ဓအား အခုလို..လျောက်တင်လေ၏။..

“ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား…
ကာလမအမျိုးအနွယ် အာဠာရရသေ့သည် ယနေ့မှ လွန်ခဲ့သော (၇)ရက်မြောက်နေ့တွင်....စုတိပျက်ကြွေ သေခဲ့လေပြီ” ဟု လျောက်တင်လေသည်။

နတ်၏အခုလို လျောက်တင်မှုပြီးသောသကာလ မြတ်ဗုဒ္ဓသည် ကိုယ်ပိုင်ဥာဏ်တော်ဖြင့် အာဠာရရဲ့ ဂတိကို စဉ်းစားဆင်ခြင်လိုက်သောအခါ..အမှန်ပင်.. အာဠာရသည် အတိတ် (၇)ရက်၌ ကွယ်လွန်ခဲ့ပြီး အာကိဉ္စညာယတန ဟူသော အရူပဘုံသို့ ရောက်ရှိနေလေပြီ။ ထိုသို့ သိမြင်ပြီးနောက် မြတ်ဗုဒ္ဓသည် ဆက်လက်ပြီး အခုလို..စိတ်အကြံဖြစ်တော်မူ၏။

“အာဠာရရသေ့ အဆုံးရှုံးကြီး ဆုံရှုံးခဲ့လေပြီ။”

ဟုတ်ပေ၏။ အာဠာရရသေ့ အလွဲကြီးလွဲခဲ့ပြီ။ အခွင့်အခါ ကောင်းကို လွဲချော်သွားခြင်းဖြစ်၏။ သူ၏ လွဲချော်မှုမှာ အသေစောသွားသောကြောင့်ဖြစ်ပေ၏။ တရား မဦးပဲ (၇)ရက် အသေဦးခဲ့သောကြောင့် ယခုတော့ မြတ်ဗုဒ္ဓ၏ တန်ဖိုးရှိလှသော ဓမ္မစကြာတရားဦးကို နာကြားခွင့်မရတော့ပြီ။
ထို့ကြောင့်လည်း မိုးကုတ်တရားစခန်း၏ နေ့စဉ်ဆောင်ပုဒ်အတိုင်း အသေမဦးခင် ဥာဏ်ဦးရန် အထူးလိုပေ၏။
အာဠာရရသေ့သည် ဥာဏ်ကောင်းသူဖြစ်၏။ မြတ်ဗုဒ္ဓ တရားဦး နာကြားလိုက်ရလျင် တရားကို သိမြင် အရဟတ္တမဂ်ဖိုလ်ဆိုက်ရောက်ပြီး ရဟန္တာအထိပင် ဖြစ်နိုင်၏။ ထိုသို့ ထူးချွန်သောသူ ဖြစ်ပါလျက် (၇)ရက် အသေ စောသွားသဖြင့် အဆုံးရှုံးကြီး ဆုံးရှုံးသွားခြင်းဖြစ်၏။ ထို့အပြင် အာဠာရရသေ့ ရောက်ရှိနေသော အာကိဉ္စညာယတန အရူပဘုံတွင် ရုပ်မရှိပေ။ စိတ်စေတသိက် နာမ်တရားသက်သက်သာ ရှိ၏။ ရုပ်မရှိသဖြင့် တရားနာရန် နား မရှိပေ။ ထိုဘုံ၌ သူနေရမည့် ကာလသည်လည်း အလွန်ကြာညောင်းပေဦးမည်။ ကမ္ဘာပေါင်း ခြောက်သောင်းထိပင်ဖြစ်၏။ ထိုဗြဟ္မာသက်တမ်း ကုန်ဆုံးပြီးသောအခါ လူ့ဘ၀ သို့ ပြန်လည်ရောက်နိုင်ပါသော်လည်း ပုထုဇဉ်အနေဖြင့်ပင် သံသရာထဲ ကျင်လည်ရပေဦးမည်။ အာဠာရရသေ့ ၏ ဆုံးရှုံးမှုက..ကြီးမားလွန်းလှသည်။ အာဠာရရသေ့အတွက် မြတ်ဗုဒ္ဓ စိတ်အကြံဖြစ်ပြီးနောက် …

ဥဒကရသေ့အတွက် မြတ်ဗုဒ္ဓသည် ပကတိစိတ်ဖြင့်ပင် ပထမအကြိမ် စိတ်အကြံဖြစ်လေ၏။
ရာမဆရာကြီး၏ သားတပည့် ဥဒကသည်လည်း ပညာရှိပေ၏။ လိမ္မာ၏။ တရားနာလိုက်ရလျင် လျင်မြန်စွာ သိမြင်မည့် ပုဂ္ဂိုလ်ပင်ဖြစ်၏။ ထို့ကြောင့် သူ့အား တရားဦးဟောရန် ကောင်းပေစွ ဟု.. မြတ်ဗုဒ္ဓ စိတ်အကြံတည်လေ၏။ ထိုအချိန် အနီးအနားမှပင် မထင်မရှားကွယ်ပနေသော နတ်တစ်ဦးမှ..

“ဘုန်းတော် နေ၀င်းထွန်းတောက်ပတော်မူသော မြတ်စွာဘုရား…
ရာမ၏ သားတပည့် ဥဒကသည်လည်းပဲ ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ” ဟု လျောက်တင်လေသည်။

မြတ်ဗုဒ္ဓလည်း ကိုယ်ပိုင်ဥာဏ်တော်ဖြင့် ဥဒက၏ဂတိကို ဆင်ခြင်လိုက်သောအခါ....မှန်ပေ၏။ ဥဒကလည်း ယမန်နေ့ သန်းခေါင်ယာမ်၌ ကွယ်လွန်ခဲ့လေပြီ။ ယခု သူရောက်ရှိနေသော ဘုံမှာ..နေ၀သညာနာယတနဘုံပင်ဖြစ်၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ဥဒကအတွက် ယခုကဲ့သို့ စိတ်အကြံဖြစ်လေ၏။

“ဥဒကရသေ့သည်လည်း အဆုံးရှုံးကြီး ဆုံးရှုံးခဲ့လေပြီ။”

မှန်ပေ၏။ ဥဒကရသေ့ လက်ရှိရောက်ဆဲ ဘုံမှာလည်း ရုပ်မရှိပေ။ ထိုဘုံ၌ သူသည် ကမ္ဘာပေါင်း (၈)သောင်း(၄)ထောင် ရှိနေရဦးမည်။ ရုပ်မရှိသဖြင့် တရားဦးနာရန် အခွင့်ထူးကို မရတော့ပေ။ သူသည်လည်း သစ္စာတရားနာလိုက်ရလျင် ရဟန္တာဖြစ်နိုင်သော သူဖြစ်ပေ၏။ ယခုတော့ ဥဒကရသေ့ စစ်မှန်သောတရားကို မနာလိုက်ရသဖြင့် ဆုံးရှုံးသွားခဲ့လေပြီ။
.....................
(ကျွန်တော့်အတွေး)
တရားနာရန်မှာ လွန်စွာအရေးကြီး၏။ မည်မျှပင် ထူးချွန်သူဖြစ်ပါစေ မြတ်ဗုဒ္ဓ၏ သစ္စာတရားတော်လေးကိုမှ မနာရလျင် ဒုက္ခသစ္စာ မငြိမ်းနိုင်ပေ။ ဒုက္ခသစ္စာမကင်းသေးသမျှတော့ ထပ်၍ ငိုနေရဦးမည် ပူဆွေးနေရဦးမည် သောကတွေဝေနေရဦးမည် ပူလောင်နေရဦးမည်…. ပြီးပြည့်စုံသော ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပေ။ မြတ်ဗုဒ္ဓ၏ ဓမ္မသည် လွန်စွာတန်ဖိုးကြီးမားလေ၏။ ကျေးဇူးကြီးမားလှ၏။ ရတနာသုံးပါးမှာ အကျွန်ုပ်တို့အတွက် လှည့်ပတ်ဆက်နွယ်၍ ကျေးဇူးပြုနေလေသည်။
မြတ်ဗုဒ္ဓဖော်ထုတ်ပေးမှုကြောင့် ရနိုင်ခဲ သိနိုင်ခဲသော ဓမ္မများ ပေါ်ထွက်လာ၏။ မြတ်ဗုဒ္ဓပေါ်ထွန်းလာခြင်းသည် ကျွန်ုပ်တို့အတွက် အလင်းရောင် ပေးမည့်ပုဂ္ဂိုလ် ပေါ်ထွန်းခြင်းပင်ဖြစ်ပေ၏။ ထိုအလင်းရောင်၏ အကျိုးကျေးဇူးသည် ကန့်သက်ချက်မရှိ။ ဘေးဥပဒ် မရှိ။ မမျှတမှု မရှိပေ။ ကန့်သက်ချက်ရှိနေခြင်းဆိုသည်မှာ အမှန်တော့ ကောင်းကျိုးဆိုးကျိုး ရောနေခြင်းဖြစ်၏။ ဘက်လိုက်မှုလည်း ပါနေပေမည်။ မြတ်ဗုဒ္ဓပေးသော အလင်းရောင်၌ ဆိုးကျိုးမရှိ။ ဘက်လိုက်မှုမရှိ။ ဘယ်အချိန်..ဘယ်နေရာ..ဘယ်လူမျိုးမဆို လွတ်လပ်စွာ သိရှိခွင့်ရှိ၏။ ပြည့်စုံမှုသာ ရှိ၏။ ထိုအလင်းရောင်မှာ ဓမ္မပင်ဖြစ်၏။ ဓမ္မကို သိသောကြောင့် ကံ ကံ၏အကျိုး ကုသိုလ် အကုသိုလ် ခွဲခြားနိုင်၏။ လိမ္မာစွာ နေထိုင်နိုင်၏။ လိမ္မာစွာ ပြောဆိုတတ်၏။ ဆောင်ရန် ရှောင်ရန်တို့ကို မှန်ကန်စွာ သိခွင့်ကြီးရပေ၏။ နိဗ္ဗာန်ရောက်ကြောင်းတရားနည်းလမ်းတို့ကိုပါ သိနေရ၏။ ထိုဓမ္မများကို နာခွင့်ရနေခြင်းမှာ အခွင့်ထူးဖြစ်၏။
ထိုတန်ဖိုးကြီးသော ဓမ္မတို့ကို မပျောက်အောင် ကာကွယ်ထိန်းသိမ်းထားဖို့ရာ လိုအပ်ပေ၏။ ကြာရှည်မတည်တံ့လျင် နောက်လူတို့မှာ ကံမကောင်းသူများ ဖြစ်ပေလိမ့်မည်။ ထို့သို့ ကာကွယ်ထိန်းသိမ်းပေးထားသော ပုဂ္ဂိုလ်များမှာလည်း အခြားမဟုတ်။ ရဟန်းတော်များပင် ဖြစ်၏။ သံဃာပင် ဖြစ်၏။ ကာကွယ်ထိန်းသိမ်းရာ၌လည်း မူရင်းအတိုင်းဖြစ်နေဖို့ရာ လိုပေ၏။ မူရင်းအတိုင်း ထိန်းသိမ်းထားမှုကို ထေရ၀ါဒဟု ခေါ်၏။ မြတ်ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါသော်လည်း ယခုချိန်ထိ သံဃာမှန်မရှိခဲ့လျင် ကျွန်ုပ်တို့ တရားကို နာယူလက်ခံခွင့် ဆုံးရှုံးလေမည်။ မြတ်ဗုဒ္ဓခေတ်က ပုဂ္ဂိုလ်များသာ တရားနာကြားခွင့်ရ၍ ကံကောင်းနေပေလိမ့်မည်။ ယခုတော့ သံဃာများရှိနေကြသေး၍ ကျွန်ုပ်တို့ပါ ဘုရားနှင့် ကြုံရသလိုပင် ကံကောင်းနေရ၏။ သံဃာသည်လည်း ကျေးဇူးကြီးမားလှပေ၏။

(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော်များအား လေ့လာမှတ်သားပြီး ရေးသားဖော်ပြထားသည်။
ဓမ္မစကြာတရားတော် အပိုင်း(၃) [mp3]- မင်းကွန်းဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော် [pdf] - မဟာစည်ဆရာတော်ဘုရားကြီး
This entry was posted on 6:10 PM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On March 16, 2022 at 12:21 AM , Unknown said...

Spades Plus Online - TrickToDo Forums
For now 우리 계열 you can play the game of Spades 1xbet online and compete with 민속촌 사이트 other Spades 토토 디스크 players. 동행복권 먹튀 Spades Plus was introduced on June 22, 2012.