ကျွန်တော် အရင် ပို့စ်များတွင် ဗုဒ္ဓဘာသာကို သန့်ရှင်းစေဖို့ အတွက် ရည်ရွယ်ပြီးရေးသားခဲ့ပါသည်။ ကျွန်တော့် ဘလော့ဘ်၏ ရည်ရွယ်ချက်အတိုင်းပါပဲ...ဆရာလုပ်ချင်၍ မဟုတ်ပဲ ဗုဒ္ဓဘာသာထဲတွင် အခြားသော(မဆိုင်သော)ကိုးကွယ်မှုများဝင်လျှင် မိမိ၏ ယုံကြည်မှု၊ ကိုးကွယ်မှု အားနည်းသွားမည်စိုး၍ ရေးသားပါသည်။ ထို့ကြောင့်... ဥပဂုတ္တမှာ အမှန်တကယ်မရှိ၊ ဘိုးတော် နှင့် နတ် တို့အား ကိုးကွယ်မှုများမှာ ဗုဒ္ဓ၀ါဒအားယုံကြည်မှုတွင် မပါဟု ရေးခဲ့ပါသည်။ အခုလည်း ထပ်မံ၍ reference တစ်ခုကို တင်ပြချင်ပါသည်။ အရှင်ဇ၀န ရဲ့ “မျက်ရည်မကျခင်သိစေချင်” ဆိုတဲ့ စာအုပ်ထဲက စာသားလေးပါ။ အဲဒီ့စာအုပ်ရဲ့ အခန်း(၄) “အားကိုးရာအမှန်” အပိုင်းမှ စာသားလေးကို တင်ပြလိုက်ပါသည်။
သရဏဂုံ ညစ်နွမ်းကြောင်းသုံးမျိုးရှိ၏။ မူလပဏ္ဏာသအဋ္ဌကထာ၌
အဉာဏသံသယမစ္ဆာဉာဏ ဒီဟိသံကိလိဿတိ ဟူ၍ ဖွင့်ပြသည်။
အဉာဏ - ရတနာသုံးပါးအပေါ် သေချာကျနစွာမသိခြင်း
သံသယ - ရတနာသုံးပါးအပေါ်မှာ ယုံမှားလာခြင်း
မိစ္ဆာဉာဏ - ရတနာသုံးပါးအပေါ်၌ မှားယွင်းသော အယူအဆ ဖြစ်ခြင်း
၎င်းသုံးမျိုးတွင် အဉာဏ၊ သံသယ နှစ်ပါးတို့ကို ရတနာသုံးပါးအကြောင်းသိအောင် အားထုတ်ရင်း ပယ်ဖျောက်ရသည်။
မိစ္ဆာဉာဏ ကို ရတနာသုံးပါးအပေါ် သဒ္ဓါတရားယုံကြည်ဉာဏ်ကို ခိုင်ခိုင်မာမာထားပြီး ပယ်ဖျောက်ရသည်။ ထို့ကဲ့သို့ မပယ်ဖျောက်နိုင်လျှင် အပြစ်ရှိသောသရဏဂုံ (သရဏဂုံပျက်စီးခြင်း) သို့ ရောက်ရတော့သည်။

သရဏဂုံပျက်စီးခြင်းနှစ်မျိုး
“ကာလကိရိယာ ဘေဒေါအန၀ဇ္ဖဘေဒေါတိ ၀ုစ္စတိ
အည သတ္ထာရာဒီသု အဟံအတ္ထာနံ ပရိစ္စဇာမီတိ
ဧ၀ံ အညသတ္ထာ ရုဒ္ဒေသ၀သေန
သရဏဂမနဿဘေဒေါ ၀ုစ္စတိ”

ဟု မူလပဏ္ဏာသ အဋ္ဌကထာ၌ ဖွင့်ပြထားသည်။ အဓိပ္ပာယ်မှာ
သေဆုံး၍ သရဏဂုံပျက်ခြင်းသည် အပြစ်မရှိသော ပျက်စီးခြင်း
ဘုရား၊ တရား၊ သံဃာ မှတစ်ပါး အခြားဘိုးတော်၊ မယ်တော်၊ နတ် စသည်တို့ ၌ တပည့်တော်၏ အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းပါ၏။ ဤသို့ တခြားမှာ ဆရာရှာပြီး ကိုးကွယ်သဖြင့် သရဏဂုံပျက်ခြင်းသည် အပြစ်ရှိသော အကုသိုလ်ဖြစ်သော သရဏဂုံပျက်စီးခြင်းဖြစ်သည်။

အထက်ပါအတိုင်း စာမျက်နှာ (၆၃) တွင် ဖော်ပြထားပါသည်။
ထိုစာသားကိုထောက်၍ ဘုရား၊ တရား၊ သံဃာ မှတပါး အခြားကိုးကွယ်စရာ မရှိတော့ပါ၊ အခြား အားကိုးစရာမရှိတော့ပါ။ တနည်းအားဖြင့် ရတနာသုံးပါးမှတပါး အခြားအရာများကို ရှိခိုး ကန်တော့ခြင်း မပြုသင့်ပါ။ ရှိခိုးကန်တော့ လိုက်ခြင်းသည်လည်းပဲ မိမိ၏စိတ်မှ အားကိုးချင်စိတ်လေး ဖြစ်လာ၍ ကန်တော့လိုက်ခြင်းလို့ ပြောလို့ ရပါသည်။ ထိုအားကိုးချင်စိတ်လေးကပင် ဘုရား၊ တရား၊ သံဃာ အပြင် အခြားအား ယုံကြည်မိလိုက်ခြင်း ဖြစ်မည် ထင်ပါသည်။ အမှန်တကယ်မှာတော့ ကံကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဘုန်းကံကြီးမားချင်လို့ပဲ ဖြစ်ဖြစ် အားကိုးယုံကြည်ရမည်မှာ ရတနာသုံးပါးပဲ ရှိသည်ဟု အပြီးတိုင် လက်ခံထားရမည် မဟုတ်ပါလား။ အခြားအရာများအား ရှိုခိုးကန်တော့လိုက်ခြင်းသည် တနည်းအားဖြင့် ရတနာသုံးပါးအား အပြည့်အ၀ မယုံကြည်သေးဘူးလို့လည်း ပြောနိုင်ပါမည်။ ထို့ကဲ့သို့ အခြားအရာများကို ရှိခိုးကန်တော့ မိသွားလျှင် မိမိ၏ သရဏဂုံသည် ညစ်နွမ်းခြင်းကစ ပျက်စီးခြင်းသို့ မသိမသာ ဦးတည်နေပါမည်။ ရတနာသုံးပါးမှတပါး အခြားအရာများကို ထပ်ဆောင်းကိုးကွယ်လာလေလေ အယူမှားခြင်းသို့ ရောက်သွားလေလေ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော် အရင် ပို့စ်တွေမှာ ရတနာသုံးပါးကိုသာ အဓိကထားပြီး အခြားသော ယုံကြည်မှုများ မဖြစ်လာစေရန်ရေးသားခဲ့ပါသည်။
အရှင်ဇ၀န ၏ စာအုပ်လေးကို တင်ပေးလိုက်ပါသည်...(စာမျက်နှာ ၆၃ တွင် ဖတ်ရှုနိုင်ပါသည်။)
ashinzawana
Download
This entry was posted on 12:20 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: