ကိလေသာ သုံးမျိုး
12:54 AM | Author: sankooo
လူတို့သည် ဘာသာအယူဝါဒများကို ယုံကြည်ရာ ကိုးကွယ်ဆည်းကပ်ကြလေသည်။
..အဓိကမှာတော့..ဆင်းရဲငြိမ်းချင်၍ ဖြစ်၏။
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မဖြစ်ချင်ဘဲ.ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ချင်သောကြောင့် ဖြစ်၏။
ကိုယ်၊စိတ် ဆင်းရဲ ငြိမ်းချင်သော ရည်ရွယ်ချက်ဖြင့် ဆိုင်ရာဆိုင်ရာ ဘာသာအယူဝါဒများကို ကိုးကွယ်ယုံကြည်ကြသည်။ အားကိုးကြ၏။

ကိုယ်ဆင်းရဲမှု နှင့် စိတ်ဆင်းရဲမှု တွင်လည်း..
စိတ်ဆင်းရဲမှု ငြိမ်းဖို့က..ပဓာနကြ၏။
ကိုယ်ဆင်းရဲမှုဖြစ်သည်မှာ..စိတ်မချမ်းသာ စိတ်မသက်သာ စိတ်ထဲတွင် မခံသာ၍ ဖြစ်လာခြင်းသည် အကြောင်းရင်း ဖြစ်၏။

စိတ်ကို ပူလောင်အောင် မသက်သာအောင် ဖြစ်စေသော အရာများသည် စေတသိက်ဆိုးများပင် ဖြစ်၏။

စေတသိက်ဆိုသည်မှာ..စိတ်ကို ခြယ်လှယ်သောသဘောရှိ၏။
စိတ်ဆိုသည်မှာတော့ အာရုံကို သိရုံသာ သိတဲ့သဘော ရှိ၏။ အကောင်း အဆိုး မကွဲပြားသေးပေ။
စေတသိက်ဆိုးတွေ ခြယ်လှယ်သောအခါ စိတ်ဆိုးရယ်လို့ ဖြစ်လာတော့၏။

လိုချင်သော လောဘ..
ကြမ်းတမ်းသော ဒေါသ..
မဟုတ်တာတွေသိ၊ ဟုတ်တာတွေကိုမသိတတ်တဲ့ မောဟ တို့သည် စေတသိက်ဆိုးများပင် ဖြစ်ကြ၏။

လိုချင်မှုလေးဖြစ်သောအခါတွင်လည်း စိတ်ကို ပူလောင်စေ၏။
တယောက်ယောက်အပေါ်မှာ မကျေနပ် မုန်းတီးလိုက်သောအခါတွင်လည်း စိတ်ကို ပူလောင်စေ၏။
စိတ်ကို ဆင်းရဲစေတတ်သော အရာများပင်ဖြစ်၏။

မောဟသည်..အမှန်ကို အမှားဟုထင်သည်၊ ဟုတ်တာကို မဟုတ်ဟု ထင်သည်.အကောင်းကို အဆိုးဟုထင်သည်...ပြောင်းပြန်.တလွဲတွေချည်း သိနေတတ်ပါသည်..
အမှန်သဘာဝကို ပြောင်းပြန်ချည်းပဲ.သိနေသောမောဟကို အခြေခံတဲ့လုပ်ရပ်တို့သည် ဆင်းရဲကြောင်းတွေချည်းဖြစ်၏။

ထို့ကြောင့်
လောဘ ဒေါသ မောဟ တို့သည် ဆင်းရဲစေတဲ့စိတ်(စေတသိက်) နှိပ်စက်တဲ့စိတ်(စေတသိက်) တို့ဖြစ်၏။
ထိုအတူ ကိလေသာ..၁၄ပါးလုံးသည်...ဆင်းရဲစေတဲ့စိတ်(စေတသိက်) နှိပ်စက်တဲ့စိတ်(စေတသိက်) ညစ်နွမ်းစေတတ်တဲ့စိတ်...စိတ်ဆိုးစိတ်မိုက်တို့ဖြစ်၏။

ကိလေသာတွေ ရှိနေသမျှ စိတ်ဆင်းရဲနေမယ် စိတ်ပူလောင်နေမည်..
စိတ်ဆင်းရဲတော့ ကိုယ်ပါ ဆင်းရဲတော့၏။

ထို ကိလေသာတွေ ရှိနေသမျှ အပြစ်မကင်းတာများကို လုပ်မိသည်...အပြစ်မကင်းတာတွေလုပ်မိတော့ ဆင်းရဲ၏။

ကိလေသာ နည်းနည်းဖြစ်လျင် နည်းနည်းဆင်းရဲ၏..များများဖြစ်လျင် များများဆင်းရဲ၏။

ကိလေသာကို အဆင့်ခွဲလျင် သုံးမျိုး ရှိ၏...

  1. ကြမ်းတမ်းတဲ့အဆင့် ၀ီတိက္ကမကိလေသာ
  2. သာမာန်ကြမ်းတမ်းရုံမျှအဆင့် ပရိယုဋ္ဌာနကိလေသာ
  3. အနုညံ့ဆုံး အသိမ်မွေ့ဆုံးအဆင့် အနုသယကိလေသာ


ဝီတိက္ကမကိလေသာသည်..ကိုယ်၊ နှုတ် မှတဆင့် လွန်ကျူးမှု ဖြစ်စေတတ်သော ကိလေသာ ဖြစ်၏။
ပရိယုဋ္ဌာနကိလေသာဖြစ်သောအခါ...စိတ်ထဲတွင်ပင် လိုချင်မှု စိတ်ဆိုးမှု တပ်မက်မှု ဘ၀င်မြင့်မှုများ ဖြစ်နေလေသည်။ စိတ်ထဲမှာတင် ပူလောင် နေသောအဆင့် ဖြစ်၏။
အနုသယကိလေသာဆိုသည်မှာ သတ္တ၀ါတို့ သန္တာန်တွင် အမြဲ ကိန်းနေ ၀ပ်နေတဲ့ ကိလေသာဖြစ်၏။ အစဉ်တစိုက် ကိန်းနေ တည်နေသော ကိလေသာ ဖြစ်သည်။
အစ မထင် သံသရာမှ စ၍ ကိန်းနေ တည်နေသော ကိလေသာ ဖြစ်၏။

အနုသယကိလေသာကို ကိလေသာ မျိုးစေ့လို့လဲ ခေါ်၏။
အသိမ့်မွေ့ဆုံးကိလေသာ ဖြစ်သောကြောင့် ပယ်ပစ်ဖို့ရန် ခက်ခဲသော ကိလေသာဖြစ်လေသည်။

အနုသယကိလေသာကို မဂ်ဥာဏ်နဲ့ ပယ်နိုင်ပါမှ အမြစ်ပြတ် ပျောက်ကင်းနိုင်၏။
မဂ်ဥာဏ်နဲ့ မပယ်နိုင်သမျှ အစဉ်ကိန်းနေနိုင်သည်မှာ အနုသယကိလေသာ ပင်ဖြစ်ပေ၏။

မှတ်မိလွယ်ရန် ဆောင်ပုဒ်မှာ
လွန်ကျူး ထကြွ စဉ်ကိန်းက သုံးဝကိလေသာ။
ကိုယ် နှုတ် နှစ်ဝ လွန်ကျူးက ၀ီတိက္ကမကိလေသာ
စိတ်တွင်ထကြွဖြစ်ပေါ်က..ပရိယုဋ္ဌာနကိလေသာ
မဂ်မပယ်ရ စဉ်ကိန်းက အနုသယကိလေသာ
(ချမ်းမြေ့ဆရာတော်)


ထိုကိလေသာ သုံးမျိုးတို့ကို သီလ သမာဓိ ပညာ သိက္ခာသုံးပါးဖြင့် ဆိုင်ရာဆိုင်ရာ ပယ်ဖျောက်ရပေသည်။

သီလသည် ကိုယ် နှုတ် (၂)ပါးမှတဆင့် အပြစ်များကို မကျူးလွန်မိအောင် ထိန်းထားခြင်းဖြင့် ၀ီတိက္ကမကိလေသာကို ပယ်ဖျောက်သည်။
သမာဓိသည် စိတ်ကို တည်ကြည်စေခြင်းဖြင့် ပရိဋ္ဌာနကိလေသာကို ပယ်ဖျောက်သည်။
ပညာသည် စိတ်ကို အပြီးတိုင် သန့်ရှင်းစေခြင်းဖြင့် အနုသယကိလေသာကို ပယ်ပစ်နိုင်ပေသည်။

သီလစောင့်ခြင်း သမာဓိတည်အောင် အားထုတ်ခြင်း ၀ိပဿနာရှုမှတ်ခြင်း တို့သည်..ထိုကိလေသာ သုံးရပ်ကို ပယ်ဖျောက်ဖို့ဖြစ်ပါသည်။

ပညာတွင်လည်း (၂)မျိုးရှိ၏။

  1. ၀ိပဿနာပညာ
  2. မဂ် ဖိုလ် ပညာ ..တို့ ဖြစ်၏။


ဝိပဿနာပညာသည် ခန္ဓာ၏ သဘောမှန်ကို ဥာဏ်ဖြင့်သိမြင်ခြင်း ဖြစ်၏။ ခန္ဓာ၏ သဘောမှန်ဆိုသည်မှာ အနိစ္စ ဒုက္ခ အနတ္တ တို့ပင်ဖြစ်၏။ ခန္ဓာ၏ အရှိအတိုင်း သဘောကို အမှန်အတိုင်း ဥာဏ်ဖြင့်သိမြင်ခြင်းသည်ပင် ၀ိပဿနာပညာ ဖြစ်၏။
ငိပဿနာပညာကို လောကီပညာဟုလည်း ခေါ်၏။

မဂ် ဖိုလ် ပညာသည် မဂ် ဖိုလ်ရမှသာလျင် ရရှိနိုင်သော ပညာဖြစ်၏။
မဂ် ဖိုလ် ပညာသည် သစ္စာ(၄)ပါးကို အမှန်အတိုင်း သိ၏။

ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)
ဆင်းရဲကြောင်းအမှန်တရား (သမုဒယသစ္စာ)
ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား (နိရောဓသစ္စာ)
ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်း အမှန်တရား (မဂ္ဂသစ္စာ)
ထိုသစ္စာလေးတို့ကို မဂ်ပညာသည် မှန်မှန်ကန်ကန် သိလေတော့၏။
ထိုပညာကို လောကုတ္တရာပညာဟုလည်း ခေါ်၏။

ပညာ(၂)မျိုးရှိသလို အနုသယကိလေသာသည်လည်း (၂)မျိုးရှိလေ၏။

  1. အာရမ္မဏာနုသယ နှင့်
  2. သန္တာနာနုသယ တို့ဖြစ်လေသည်။


အာရုံကို အကြောင်းပြုပြီး ၀င်လာ တည်လာ ကိန်းလာ ရှိလာနိုင်သော ကိလေသာကို အာရမ္မဏာနုသယ ကိလေသာဟု ခေါ်၏။
အာရုံတခုခုကို စိတ်ထဲတွင် ကြိုက်မိ ချစ်မိလိုက်လျင် ပရိဋ္ဌာနကိလေသာ ဖြစ်လေသည်။
ထို့နောက် နောင်တချိန်ချိန်ကျတော့ ပြန်လည်၍ အမှတ်ရ တမ်းတလိုချင်နေမိတော့၏။ အဘယ်ကြောင့်ဆိုသော် ထိုအာရုံကို ချစ်မိ ကြိုက်မိ၍ စိတ်ထဲ ပရိဋ္ဌာနကိလေသာဖြစ်လိုက်စဉ်ကပင်...အာရမ္မဏာနုသယကိလေသာပါ ၀င်လာ တည်ရှိလာသောကြောင့် ဖြစ်၏။ ထို့ကြောင့် ပြန်လည်၍ အမှတ်ရ လိုချင်နေမိလေသည်။
ထိုသို့ အာရုံအကြောင်းပြု၍ ၀င်လာ ကိန်းလာနိုင်သော ကိလေသာသည် အာရမ္မဏာနုသယကိလေသာပင်ဖြစ်၏။

ခန္ဓာအစဉ်တွင် အမြဲကိန်းနေသော ကိလေသာကို သန္တာနာနုသယကိလေသာဟု ခေါ်လေ၏။

ပညာ(၂)ရပ်ဖြင့် ထိုကိလေသာ (၂)မျိုးကို ပိုင်ပိုင်နိုင်နိုင် ပယ်နိုင်လေသည်။
ဝိပဿနာပညာသည် အာရမ္မဏာနုသယကိလေသာကို ပယ်နိုင်လေသည်။
မဂ်ပညာသည် သန္တာနာနုသယကိလေသာကို အပြီး ပယ်နိုင်၏။

ဗုဒ္ဓဘာသာတို့၏ တရားအားထုတ်ခြင်း ရည်ရွယ်ချက်မှာ ကိလေသာအမျိုးမျိုးတို့ကို ပယ်ပစ်ဖို့ပင်ဖြစ်၏။
ကိလေသာ အမျိုးဖြုတ်ဖို့ရန်ဖြစ်၏။ ကိလေသာ အမျိုးဖြုတ်ခြင်းလုပ်ငန်းသည်ပင် စိတ်ကို သန့်ရှင်းအောင် ပြုလုပ်ခြင်းဖြစ်၏။

စိတ်သန့်ရှင်းသူဖြစ်ပါမှလည်း အမှန်တကယ် အောင်နိုင်သူဖြစ်လေသည်။
စိတ်သန့်ရှင်းအောင် ရည်ရွယ်သော နည်းလမ်းသည်ပင် ဓမ္မ ဖြစ်ပေသည်။
ထို့ကဲသို့သော ဓမ္မကို ညွှန်ပြပေးနိုင်သောသူမှာလည်း မြတ်ဗုဒ္ဓပင် ဖြစ်လေသည်။

အောက်ပါတရားတော်မှ ကောက်နုတ်ရေးသားထားပါသည်....

သိက္ခာသုံးပါးဖြင့် ကိလေသာ သုံးပါးကို ပယ်ပုံ - အရှင်ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်ဘုရားကြီး)
This entry was posted on 12:54 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: