တရားဦး ဓမ္မစကြာ ၏ ရှေးဦးပိုင်း၌ မြတ်ဗုဒ္ဓက…ကာမသုခလ္လိကနုယောဂ နှင့် အတ္တကိလမထာနုယောဂ တည်းဟူသော အစွန်းအယုတ် (၂)ပါးကို မလိုက်စားကြလေနဲ့၊ ရှောင်ကြဟု ရှေးဦးစွာ ဟောတော်မူခဲ့၏။
လောဘစွန်းဖြစ်သော၊ သဿတဒိဋ္ဌိ မည်သော ကာမသုခလ္လိကနုယောဂ အယုတ်စွန်း နှင့်
ဒေါသစွန်းဖြစ်သော၊ ဥစ္ဆေဒဒိဋ္ဌိ မည်သော အတ္တကိလမထာနုယောဂ အယုတ်စွန်း တို့ကို မမှီဝဲကြလေနှင့်၊ ရှောင်ကျဉ်ရမည်ဟု ဟောတော်မူခဲ့၏။
ထိုအစွန်း (၂)ပါးမှလွတ်လပ်သော မဂ္ဂင် (၈)ပါးတည်းဟူသော မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကို ကျင့်ကြံအားထုတ်ကြပါရန် လမ်းကောင်းကို ညွန်ပြတော်မူခဲ့၏။

ထို မဇ္ဈိမပဋိပဒါအကျင့်သည် ဉာဏ်မျက်စိကို ပြုစေတတ်သည်။
ကိလေသာတို့ကို ငြိမ်းစေနိုင်သည်။
ထိုအကျင့်ကို ကျင့်ခြင်းဖြင့် နိဗ္ဗာန်ကိုလည်း ဧကန် မုချ မျက်မှောက်ပြုရပေမည် ဟုလည်း ဟောတော်မူခဲ့၏။

ထိုသို့ ဟောတော်မူခဲ့သော စာပိုဒ်တို့တွင် သစ္စာကမ္မဋ္ဌာန်းသဘော မပါသေးပေ။ သစ္စာကို ဆင်ခြင် နှလုံးသွင်းဖို့ရန် အလုပ်သဘော မပါသေးပေ။ ရှေးဦစွာ ကောင်းရာသို့ လမ်းညွှန်ပေးခြင်းဖြစ်သည်။
ဓမ္မစကြာ၌ အဓိကလုပ်ရမည့် ဆင်ခြင်ရမည့် နှလုံးသွင်းရမည့် အလုပ်မှာ..သစ္စာကမ္မဋ္ဌာန်းဖြစ်၏။ သစ္စာ လေးပါးကို ဉာဏ်ဖြင့် ဆင်ခြင် နှလုံးသွင်း အလုပ်လုပ်ဖို့ရန်ဖြစ်၏။

ထို့ကြောင့် အလုပ်လုပ် ဆင်ခြင်ရမည့် စာပိုဒ်တို့ကို သတိထားရမည်။ နားလည်ထားဖို့ရန်မှာ အရေးကြီးပေသည်။ သို့ပါမှ ဓမ္မစကြာ ပါဠိများကို ရွတ်ဖတ်ခြင်းမှာလည်း ကုသိုလ်ရသည်ထက် ပို၍ မိမိတို့အတွက် အကျိုးကျေးဇူးကြီးပေမည်။ ကုသိုလ်ရဖို့အတွက်ရွတ်ခြင်းထက် တကယ်အလုပ်သဘောဖြင့် ရွတ်ဖတ် ဆင်ခြင်ဖို့ရန်က..အဓိကမူရင်း ရည်ရွယ်ချက် ဖြစ်ပေသည်။

ဓမ္မစကြာ၌ သစ္စာကို ဆင်ခြင် နှလုံးသွင်းမည့် စာပိုဒ်တို့မှာ..

(၁) ဒုက္ခသစ္စာ သရုပ်ပြ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(စာ-၆၇၊ ဓမ္မစကြာ- မဟာစည်)

အဓိပ္ပါယ်

ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲပေတည်း၊
အိုခြင်းသည်လည်း ဆင်းရဲပေတည်း၊
မကျန်းမမာ ဖျားနာရခြင်းသည်လည်း ဆင်းရဲပေတည်း၊
သေခြင်းသည်လည်း ဆင်းရဲပေတည်း၊
မချစ်သော ပုဂ္ဂိုလ် အာရုံတို့နှင့် တွေ့ဆုံ ယှဉ်တွဲရခြင်းသည်လည်း ဆင်းရဲပေတည်း၊
ချစ်သော ပုဂ္ဂိုလ် အာရုံတို့နှင့် ကွဲကွာရခြင်းသည်လည်း ဆင်းရဲပေတည်း၊
လိုချင်နေပါလျက် မရခြင်းသည်လည်း ဆင်းရဲပေတည်း၊
အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ (၅)ပါး (ဥပါဒါန် ၏ စွဲလမ်းရာဖြစ်သော ရုပ် နာမ်ခန္ဓာ) တို့သည် ဆင်းရဲ အမှန်တရားပေတည်း။

မြတ်ဗုဒ္ဓက..
ရဟန်းတို့ ထို ဆိုလတံ့သောတရားတွေကို ဒုက္ခ အရိယသစ္စာပဲလို့ ကောင်းကောင်းကြီး သိကြ၊
ဒုက္ခသစ္စာကို သုခလို့ ထင်နေကြလို့ ချစ်သားတို့ ဒုက္ခရောက်နေကြတာ၊
ဒုက္ခကို ဒုက္ခမှန်း သိလျင် အရိယမဂ်ဉာဏ်ထိအောင် အသိဉာဏ်ပေါက်ပြီး သံသရာဝဋ်ဒုက္ခဆင်းရဲကနေ လွတ်မယ်…ဟု ထိုကဲ့သို့ ဟောတော်မူခဲ့ခြင်းဖြစ်၏။

(၂) သမုဒယသစ္စာ သရုပ်ပြ စာပိုဒ်
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘ၀ိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ။

(စာ-၈၆၊ ဓမ္မစကြာ- မဟာစည်)

အဓိပ္ပါယ်
ဆာလောင်မှု တဏှာသည် တဖန်ဘ၀သစ်ကို ဖြစ်စေတတ်သည်၊
နှစ်သက် တပ်မက် စွဲလမ်းခြင်းဖြင့် ထိုထိုရောက်ရာဘ၀ ရရာအာရုံ၌ ပျော်မွေ့လေသည်၊
ထိုတဏှာကား ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ တို့ ဖြစ်၏၊
ထို တဏှာ (၃)ပါးသည်ပင် ဆင်းရဲဖြစ်ကြောင်း အမှန်တရားပေတည်း။

မြတ်ဗုဒ္ဓက..
ချစ်သားတို့..ဒုက္ခသမုဒယကိုလည်း ဒုက္ခဖြစ်ကြောင်းလို့ မသိပါဘဲ သုခသမုဒယ သုခဖြစ်ကြောင်းရယ်လို့ အသိကိုက ပြောင်းပြန်ဖြစ်နေကြတယ်။ သင်ချစ်သားတို့မှာ အသိလွဲနေကြတယ်၊ အသိမမှန်ဘူး၊ အသိမမှန်တော့ သံသရာထဲ နှစ်မြောနေကြရတာ၊ ဟောဒီ အကျဉ်းအားဖြင့် တဏှာ (၃)ပါး၊ အကျယ်အားဖြင့် တဏှာ (၁၀၈)ပါးတို့ဟာ တို့တတွေကို ဒုက္ခရောက်အောင် လုပ်တဲ့ တရားတွေပါပဲလို့ အမှန်အတိုင်းသိဖို့က.. အရေးကြီးတယ်။
အဲဒီလို သိမှသာ အဲဒီ့တဏှာတွေကို ပယ်ဖို့ရန် ကြိုးစားကြမှာ။ ဒုက္ခဖြစ်ကြောင်းလို့ အမှန်အတိုင်း မသိဘဲ သုခဖြစ်ကြောင်းလို့ တလွဲပြောင်းပြန်ချည်းသိနေတော့ ဒီလောဘနောက် တခါတည်း တကောက်ကောက် လိုက်ပြီး ဒုက္ခတွေချည်း ရောက်နေကြမယ်။ ဒါကြောင့် ဆင်းရဲကို ဖြစ်စေခြင်း အကြောင်းတရားဟာ..ဒီ တဏှာ(၃)ပါးပဲ..ဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။

ထို့အတူ..

(၃) နိရောဓသစ္စာ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿယေ၀ တဏှာယ အသေသ ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

(စာ- ၁၀၈၊ ဓမ္မစကြာ-မဟာစည်)

အဓိပ္ပါယ်
ဆာလောင်မှု တဏှာ အကြွင်းမဲ့ ပျက်ပြယ်ခြင်း၊ ချုပ်ငြိမ်းခြင်းသည်၊ ပယ်စွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားပါပဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှု ကင်းခြင်း သည် ဆင်းရဲ ချုပ်ငြိမ်းရာ အမှန်တရား ဖြစ်၏။

(၄) မဂ္ဂသစ္စာ ပါဠိ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓာဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

(စာ- ၁၁၁၊ ဓမ္မစကြာ-မဟာစည်)

အဓိပ္ပါယ်
ရဟန်းတို့..အင်္ဂါ (၈)ပါးရှိသော၊ ဖြူစင်မြင့်မြတ်သော အရိယမဂ်သည် ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်လမ်း အမှန်တရားဖြစ်၏။
ထိုအရိယမဂ်မှာ..မှန်စွာမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောခြင်း၊ မှန်စွာပြုခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာအမှတ်ရခြင်း၊ မှန်စွာစူးစိုက်တည်ကြည်ခြင်း တို့ဖြစ်ပေသည်။

စတုသစ္စကမ္မဋ္ဌာန်း လုပ်လိုသော ယောဂီသည် ထိုစာပိုဒ်တို့ကို နှလုံးသွင်း ဆင်ခြင်ရပေမည်။

(ဆက်ရန်..)

အောက်ပါတရားတော်မှ ရေးသားဖော်ပြထားပါသည်

သစ္စာ(၄)ပါးတရားတော်- မင်းကွန်းဆရာတော်
This entry was posted on 12:25 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: