ဂုဏ်တော်ပွားတဲ့အခါ ထိရောက်အောင် ပွားတတ်စေရန်အတွက် ရေးသားခြင်းပါ..ဂုဏ်တော်ပွားတာဟာ ဘာကိုရည်ရွယ်တာလည်းဆိုတာသိနေဖို့ပါပဲ..ဒါမှ ကိုယ့်ရဲ့ ဂုဏ်တော်ပွားခြင်းဟာထိရောက်လာမှာပါ။
ဥပမာ ကျွန်တော်တို့ အရဟံ ဂုဏ်တော်ပွားတယ်ဆိုပါစို့..
အရဟံဆိုပြီး ရွတ်တော့ရွတ်တာပါပဲ ဒါပေမယ့် ရွတ်နေခိုက်မှာ ဂုဏ်တော်အပေါ်အာရုံမရောက်ပဲ တခြားအာရုံထားနေမယ်ဆိုရင် ထိရောက်မှုအားနည်းပါလိမ့်မယ်..ဘုရားရှင်ကို ကြည်ညိုအား နည်းနေပါလိမ့်မယ်
ဒါကြောင့် အနက်အဓိပ္ပါယ် လေးနဲ့ ရွတ်လိုက်မယ်ဆိုရင် အများကြီး ထိရောက်မှုတွေရှိပါတယ်..ဘုရားရှင်ကိုလည်း ဆက်တိုက်ဆက်တိုက် ကြည်ညိုယုံကြည်မှုတွေ တိုးပွားနေမှာပါ.
အရဟံ ဂုဏ်တော်ရဲ့ အနက်က..
ကိလေသာတို့မှ ဝေးကွာတော်မူ၏.
လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏ လို့ အဓိပ္ပါယ်ရပါတယ်…(အရှင်ဇနကာဘိဝံသ- ရတနာ့ဂုဏ်ရည်)
စိတ်မှာ အမြဲတမ်းလိုလို လိုချင်မှုတွေချည်းပြည့်နှက်နေပါတယ်..ဥပမာ
အ၀တ်လိုချင်တယ်..ကွန်ပျူတာလိုချင်တယ်..ဖိနပ်လိုချင်တယ်..လှပချင်တယ်..စသည်အားဖြင့် အမျိုးမျိုးပေါ့ဗျာ..ရှုပ်ရှုက်ခက်အောင် ဖြစ်နေရင် တော်တော်လေးကို စိတ်ရှုပ်ဖို့ကောင်းပါတယ်..ပူလောင်ပါတယ်..ဖိစီးပါတယ်..
ဒီလို စိတ်တွေဖြစ်နေတဲ့အချိန်မှာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အရဟံဂုဏ်တော်လေးကို မြန်မာလို ဖြည်းဖြည်းခြင်း ပွားလိုက်ရင်..လိုချင်တဲ့ကိလေသာတွေ တဖြည်းဖြည်းခြင်း လျော့ပါးသွားပါလိမ့်မယ်..
ဂုဏ်တော်ပွားရမယ့် စာသားလေးက..
- လိုချင်မှုကင်းစင်တော်မူသော မြတ်စွာဘုရား
- ကိလေသာတို့မှ ကင်းဝေးတော်မူသော မြတ်စွာဘုရား
- စွဲလမ်းမှု ကင်းဝေးတော်မူသော မြတ်စွာဘုရား
(အရှင်ဆန္ဒာဓိက- နှလုံးသားမိတ္တူ)
စသဖြင့်..မြန်မာလို သိထားသလောက် မှန်ကန်သော အသုံးအနှုံးများနဲ့ ပွားများရင် ဘုရားရှင်ကို ကြည်ညိုခြင်း ထိရောက်သလို..ကိုယ့်စိတ်မှာလည်း ဘုရားရှင်ရဲ့ စိတ်တော်အတိုင်း သန့်ရှင်း ချင်လာမယ် အဲဒေါ့ ကိုယ့်ဘာသာကိုယ် လိုချင်မှုတွေကို နည်းအောင်လုပ်မိလာပါလိမ့်မယ်..
ဒါဟာ ဂုဏ်တော်ပွားခြင်းရဲ့ အဓိက ရည်ရွယ်မှုပါပဲ..
ပုတီးစိပ်ဂုဏ်တော်ပွားတဲ့အခါ ကိုယ်နားလည်သလို မြန်မာလို ပွားလိုက်ရင် သိပ်ကိုအကျိုးကြီးမားပါတယ်.
အရှင်ဆန္ဒာဓိကဆရာတော်က..
ဂုဏ်တော်ပွားတယ်ဆိုတာဟာ..ဘုရားအကြောင်းစဉ်းစားတာပါ
ကိုယ်သိထားသလို ရိုးရိုးလေးစဉ်းစားရင် ဘုရားရှင်ကို ပိုကြည်ညိုတတ်သလို ကိုယ့်စိတ်ကိုလည်း ကိုယ်တိုင် ပြုပြင်ပြောင်းလဲပြီးသား ဖြစ်ပါတယ်
လို့ နှလုံးသားမိတ္တူစာအုပ်မှာ ရေးသားထားပါတယ်..
ဂုဏ်တော်ပွားခြင်းဟာ ဗုဒ္ဓါနုဿတိ ကိုရည်ရွယ်ပါတယ်..
ဗုဒ္ဓ=ဘုရားကို + အနု=အဖန်ဖန် အထပ်ထပ် + သတိ=အမှတ်ရနေခြင်း (အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်)
အဲဒီ့ရည်ရွယ်ချက် ပျောက်မသွားသင့်ပါကြောင်း အကြံပြုလိုပါတယ်..
အရဟံ..အရဟံလို့ ခဏ ခဏ ရွတ်နေရင်းနဲ့ ဟိုရောက်ဒီရောက်အတွေးများဝင်နေရင် စိတ်က သန့်ရှင်းလာမှာမဟုတ်သလို ဂုဏ်တော်ပွားခြင်းရဲ့ ရည်ရွယ်ချက်ပျောက်နေပါလိမ့်မယ်..
တခုခု လိုချင်လို့ ပွားနေရင် ကိုယ့်ရဲ့ ဂုဏ်တော်ပွားခြင်းလမ်းမှန်ပေါ်မရောက်နိုင်ပါ..
တကယ်တော့ ဂုဏ်တော်ပွားတယ်ဆိုတာ
ဘုရားရှင်ကို ကြည်ညိုတတ်ဖို့
ကိုယ့်ဆီမှာလည်း လိုချင်မှု ၊ စိတ်ဆင်းရဲမှုတွေ ..ကင်းဝေးစေဖို့ ပါ..
အကြံအောင်မြင်ချင်မှု လာဒ်ပေါများချင်မှု စီးပွားတတ်ချင်မှု ဆိုတဲ့ လိုချင်မှုများနဲ့ ဂုဏ်တော်ပွားနေရင် ဘုရားဂုဏ်တော်ကို ပွားရာမရောက်ပဲ ကိုယ့်ရဲ့ လိုချင်မှု တွေကို ပွားနေသလို ဖြစ်နေပါလိမ့်မယ်..
အဲလိုမဖြစ်ရလေအောင်..ပွားနေစဉ်မှာ ဘုရားဆီအာရုံရောက်အောင် ပါဠိအစား မြန်မာလိုလေး ပွားလိုက်ဖို့ အကြံပြုလိုပါတယ်..
ဒါကြောင့် အရှင်ဆန္ဒာဓိက ရဲ့ စကားကို နာယူခြင်းအားဖြင့် ဂုဏ်တော်ပွားတဲ့အခါ မြန်မာလို ရွတ်ဆိုကြပါစို့..
- စိတ်ဆင်းရဲခြင်း ကင်းတော်မူသော မြတ်စွာဘုရား
- အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား..
- အနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား
- သောက ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား.
- ကိုယ်တော်တိုင် သောက အားလုံး ငြိမ်းတော်မူသလို သတ္တ၀ါတို့ရဲ့ သောကကိုလည်း ငြိမ်းအောင် လုပ်ပေးတော်မူသော မြတ်စွာဘုရား
- ကိုယ်တော်တိုင် သောက အားလုံး ငြိမ်းတော်မူသလို သတ္တ၀ါဝေနေယျတွေရဲ့ သောက ဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား
- ကိုယ်တော်တိုင် သောက အားလုံး ငြိမ်းတော်မူသလို သောက ငြိမ်းအေးကြောင်းတရားတော်များကို ဟောကြားပေးတော်မူသော မြတ်စွာဘုရား
- သံယောဇဉ်ကင်းစင်တော်မူသော မြတ်စွာဘုရား
- သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား
- မေတ္တာ ကြီးမားတော်မူသော မြတ်စွာဘုရား
- မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
....
စသဖြင့် ပေါ့လေ…အများကြီး ကိုယ်တတ်သလို ပွားလို့ရပါတယ်..
အခေါက်ရေ နည်းချင်နည်းသွားပါစေ ရွတ်ဖတ်ပွားများလိုက်တိုင်းမှာ ဘုရားဆီအာရုံပြုနေဖို့က အဓိကပါ..
စိတ်ဓာတ်ကျ အားငယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် လိုချင်မှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ဖြစ်ဖြစ်..ဒေါသဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ်..ဂုဏ်တော်ကို မြန်မာလို ရွတ်ဆိုလိုက်ရင် ပူလောင်မှုတွေ ကင်းဝေးသွားပါလိမ့်မယ်..
(အရှင်ဆန္ဒာဓိက စာအုပ်ကို မှီပြီးရေးပါတယ်)
ဒေါင်းလုပ်

သက်သတ်လွတ်စားခြင်းနဲ့ ပက်သက်ပြီး ရေးချင်လာမိတယ်.
ထေရ၀ါဒဗုဒ္ဓဘာသာအနေနဲ့ဆိုရင် သက်သတ်လွတ်စားတယ်ဆိုတာ အပိုအလုပ်တစ်ခုပါ..
ဘာလို့ အပိုလုပ် လို့ပြောတာလဲ ဆိုတော့ သက်သတ်လွတ်စားလည်း ဘာကုသိုလ်မှာ ရလာမှာမဟုတ်ဘူး..သက်သတ်လွတ် မစားလည်း ဘာ အကုသိုလ်မှ မခံစားရဘူး..ဒါနဲ့ ပက်သက်ပြီး သက်သေပြစရာ အထောက်အထားများနဲ့ တကွ ရေးချင်လာမိတယ်..
ကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားတတ်ဖို့ က အဓိကပါ..အဲလို ဘာဝနာပွားပြီး စားရင် ဘာပဲဖြစ်ဖြစ် စားလို့ရပါတယ်..
ဒါကို သက်သတ်စားမှ ကုသိုလ်ရတယ်လို့ ထင်နေရင် အမြင်မှားဖြစ်သွားပါလိမ့်မယ်..လမ်းမှားရောက်သွား ပါလိမ့်မယ်..ဘုရားရှင် ဟောထားတဲ့စားသားလေးက..
သက်သတ်လွတ်စားတာ (အသားငါး ရှောင်တာ) ကို သူတော်ကောင်းအကျင့်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ဘုရားရှင်က အာမဂန္ဓသုတ္တန် မှာ တိုက်ရိုက်ဟောထားပါတယ်..ဘယ်အစားအစာပဲဖြစ်ဖြစ် ဘာဝနာပွားပြီး စားရင် စားသူရဲ့ သန္တာန်မှာ ကုသိုလ်စိတ်တွေ သေချာပေါက် ဖြစ်နေမှာပဲ ဒါကြောင့် သူဟာ စားနေရင်းနဲ့ ကုသိုလ်ရနေမှာပဲ..
အဲလိုမဟုတ်ပဲ သက်သတ်လွတ် စားပြီးတော့ အစားလေးက ကောင်းလိုက်တာ ဆိုတဲ့ လောဘ မကောင်းဘူးဆိုတဲ့ ဒေါသ ငါ့တော့ သက်သတ်လွတ်စားတာကွ ဆိုပြီး ကုသိုလ်ရနေပြီလို့ ထင်နေတဲ့အမြင်မှား မောဟ၊ မာန်မာန နဲ့ စားနေရင် တော့ အကုသိုလ်ဖြစ်နေမှာပဲ.
ဘုရားရဲ့ သီလတွေ အားလုံးဟာ မျှတပါတယ်..အပိုအလို မရှိပါဘူး..ဒါကို ဘာလို့ အသစ်ထွင်ချင်မှန်းမသိတာ..
ရဟန္တာ စင်စစ် ဖြစ်တော်မူသော မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း သက်သတ်လွတ်စားပြီး ကုသိုလ်ရတယ်လို့ ယူမှတ်နေသူတွေကို အတော် ၀ဋ်ကြီးတဲ့ သူတွေပဲ လို့..… ဂရုဏာ သက်တော်မူခဲ့ပါတယ်
ဒ့ါအပြင်
ဓမ္မဒူတ ဆရာတော်ဘုရားကြီးကလည်း ၀ဋ်ကြွေးရှိလို့ အငတ်ခံနေကြရတာပဲလို့ သနားတော်မူခဲ့ပါသေးတယ်..
ဒါဟာ သက်သတ်လွတ်စားပါက ကုသိုလ်ထူးရမယ်လို့ ထင်နေတဲ့ယုံကြည်နေတဲ့သူတွေကို ရည်ရွယ်ပြောတာပါ..
ကျွန်တော့်လည်း တွေ့ခဲ့ဖူးပါတယ် တချို့က သက်သတ်လွတ်စားတာကြီးကို ငါတော့ ကုသိုလ်ယူနေပြီ ကုသိုလ်တွေ ရတော့မယ်လို့ ထင်မှတ်နေကြပါတယ်..တကယ်တော့ သက်သတ်လွတ်စားခြင်းဟာ အရေးမကြီးပါ..အစားအစာ ပေါ်မှာ လောဘ မ၀င်ဖို့သာ အဓိကကျပါတယ်
အဲဒီ့ အဓိက ကျတာကို မေ့လျော့နေကြပြီး အရေးမကြီးတဲ့ သက်သတ်လွတ်စားခြင်းကို အမှန်ထင်ပြီး လုပ်နေကြခြင်းသည် အယူမှားရာ ရောက်တဲ့ အတွက် အကုသိုလ်ကိုသာ ရကြောင်း အကြောင်းတရားဖြစ်သွားပါလိမ့်မယ်..
တကယ်ကို အလေးအနက်ထားစေချင်ပါတယ်..
သက်သတ်လွတ်စားမှ ကုသိုလ်ရတယ်ဆိုရင် ဘီယာ ဆိုင်ထိုင်ပြီး ဘော်လုံးပွဲကြည့်ရင်း အာလူးကြော် စားနေ ကန်စွန်းရွက်ကြော် စားနေတဲ့သူတွေ ကုသိုလ်တွေ ရနေရောလား..မဟုတ်ပါဘူး အဲလို ပြုလုပ်နေတဲ့သူရဲ့ စိတ်မှာ လောဘတွေ မာနတွေ ဒေါသတွေ သေချာပေါက် ရှိနေတယ်လေ..ဒါကြောင့် သက်သတ်လွတ်စားလည်း အကုသိုလ်ပဲ ရမှာပဲ..
တရားစခန်းမှာ ယောဂီတယောက်ဟာ အသားငါးဟင်းတွေ စားနေပေမယ့် လောဘ တဏှာကို ဖယ်ရှားစေမယ့် ဘာဝနာကို ပွားနေမယ်ဆိုရင် ကုသိုလ်တွေ အလိုလိုနေရင်းရနေမှာပဲ..ဘာလို့လည်းဆိုတော့ သူ့ ရဲ့ စိတ်ထဲမှာ ဒီဟင်းတွေကို တပ်မက်စိတ်မရှိဘူး ဟင်းက မကောင်းဘူးဆိုရင်လည်း ဒေါသစိတ်မရှိဘူး..ဒါကြောင့် အယူမှန်ရပြီး ကုသိုလ်တွေ ရနေမှာပဲ..
ဒါဟာ ဗုဒ္ဓဘာသာ ၀င်ရဲ့ အဓိက အလုပ်ပါပဲ..
အဓိက ကျတာကို အဓိကျပါတယ် လို့ မြင်စေချင်ပြီး
အဓိက မကျတာကို အဓိကမကျပါဘူးလို့ မြင်စေချင်ပါတယ်
တော်တော်များများလည်း သက်သတ်လွတ်စားတာနဲ့ ပက်သက်ပြီး ဒွိဟ ဖြစ်နေတုန်းပါပဲ..ဘာမှ သံသယ မဖြစ်စေဖို့ အခု ပို့စ်ကို ရေးလိုက်ရပါတယ်
အရှင်ဆန္ဒာဓိက ရဲ့ သက်သတ်လွတ်နှင့် ကုသိုလ်စိတ် ဆိုတဲ့စာအုပ်လေးကနေ ကူးယူရေးသားထားပါတယ်..
အဲဒီ့စာအုပ်လေး တင်ပေးလိုက်ပါတယ်..
ဒီမှာ ဒေါင်းလုပ်ဆွဲပါ..

အခု ကျွန်တော် ရေးမှာလည်းပဲ သီတဂူဆရာတော် တရားကို နာပြီး ရေးချင်တာ ရလာလို့ ချရေးလိုက်ပါတယ်.
ထေရ၀ါဒမှာ
ဘာမှ ထပ်ဖြည့်ခြင်း မလုပ်သင့်ဘူး
ဘာမှ နုတ်ပယ်ခြင်း မလုပ်သင့်ဘူး
ဘာမှ ပြင်ဆင်ခြင်း မလုပ်သင့်ဘူး ဆိုတာတွေကို အထောက်အထားတခုနဲ့ ပြောချင်ပါတယ်..
အဲလို ဘာမှ
ထပ်ဖြည့်
နုတ်ပယ်
တည်းဖြတ်ခြင်း မရှိတဲ့ ဘာသာကိုမှ ထေရ၀ါဒလို့ ခေါ်တွင်ခြင်း မည်ပါတယ်..
အဲတော့ အဲဒီ သုံးချက် လုပ်ထားလို့ကတော့ ထေရ၀ါဒ မမည်ဘူး မခေါ်တွင်နိုင်ပါဘူး.
ဘာလို့ ဒီလို ပြောလဲ ဆိုတော့ ..ဒီနေ့ ဆရာတော်ကြီးတရားကို နာလိုက်တာ မှတ်စရာတခု ရလာပြန်တယ်..
အဲဒါက..
မြတ်စွာဘုရားဟောထားခဲ့ တဲ့
ရဟန်း နဲ့ သာသနာ ကြီးပွားကြောင်း မပျက်စီးကြောင်း တရား ပါပဲ..
(၇)ချက် ရှိပါတယ်.
- မပြတ်မပြတ် စည်းဝေးတိုင်ပင် ၍ စုပေါင်းဆောင်ရွက်ကြရမယ်
(မကြာခဏ အကြိမ်များများ အစည်းအဝေးပြုလုပ်ကြရမယ်)
- တပြိုင်နက်တည်း တညီတညွတ်တည်း စည်းဝေးကြရမယ်
(ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ ဆောင်ရွက်ကြရမယ်)
- ကြီးသူကို ရိုသေကြရမယ်
(သံဃာ အကြီးအကဲ မထေရ်ကြီးတို့ကို အရိုအသေအလေးအမြတ် ရှိရမယ်)
- ရှေးမူ မပျက်ထားရမယ်
မပညတ် ထားတာတွေကို အသစ်ထပ်ထည့်ခြင်း မပြုလုပ်ရ
ပညတ်ထား ပြီးသားတွေကိုလည်း နုတ်ပယ်ခြင်း ပြင်ဆင်ခြင်း မပြုလုပ်ရ
- ဆိတ်ငြိမ်မှုကို ပျော်ပိုက်ရမယ် မြတ်နိုးရမယ်
- ဒုဏ္ခအမျိုးမျိုး ဖြစ်စေတဲ့ တဏှာကို အလိုမလိုက်ရ
- သာသနာ ကို မြတ်နိုးတဲ့သူတွေကို ဖိတ်ခေါ်ရမယ်
သာသနာ ကို မြတ်နိုးတဲ့သူတွေကို ပျော်အောင် ထားရမယ် စိတ်ညစ်အောင်မလုပ်ရ
ဒါဘုရားရှင် ဟောထားခဲ့တဲ့ သတိပေးခဲ့တဲ့ တရားပါပဲ.
ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ တနှစ်အလိုလေးမှာ မှာထားခဲ့တဲ့ တရားပါ.
အဓိကကတော့ ရဟန်းတွေကို ဟောခဲ့တာပါ.
ခေါင်းစဉ်ကိုက သာသနာတော် ကြီးပွားကြောင်းဆိုတော့..
အဲဒီ့ တရား (၇) ပါးအတိုင်း လိုက်နာ ကြမယ်ဆိုရင် သာသနာတော်ဟာ အစဉ်အမြဲ ခိုင်မြဲ နေမှာပါပဲ တိုးပွားနေမှာ ပါပဲလို့ အဓိပ္ပါယ်ရပါတယ်
ဒီ (၇) ရပ်တိုင်းမလိုက်နာခဲ့ရင် သာသနာတော် ခိုင်မြဲမှာ မဟုတ်ပါ ကိုးကွယ်သူ လျော့နည်း သွားမှာပါပဲ.
အဲတော့ ဒီတရား (၇) ပါးကို ကြည့် ခြင်းဖြင့် ကျွန်တော်တို့လည်းပဲ ထေရ၀ါဒ စစ်စစ်ကို ဘာမှ အပိုအလို မထည့်ပဲ ကိုးကွယ်သင့် ပါတယ်လို့ ဆိုချင်ပါတယ်.
ကျွန်တော် အရှေ့က ပိုစ့်မှာ ရေးထားခဲ့ တဲ့ အတိုင်းပဲ.
ထေရ၀ါဒဗုဒ္ဓဘာသာ ဆိုတာ ဗုဒ္ဓ၀ါဒ ဓမ္မ၀ါဒ အစစ်ပါ.
ဘုရားရှင် ရှိတုန်းကတော့ ဗုဒ္ဓ၀ါဒပေါ့ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှသာ ထေရ၀ါဒလို့ ခေါ်တွင်ခဲ့ပါတယ်.
ဘာလို့ ထေရ၀ါဒဟာ ဗုဒ္ဓရဲ့ ၀ါဒ အမှန်လည်း ဆိုတာတော့ ကျွန်တော် ပြောခဲ့ပြီးပါပြီ..သင်္ဂါယနာတင်တဲ့သမိုင်းပါပဲ
ဒီတော့ ဗုဒ္ဓဘာသာ အစစ်ဆိုတာ ထေရ၀ါဒ ပါပဲ
ထေရ၀ါဒ ဖြစ်ပြီဆိုရင်လည်း ဘာမှ အသစ် ထပ်ဖြည့်ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်းတွေမပြုသင့်ဘူးဆိုတာ ထင်ရှားပါတယ်.
ထေရ၀ါဒမှာ မပါတဲ့ အရာတို့ ကို အထူးရှောင်ရှားသင့်ပါကြောင်း ကျွန်တော် ပြောချင်ပါတယ်
ဘယ်အရာတွေက ထေရ၀ါဒမှာ မပါဝင်ဘူးဆိုတာတွေကို တော့ ဆရာတော်များရဲ့ တရားတွေနာယူပြီး ကိုယ်ရဲ့ ကိုးကွယ်မှုကို စစ်မှန်အောင် တိကျအောင် သန့်ရှင်းစေချင်ပါတယ်ဗျာ..
အဲဒါ ကျွန်တော့်  ဘလော့ဘ်ရဲ့ ရည်ရွယ်ချက် ပါပဲ.
ဒါကြောင့် အရှင်ကောသလ္လရဲ့ တရားတော်ထဲက အတိုင်း..ပြောရမယ်ဆိုရင်
သင်္ဂါယနာမှာ မပါတဲ့ ကိုးကွယ်မှု ယူဆမှုတွေကို ဖယ်ရှားသင့်ပါပြီ..ဘယ်လိုဟာမျိုးတွေလဲ
-ရှင်ဥပဂုတ္တ ကိုးကွယ်မှု
-နတ် တွေ ၀ိဇ္ဇာတွေကို အိမ်မှာ ပုံတွေ ရုပ်ထုတွေထားပြီး ကိုးကွယ်မှု
-သက်သက်လွတ်စားသုံးခြင်း..
- ဒါယေဘူယျ.အားဖြင့် မကျင့်သုံးသင့်သော ထေရ၀ါဒမဟုတ်သော လက်ခံယုံကြည်မှုတချို့ပါပဲ
ကျွန်တော်ပြောတာတွေမယုံရင် အရှင်ကောသလ္လ ရဲ့ တရားကို သေချာ အာရုံစိုက်နာလိုက်ပါ..
တရားတိုင်း နာဗျာ..အရှင်ကောသလ္လဆိုတာ အားလုံးသိတဲ့အတိုင်းပဲ သာသနာ ကို တိုးတက်အောင်ကြီးပွားအောင် ဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် တွေထဲက ရဟန်းမြတ် တပါးပဲ..
အဲဒီ့ မပညတ်ထားတာတွေ အကွန့် တက်ပြီး ကိုးကွယ်ယုံကြည်မှုမျိုး လက်ခံနေတဲ့စိတ်ထားမျိုး ရှိနေမယ်ဆိုတာဟာ သံသယပါပဲ..ဘယ်အပေါ်မှာ ဖြစ်သွားတဲ့သံသယလဲ ဆိုတော့ ဗုဒ္ဓဘာသာအပေါ်မှာလေ..
ဒါလေး ထပ်ဆောင်းကိုးကွယ် ယုံကြည်လိုက်မှ လုံခြုံသွားမယ်အားကိုးစရာဖြစ်သွားမယ်လို့ ယုံကြည်လိုက်တဲ့သံသယပါပဲ..
အဲဒီ့သံသယလေးဟာ အယူမှားခြင်း ရဲ့ အစပါပဲ..
ကိုယ်လုပ်နေတာကို အယူမှန်ခြင်ရင် ဘုရားဟောတာကို အတိအကျလေး လိုက်နာဖို့ ကောင်းတယ်..ဒါဆိုရင် ကိုယ့်ရဲ့ ဘ၀သံသရာကြီး ဟာ အယူမှန်ခြင်းကို ဦးတည်နိုင်သွားဖို့ အကူအညီ အထောက်အပံ့ဖြစ်သွားမှာ သေချာတယ်..
ထေရ၀ါဒမည်အောင် ကိုးကိုယ်ကြပါ..ထေရ၀ါဒ မမည်ရင်လည်း (အမှန်တရား) ဗုဒ္ဓ၀ါဒ အမှန်မဟုတ်တော့ပါ။