dukkaracariya
[ pic source: စာမျက်နှာ ၆၁၊ ဂန္ဓာရသို့ခရီးတစ်ခေါက် - ဒေါက်တာအရှင်ဥာဏိဿရ ]
(အထက်ပါ ကျောက်ဆစ်ဆင်းတုတော်မှာ အထင်ရှားဆုံး ဘုရားအလောင်းတော်မြတ်၏ ဒုက္ကရစရိယာကျင့်တော်မူခြင်း ပုံတော်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် တည်ရှိသည်။ )

အရှင်ဇနကာဘိဝံသ ၏ ဘာသာသွေး စာအုပ်လေးမှ ဘုရားအလောင်းတော်မြတ်ရဲ့ ဒုက္ကရစရိယာကျင့်တော်မူခြင်း ကို ဖတ်ပြီး မြတ်ဗုဒ္ဓအား ပို၍ပို၍ ပင် ကြည်ညိုရပါသည်။ သဒ္ဓါတရား ယုံကြည်မှုများ ကျွန်တော် တိုးပွားမိပါသည်။ မိတ်ဆွေအပေါင်းတို့လည်း ဗုဒ္ဓရှင်တော်ရဲ့..ကြိုးစားအားထုတ်ခဲ့မှုများကို အမှတ်ရပြီး ကြည်ညိုနိုင်အောင် ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါသည်။ ထို ဒုက္ကရစရိယာကျင့်တော်မူခြင်းကိုဖတ်ခြင်းဖြင့်.. မြတ်ဗုဒ္ဓရဲ့ ကျွန်တော်တို့ အပေါ်၌ထားရှိခဲ့သော..စေတနာများကို ထင်ရှားစွာ သိနိုင်ပါသည်။ အမှန်တရားသစ္စာတရားမြတ်များကို ဟောပြောလိုသော.. သတ္တ၀ါဝေနေယျတို့အား.သိစေချင်သော..ဆန္ဒကြီးများသည် အလွန်ပင်ကြည်ညိုလေးစားဖွယ်ကောင်းပါတယ်။

သစ္စာလေးပါး = သနန္တရ (ထာဝစဉ်တည်ရှိနေသော ဓမ္မ)



[ဆရာကြီးဦးရွှေအောင် ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း စာ-၁၁]
သစ္စာလေးပါးမြတ်တရားများသည် ဘုရားမပွင့်သော်လည်းပဲ အစကတည်းက ရှိပြီးသားဖြစ်ပါသည်။ မြတ်ဗုဒ္ဓအလောင်းတော်မြတ် ထိုကဲ့သို့ ကြိုးစားအားမထုတ်ခဲ့လျှင် ကျွန်တော်တို့သည် ထိုတရားမြတ်များကို ဘယ်လိုမှမသိနိုင်ပေ အဘယ်သူမှ သင်မပြနိုင်ပါ ။ ထိုတရားမြတ်များ လုံးဝပင်မရှိဘူးဟု မှတ်ယူထားကြပါလိမ့်သည်။ မြတ်ဗုဒ္ဓသည် ထိုရှိနေပြီးသား အမှန်တရားမြတ်များကို သိသာအောင် ဖော်ဆောင်ပေးခဲ့သည်။ ဆရာကြီးဦးရွှေအောင်အဆိုပါစာအုပ်ထဲ၌ပင် မြတ်ဗုဒ္ဓဆိုသည်မှာ ၀ါဒအဟောင်းကို ဖော်ထုတ်သူ ဟုဖော်ပြထားသည်။ ထိုသစ္စာလေးပါးတရားများကို သတ္တ၀ါဝေနေယျတို့အား သိရှိစေရန် နာကြားခွင့်ရစေရန် ကျင့်သုံးခွင့်ရစေရန် အမှန်ပင်အေးမျှသောနိဗ္ဗာန်ပြည်သို့မျက်မောက်ပြုနိုင်ကြရန်…ဆောင်ကြဉ်းပေးနိုင်သော ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓသာလျှင်ဖြစ်ပေသည်။ ထိုကဲ့သို့ ဆောင်ကြဉ်းပေးနိုင်ရန် ဘုရားအလောင်းတော်သည်..အပင်ပန်းခံ အဆင်းရဲခံပြီး အောက်ပါအတိုင်း..ဒုက္ကရစရိယာကျင့်တော်မူခဲ့သည်။


အရှင်ဇနကာဘိဝံသ၏ ဘာသာသွေးစာအုပ် စာမျက်နှာ ၁၃ မှ ဖော်ပြခြင်းဖြစ်ပါသည်။
...................
ဘုရားအလောင်းတော်သည် အလွန် မကြာသေးသော ရက်အတွင်းက ကပ္ပိလ၀တ်နေပြည် နွေရာသီ စံနန်းတော်၌ အခြွေအရံများစွာ၏အပြုအစု အယုအယ အဖြေအဖျော် ကိုခံယူကာသလေးဆန်မွှေးကိုသာ သုံးဆောင်တော်မူလျက် အသက်သာဆုံး အချမ်းသာဆုံး ခံစားခဲ့လေသည်။ ယခုအခါ တောအုပ်အလယ် သစ်ရွက်မိုးသစ်ရွက်ကာ ကျောင်းသင်္ခမ်းကလေးဝယ် ရတတ်သမျှ မျှတကာ ဆွမ်းအာဟာရဖြင့် အဆင်းရဲဆုံးဒုက္ကရစရိယာအကျင့်ကိုကျင့်တော်မူပါတော့မည်။
ဒုက္ကရ = သာမန်လူတို့မပြုနိုင် မကျင့်နိုင်လောက်အောင်ခဲယဉ်းလှသော
စရိယာ = အကျင့်
ထိုဒုက္ကရစရိယာကျင့်တော်မူပုံကိုမူလပဏ္ဏာသသစ္စကသုတ်စသည်မှာလာသည့်အတိုင်းပြပါမည်။
(၁) ဘုရားအလောင်းသည် “ကောင်းသော (ကုသိုလ်)စိတ်ဖြင့် မကောင်းသော(အကုသိုလ်)စိတ်ကို နှိပ်စက်အံ့” ဟုကြံတော်မူပြီးလျှင် အံကြိတ်၍ တောက်ခေါက်၍ မကောင်းစိတ်မဖြစ်နိုင်အောင် စိတ်ကိုနှိပ်စက်ပေး၏။ ထိုအခါ ချိုင်းကြားမှ ချွေးများယိုကျလာ၏။
ဥပမာ- အားကောင်းသော ယောကျာ်းတစ်ယောက်က အားနည်းသော ယောကျာ်းတစ်ယောက်ကို ဦးခေါင်းကိုင်၍ ဖြစ်စေ ပခုံးကိုင်၍ဖြစ်စေ ဖိနှိပ်သောအခါ ချိုင်းကြားမှ ချွေးယိုလာသကဲ့သို့တည်း၊ ထိုအခါ၌ လုံ့လ၀ီရိယလည်း အလွန်ကောင်း၏၊ သတိလည်း အလွန်စွဲမြဲ၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံးကို ထိုးဆွသကဲ့သို့ဖြစ်နေသောကြောင့် တစ်ကိုယ်လုံးပူရှိန်ကာ ငြိမ်းအေးမှုကို မရပါချေ။ ထိုမျှလောက် တစ်ကိုယ်လုံး ဒုက္ခ ဖြစ်နေသော်လည်း အားထုတ်လိုသော စိတ်ကား ကုန်ခမ်း၍ မသွားပါ။

(၂) ဘုရားအလောင်းတော်သည် “အပါနကဈာန်ကို ဖြစ်စေအံ့” ဟုကြံတော်မူ၍က မလျော့သော လုံ့လဖြင့် ထွက်သက် ၀င်သက်တို့ကို ပါးစပ် နှာခေါင်းတို့မှ မထွက်မ၀င်နိုင်အောင် ချုပ်တည်းထားလေသည်။ (အသက်မရှူ မရှိုက်ဘဲ နေခြင်းကိုပင် “အပါနကဈာန်(အရှူအရှိုက်မရှိသောဈာန်)” ဟုခေါ်၏။) ထိုသို့ မရှူမရှိုက်ဘဲချုပ်တည်းထားသောအခါ လေတို့သည် နားပေါက်တို့မှ ထွက်ကုန်၏၊ ထိုလေထွက်သံသည် ပန်းပဲသမားတို့၏ ဖားဖိုမှ လေထွက်သလောက်ပင် ပြင်းထန်လှ၏။ ထိုအချိန်မှာ လုံ့လ၀ရီယလည်း အလွန်အားကောင်း၏။ သတိလည်း အလွန်စွဲမြဲ၏။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှုကို မရပါချေ။ ထိုမျှလောက် တစ်ကိုယ်လုံး ဒုက္ခဖြစ်နေသော်လည်း အားထုတ်လိုသော စိတ်ဆန္ဒကား ကုန်ခမ်း၍ မသွားပါ။

(၃) ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့” ဟုကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ၀င်သက် တို့ကို ပါးစပ် နှာခေါင်း နားပေါက်တို့မှ မ၀င်မထွက်နိုင်အောင်ချုပ်တည်း၍ ထားပြန်၏။ ထို့သို့မရှူမရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ အလွန်ပြင်းထန်သော လေတို့သည်ဦးခေါင်းသို့တက်၍ တိုးဝှေ့ကုန်၏။ ထို့သို့လေတို့၏ တိုးဝှေ့ပုံမှာ အားကောင်းသော ယောကျာ်းကထက်စွာသော စူးဖြင့် ဦးထိပ်၌ မွှေနေသကဲ့သို့ ဖြစ်လေသည်။ ထို့သို့ဖြစ်သော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏။ သတိလည်း အလွန်စွဲမြဲ၏။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံးထိုးစွသကဲ့သို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ။ ဤမျှလောက် ကိုယ်ဆင်းရဲမှု ဖြစ်ပါသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကားကုန်ခန်း၍ မသွားပါ။

(၄) ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင်ထပ်မံ၍ ဖြစ်စေအံ့” ဟုကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက်ဝင်သက်ကို ပါးစပ် နှာခေါင်း နားပေါက်တို့မှ မ၀င်မထွက်နိုင်အောင် ချုပ်တည်း၍ထားပြန်၏။ ထို့သို့မရှူမရှိုက်ဘဲ ချုပ်တည်း၍ ထားသော အခါ အလွန်ပြင်းထန်သော ခေါင်းကိုက်ဝေဒနာတို့သည် ပေါ်လာကုန်၏။ ထိုခေါင်းကိုက်ဝေဒနာ၏ ပြင်းထန်ပုံမှာ အားကောင်းသော ယောက်ျားတစ်ယောက်က သားရေကြိုးဖြင့် ဦးခေါင်းကို ရစ်ပတ်၍ တင်းကြပ်စွာ စည်းထားသကဲ့သို့ ထင်ရလေသည်။ ထို့သို့ ဖြစ်သော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏။ သတိလည်း အလွန်ကောင်း၏။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံးထိုးစွ သကဲ့သို ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ။ ဤမျှလောက် ကိုယ်ဆင်းရဲမှု ဖြစ်ပါသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား ကုန်ခန်း၍ မသွားပါ။

(၅) ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့” ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ၀င်သက်ကို ပါးစပ် နှာခေါင်း နားပေါက်တို့မှ မ၀င်မထွက်နိုင်အော်င ချုပ်တည်း၍ ထားပြန်၏။ ထိုသို့ မရှူမရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ အလွန်ပြင်းထန်သော လေတို့သည် ၀မ်းဗိုက်ကိုဖြတ်တောက် သကဲ့သို့ ထိုးကျင်ကုန်၏။ ဥပမာ- ကျွမ်းကျင်သေ နွားသတ်သမားက သို့မဟုတ် နွားသတ်သမား၏ လက်ထောက်တပည့်ကြီးက ထက်စွာသော နွားသတ်ဓားဖြင့် ဗိုက်ကို ဖြတ်လှီးလိုက်သကဲ့သို့ ကျင်နာလေသည်။ ထိုသို့ ဖြစ်စေသော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏။ သတိလည်း အလွန်ကောင်း၏။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွထားသကဲ့သို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှု မရပါချေ။ ဤမျှလောက် ခန္ဓာကိုယ် ဒုက္ခရောက်နေသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကားကုန်ခန်း၍ မသွားပါ။

(၆) ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့” ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက်ဝင်သက်တို့ကို ပါးစပ် နှာခေါင်း နားပေါကတို့မှ မ၀င်မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏။ ထို့သို့ မရှူမရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ပူလောင်လာလေသည်။ ဥပမာ- အားကြီးသော ယောက်ျား နှစ်ယောက်တို့က အားနည်းသော ယောက်ျားတစ်ယောက်ကို လက်မောင်းနှစ်ဖက်ကိုင်၍ မီးကျီးအစု၌ ကျက်နေအောင် ကင်သောအခါ ဖြစ်ပေါ်၍လာသော ကိုယ်ပူကဲ့သို့ ဖြစ်လေသည်။ ထို့သို့ ဖြစ်သော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏။ သတိလည်း အလွန်ကောင်း၏။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးဆွသကဲ့သို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံးး ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ။ ဤမျှလောက် ခန္ဓာကိုယ် ဒုက္ခရောက်နေသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား ကုန်ခန်း၍ မသွားပါ။

ထို့ကဲ့သို့ ခန္ဓာကိုယ်၌ ပြင်းပြသောအပူဖြစ်လောသောအခါ မိုက်ကနဲဖြစ်၍ စင်္ကြံသွားရာမှ ထိုင်လျက် လဲကျသွားလေသည်။ ထို့သို့ ထိုင်လျက်နေပုံကို မြင်ကြရ သော အနီးအပါးက နတ်တို့သည် ထင်မြင်ချက် အမျိုးမျိုးဖြင့်ပြောဆိုကြကုန်၏။ တချို့နတ်များက
“ကာလင်္ကတော သမဏော ဂေါတမော- ရဟန်းဂေါတမ သေပြီ” ဟု ပြောကြ၏။
တချို့နတ်များကား
“န ကာလင်္ကတော သမဏော ဂေါတမော- ရဟန်းဂေါတမသည် သေ၍ မပြီးသေး၊ အပိ စ ကာလံ ကရောတိ-သေနေတုန်း ရှိသေတယ်”ဟု ပြောကြ၏၊
တချို့နတ်များကမူ
“န ကာလင်္ကတော သမဏော ဂေါတမော နာပိ ကာလံ ကရောတိ- ရဟန်းဂေါတမသည် သေပြီးလည်း မဟုတ် သေနေတာလည်း မဟုတ်၊ အရဟံ သမဏော ဂေါတမော-ရဟန်းဂေါတမသည် ရဟန္တာဖြစ်ပြီ၊ ၀ိဟာရောတွေဝသော အရဟတော- ဒီနေပုံမျိုးဟာ ရဟန္တာ၏ နေပုံသာ ဖြစ်သည်” ဟု ပြောကြလေသည်၊ ထို့သို့ ပြောသူတို့တွင် သေပြီဟု ထင်နေသောနတ်က သုဒ္ဓေါဒနမင်းထံသွား၍ အသင်မင်း၏ သားတော် တရားအားထုတ်ရင်း သေပြီ” ဟုပြောသည်။ သုဒ္ဓေါဒန မင်းက “ဗုဒ္ဓဖြစ်ပြီးမှ သေတာလား မဖြစ်ဘဲ သေတာလား” ဟု ပြန်၍ မေးလျှင် “ဗုဒ္ဓမဖြစ်ဘဲသေတာ” ဟု နတ်က ပြော၏။ “ဗုဒ္ဓမဖြစ်သေးလျှင် သေတယ်ဆိုတာ မယုံဘူး” ဟု ပြောလိုက်လေသည်။
ပြန်၍ သတိရလာသောအခါ “အစာ မစားဘဲ ကျင့်အံ့” ဟု အကြံဖြစ်တော်မူ၏။ ထိုအခါ နတ်တို့က “အစာအာဟာရကို လုံးလုံးမစားဘဲ ဖြတ်ထားလျှင် မွှေးညှင်းပေါက်တို့မှ နတ်ဩဇာ သွင်းပေးမည်” ဟု ပြောကြသောကြောင့် လုံးလုံး အစာမဖြတ်ဘဲ နည်းနည်း စားတော်မူ၏။ ပဲနောက် ပဲပိစပ် ပဲလွန်း ပဲကြီးတို့၏ အနှစ်ရည်ကိုသာ တစ်လက်ခုပ်လောက် သောက်တော်မူ၏။ ထိုအခါ၌ အလွန် ပိန်ချုံးသွားလေ၏။ အလွန် ပင်ပန်းနွမ်းနယ်၏……။
..............................

အထက်ပါ စာစုမှာ မြတ်ဗုဒ္ဓအလောင်းတော် ဒုက္ကစရိယာကျင့်ကို ကျင့်တော်မူခဲ့သောအခါက.ကြိုးပမ်းအားထုတ်မှုများဖြစ်ပါသည်။မိတ်ဆွေအပေါင်းတို့လည်း ဗုဒ္ဓရှင်တော်ရဲ့..ကြိုးစားအားထုတ်ခဲ့မှုများကို အမှတ်ရပြီး ကြည်ညိုနိုင်အောင် ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါသည်။

This entry was posted on 3:45 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: