ashinnyanissara-pilgrimagetogandharaorpakistan-214x3001
ပါကစ္စတန်နိုင်ငံ၊ ပက်ရှဝါပြတိုက်ရှိ ဗုဒ္ဓဆင်းတုတော်
[pic source: စာမျက်နှာ ၄၁၊ အရှင်ဥာဏိဿရ-ဂန္ဓာရသို့ခရီးတစ်ခေါက်]

ဥရုဝေဠတော၌ ဘုရားလောင်းတော်သည် ဒုက္ကရစရိယာအကျင့် (superhuman effort) ကို ခြောက်နှစ်နီးနီးကျင့်ခဲ့သည်။ ထိုစဉ်က ကျင့်ခဲ့သော အကျင့်ကိုပင် အနသန၀တ္တ အကျင့်ဟုခေါ်သည်။
(အန်=မ ၊ အသန=မစားခြင်း ၊ ၀တ္တ=အကျင့်) (ဦးရွှေအောင်-ဗုဒ္ဓသို့အနှိုင်းမဲ့ စာ-၁၆)
သို့ပေမယ့် တရားထူးကို မရသေးပေ။ အလွန်အင်မတန်လည်း ပင်ပန်းဆင်းရဲခဲ့ပြီ။ (လောကတွင် မည်သူပဲဖြစ်ဖြစ် ဇွဲကြီးသည် ဆန္ဒပြင်းပြသည် ပြင်းထန်စွာ ကြိုးစားသည်ဆိုဦးတော့ ဘုရားအလောင်းတော်၏ ကြိုးစားအားထုတ်မှု လုံ့လ ၀ီရိယတို့ကိုကား တစ်ဦးတစ်ယောက်တစ်ပါးလေမျှ မယှဉ်နိုင်ပေ။) ဒုက္ကရစရိယာကျင့်စဉ်အတွင်း ဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်ကြီးနှင့်ဝေးနေခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော် သည် အောက်ပါအတိုင်း ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။



  • အတိတ်ရှေးက ရသေ့ (သို့)ပုဏ္ဏားတို့သည်လည်း ယခု ငါခံစားရသလို ပြင်းပြင်းထန်ထန် ကျင့်နိုင်မည် မဟုတ်

  • လက်ရှိ ကျင့်နေသူတို့သည်လည်း ငါ့ထက်ပို၍ ကျင့်နိုင်မည် မဟုတ်

  • နောင်အနာဂတ်တွင်လည်း ယခုငါကျင့်သလောက် ကျင့်နိုင်ကြလိမ့်မည် မဟုတ်


ဤအကျင့်ဖြင့် ဗုဒ္ဓအဖြစ်သို့ ရောက်နိုင်လိမ့်မည် မဟုတ်၊ လမ်းမှားသာ ဖြစ်လိမ့်မည်ဟု ကိုယ်တော်တိုင် ဆင်ခြင်စဉ်းစားတော်မူခဲ့သည်။
တကယ်တော့ ဘုရားအလောင်းတော်သည် ဟိုးငယ်စဉ်ကလေးဘ၀ကပင် ပထမဈာန်ကို ရရှိပြီးသားဖြစ်သည်။
ယခု ထိုဈာန်၏ချမ်းသာပုံကို ပြန်လည် အမှတ်ရလေပြီ။ ထိုအချိန်က ကျင့်ခဲ့ဖူးသော အကျင့်သည်သာ ဗုဒ္ဓအဖြစ်သို့ရောက်ဖို့ရန် လမ်းမှန်ဖြစ်တန်ရာ၏ ဟု အသိဥာဏ်ပေါ်ခဲ့သည်။
ထို့နောက် ဘုရားအလောင်းတော်သည် ပထမဈာန်ကို ပြန်လည် ရရှိအောင်အားထုတ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
သို့ပေမယ့် ခန္ဓာကိုယ်တော်မှာ အစာအာဟာရမမှီဝဲဘဲ ကျင့်ခဲ့ခြင်းကြောင့် အားအင်ပြတ်နေလေသည်။ ထို့ကြောင့် ဘုရားအလောင်းတော်သည် ဆွမ်းအာဟာရကို ပြန်လည် စားသောက်တော်မူခဲ့သည်။
ပဉ္စ၀ဂ္ဂီရသေ့ငါးဦးတို့လည်း ဘုရားအလောင်းတော်အား ဘုရားဖြစ်မည်ဟု မျှော်လင့်ချက်မထားတော့ဘဲ တန်ခူးလကွယ်နေ့လောက်တွင် မိဂဒါဝုန်တောသို့ ရွှေ့ပြောင်းသွားကြလေပြီ။

မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့သို့ရောက်သောအခါ…

ဘုရားအလောင်းတော်သည် သေနာနိဂုံး၌ ဆွမ်းခံဝင်ပြီး.. ဃနာနို့ဆွမ်းကို ဘုန်းပေးတော်မူ၏။
(လက်ဖြင့်ကိုင်၍ရလောက်အောင် ပျစ်သောနို့ဆွမ်းကို ဃနာနို့ဆွမ်းဟုခေါ်သည်)။ ထို့နောက် နေရဉ္ဇရာမြစ်၌ ရေသုံးသပ်တော်မူပြီး ထိုမြစ်အနီးတောဝယ် နေ့အခါ၌ တရားအားထုတ်တော်မူလေသည်။
ထိုအချိန်အလောင်းတော်တရားအားထုတ်လိုက်သောအခါ ဘုရားအလောင်းတော်သည်..
ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် တို့ကို အသီးသီး ရတော်မူသည်။ (ဘာသာသွေး စာ-၂၃) ထိုသို့အားထုတ်တော်မူစဉ် စိတ်တော်တွင် တဏှာလောဘစိတ်များ ကင်းကွာနေ၏။ ဒေါသ မောဟ စိတ်များလည်း ကင်းကွာနေ၏။ အညစ်အကြေးများကင်းကွာ၍ ကြည်လင်နေသည်။ သမာဓိကလည်း ပို၍ပင် အားကောင်းလာလေသည်။ ရှေးကကျင့်စဉ်(ဒုက္ကရစရိယာအကျင့်)အခါက.. ဘုရားအလောင်းတော်သည် အလွန်ပင် ပန်းပင်ဆင်းရဲခဲ့ရသော်လည်း ယခုအခါ ချမ်းသာမှုကို ရရှိပြီ၊ ဥာဏ်တော်မှာလည်း ပို၍ပင် အားကောင်းလာသည်။

ညနေချိန်သို့ရောက်မှ ဗောဓိညောင်ပင်ရှိရာသို့ကြွတော်မူပြီး ညောင်ပင်ရင်း၌ ထိုင်တော်မူကာ..အခုလို ဓိဋ္ဌာန်တော်မူပါသည်.

“အရိုးအကြောအရေမျှသာကျန်၍ အသားအသွေးတွေ ခြောက်သွားတန်လျှင် သွားပေစေတော့၊ ဗုဒ္ဓအဖြစ် မရောက်သမျှ ဤထိုင်နေခြင်းမှ မထတော့အံ့”



ဟု အဓိဋ္ဌာန်တော်မူလေသည်။(စာမျက်နှာ ၁၀၁၊ အနာဂတ်သာသနာရေး)
ထို့နောက် ဆက်လက်၍ ကြိုးစားအားထုတ်တော်မူသောအခါ….

  • ညဥ့်၏ ပထမယံ(ညဥ့်ဆယ်နာရီအတွင်း) တွင် ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ကိုရတော်မူသည်။
    ပုဗ္ဗေနိဝါသဥာဏ် [ရှေးရှေးကမ္ဘာများစွာတို့၌ ဖြစ်ခဲ့ပျက်ခဲ့နေထိုင်တွေ့ကြုံရသော အကြောင်းအရာတို့ကိုကောင်းစွာ သိနိုင်မြင်နိုင်သော အသိဥာဏ်]

  • ညဥ့်၏ ဒုတိယယံ(သန်းခေါင်ကျော် ၁ချက်၊ ၂ချက် အတွင်း) တွင် ဒိဗ္ဗစက္ခုဥာဏ်တော် ကိုရတော်မူပြန်သည်။
    ဒိဗ္ဗစက္ခုဥာဏ် [သတ္တ၀ါအားလုံး အောက်တန်းရောက်နေသူ အထက်တန်းကျနေသူ သုခရနေသူ ဒုက္ခရောက်နေသူ တို့ကို မြင်တော်မူနိုင်သောဥာဏ်]

  • ညဥ့်၏ တတိယယံတွင်…
    ရုပ်တရား နာမ်တရားစုများအပေါ်အတွင် အနစ္စ၊ ဒုက္ခ ၊ အနတ္တ ဟူသော လက္ခဏာကြီးသုံးရပ်တင်တော်မူ၍ ၀ိပဿနာဥာဏ်များ အဆင့်ဆင့် ဖြစ်နေလေရာ ရုပ်နာမ်ခန္ဓာတို့အပေါ်တွင် ငြီးငွေ့စရာ ကြောက်စရာနှင့်အပြစ်များကို မြင်နေလေသည်။ ထို့နောက် ရုပ်နာမ်ခန္ဓာတို့ကို အာရုံမပြုတော့ဘဲ နိစ္စသုခဓာတ်ကို ရှာဖွေလေတော့သည်။ အလောင်းတော်၏စိတ်တော်သည် ကိလေသာဓာတ်ခိုးဓာတ်ငွေ့များ အလွန်ပင်ရှင်းလင်းလာသည်။ တဆက်တည်းပင် နိစ္စသုခဖြစ်သော နိဗ္ဗာန်ကို ထပ်၍ထပ်၍မြင်နိုင်သော ဥာဏ်များပေါ်လာသည်။ စိတ်အစဉ်ကား အေး၍ အေး၍ သွားလေတော့၏။ ကိလေသာ အနောက်အကျူတို့ တိုး၍ တိုး၍ ကုန်ခန်းသွားလေတော့သည်။ နောက်ဆုံးတွင် အာသ၀က္ခဥာဏ်တော်ကြီးကို ရတော်မူလေသည်။


အာသ၀=စိမ်ရည်အရက်
လောဘ၊ ဒိဋ္ဌိ ၊မောဟတို့သည်လည်း စိမ်ရည်အရက်နှင့်တူသောကြောင့် အာသ၀=အာသဝေါတရား ဟုခေါ်ပါသည်။
အာသ၀က္ခဥာဏ်(အာသဝေါတရားတို့၏ကုန်ကြောင်းဥာဏ်တော်)
အာသ၀က္ခဥာဏ် = အရဟတ္တမဂ်ဥာဏ် (စာမျက်နှာ-၂၇၊ ဘာသာသွေး)
ထိုဥာဏ်တော်ကြီးကို ရတော်မူသောအခါ ကိလေသာ အနောက်အကျူ အပူ အခိုးအငွေ့ဟူသမျှ လုံးဝကင်းစင်၍ စိတ်အစဉ်သည် သန့်ရှင်းဆုံးဖြစ်နေလေသည်။ ထိုမှတဆက်တည်း ဘာမဆိုသိတော်မူနိုင်သော သဗ္ဗညုတဥာဏ်တော်ကြီးကို ရတော်မူလေသည်။ မြတ်ဗုဒ္ဓအဖြစ်သို့ရောက်တော်မူလေပြီ။ ထိုဥာဏ်တော်ကြီး၏အစွမ်းသုံးရပ်မှာ…

  1. သိရန်မှန်သမျှအားလုံးကို အကုန်အစင်သိတော်မူခြင်း

  2. သိအပ်ပြီးသောတရားတိုင်း၏ ဟောနည်းအမျိုးမျိုးကို သိတော်မူခြင်း

  3. သံသရာဝဋ်ဒုက္ခမှ ကျွတ်ထိုက်သော သတ္တ၀ါတို့၏ သဒ္ဓါပညာစသော ရှေးက ပါလာသော ဣနြေ္ဒအနုအရင့်ကိုလည်းကောင်း၊ ရာဂ ဒေါသ မောဟ သဒ္ဓါပညာစသော ယခုဘ၀၌ အဖြစ်များသော စရိုက်အမျိုးမျိုးကိုလည်းကောင်း သိမြင်တော်မူခြင်း


ထိုဥာဏ်တော်ရရှိခြင်းကြောင့်ဘုရားအလောင်းတော်သည် ဗုဒ္ဓ-သမ္မာသမ္ဗုဒ္ဓ အဖြစ်သို့ရောက်ရှိခဲ့ပြီ။ ဗုဒ္ဓအဖြစ်ကို ရောက်တော်မူချိန်ကား ကဆုန်လပြည့်ညဥ့်ကို ကျော်လွန်ပြီး လပြည့်ကျော်တစ်ရက်သို့မရောက်ခင် အရုဏ်တက်မည့်ဆဲဆဲအချိန်ဖြစ်ပါသည်။ သိကြသော နတ်အများတို့သည် အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါလေသည်။ ကျွန်ုပ်တို့လောကအတွက် အလင်းရောင်သည် စတင်ပေါ်ပေါက်ခဲ့လေပြီ။….

“လောက၌ နေမင်းသာ ပေါ်ထွက်မလာလျှင် ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍ မရနိုင်ဘဲ သွားတိုင်းသွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဖွယ်ရှိသကဲ့သို့ ထို့အတူ ဘုရားရှင် နေမင်းသာ ပေါ်ထွက်မလာလျှင် ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ မသိနိုင်ဘဲ အကုသိုလ်ကိုသာ ပြုမိကာ သတ္တ၀ါအများပင် အပါယ်လားဖို့ ရှိတော့သည်။”



(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၄၇)

ကျွန်တော် အဲဒီ့စာလေးကို အရမ်းပင် နှစ်သက်အားရမိပါသည်။ ဘုရားအလောင်းတော်သည် ဗုဒ္ဓအဖြစ်ကို ရအောင် လုံ့လ၀ီရိယအားကြီးစွာဖြင့် ကျင့်ကြံအားထုတ်တော်မူခဲ့ခြင်းမှာ ကျွန်တော်တို့ သတ္တ၀ါအားလုံးအတွက်ပင် ဖြစ်ပေသည်။ ဗုဒ္ဓကိုယ်တိုင် သိမြင်ခဲ့ ရရှိခဲ့သော ဥာဏ်တော်ကြီးများဖြင့် လောကသားတို့အပေါ်အကျိုးရှိသောမှန်ကန်သော တရားမြတ်များ လမ်းညွှန်ပြသပေးခဲ့ခြင်းကြောင့်ဖြစ်ပေသည်……

အောက်ပါစာမျက်နှာများမှ ဖတ်ရှုဖော်ပြပါသည်။
စာမျက်နှာ ၂၂-၂၉၊ ဘာသာသွေး - အရှင်ဇနကာဘိဝံသ
စာမျက်နှာ ၁၀၀-၁၀၆၊ အနာဂတ်သာနာရေး - အရှင်ဇနကာဘိဝံသ
စာမျက်နှာ ၁၆၊ ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့ - ဆရာကြီးဦးရွှေအောင်
This entry was posted on 1:40 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: