ယခင် Post မှ အဆက်....

မဂ္ဂင် (၈)ပါး ကျင့်မည်ဆိုလျင် ရှေးဦးစွာ သမ္မာဒိဋ္ဌိဖြစ်အောင် ကျင့်ကြံရပေမည်။ သမ္မာဒိဋ္ဌိဖြစ်လျင် နောက်မှ ကြံခြင်း၊ ပြောခြင်း၊ ပြုခြင်း….စသော မဂ္ဂင်တို့သည် မှန်ကန်သွားသည်ချည်းဖြစ်ပေမည်။

လောကဥပမာအတိုင်းဆိုလျင်…
မီးရထားတစ်စင်း၌ ခေါင်းတွဲကသာ သံလမ်းပေါ် မှန်မှန်သွားနေလျင် နောက်ကလိုက်သော နောက်တွဲတို့သည် မှန်မှန် လိုက်နေကြပေမည်။ ခေါင်းတွဲသာ ထိုးကျသွားသည်နှင့် နောက်တွဲများ အကုန် ဖောက်လွှဲ ဖောက်ပြန် ပျက်စီးကုန်မည်သာ ဖြစ်ပေသည်။

ထို့အတူပင် မဂ္ဂင်နှင့် ပက်သက်လျင်လည်း ဒိဋ္ဌိဆိုသော အမြင်မှန်ဖို့ရာ ရှေးဦးစွာ အရေးကြီးပေသည်။ အမြင်မှားလျင် အကြံလည်း မှား၊ အပြောလည်း မှား၊ အလုပ်လည်း မှား၊ အသက်မွေးမှုလည်း မှား..စသဖြင့် အကုန်မှား၍ မိစ္ဆာမဂ္ဂင်များ နောက်ကလိုက်ပေလိမ့်မည်။

ထို့ကြောင့် ဓမ္မစကြာဖြင့် သမ္မာဒိဋ္ဌိဖြစ်အောင် နှလုံးသွင်း ဆင်ခြင်ရပေမည်။ ယခင် Post ၌ ဖော်ပြခဲ့သော သစ္စာ (၄)ပါးပြ ပါဠိစာပိုဒ်တို့သည် အလုပ်လုပ်ဖို့ရန် ဖြစ်၏။ သမ္မာဒိဋ္ဌိ မဂ္ဂင်ရဖို့ရန်ဖြစ်၏။ နှလုံးသွင်းရန် ဖြစ်ပေသည်။
သမ္မာဒိဋ္ဌိရဖို့အတွက် ဂရုစိုက်ရန် မြတ်ဗုဒ္ဓက..ထိုသစ္စာ (၄)ပါးပြ ပါဠိစာ(၄)ပိုဒ်ကို ဟောတော်မူခဲ့ခြင်းဖြစ်၏။

ဓမ္မစကြာ၏ နောက်နားစာပိုဒ်တို့ဖြစ်သော ပဉ္စ၀ဂ္ဂီ (၅)ပါးတို့ တရားကို အားရကျေနပ်ကြပုံ၊ အရှင်ကောဏ္ဍည တရားထူးရပုံ၊ နတ်ဗြဟ္မာတို့ ကောင်းချီးပေး ကြွေးကြော်ကြပုံ စသော…. စာပိုဒ်တို့သည် သစ္စာကမ္မဋ္ဌာန်း အတွက်မဟုတ်ပေ။

မြတ်ဗုဒ္ဓ နှင့် ပဉ္စ၀ဂ္ဂီ (၅)ပါးတို့ ဓမ္မထမင်းပွဲ ကောင်းစွာ ဘုန်းပေးကြပုံကို အကျွန်ုပ်တို့ ဘေးကကြည့်နေသူတို့ အားကျ ကြည်ညိုကြဖို့ရန်ပင် ဖြစ်၏။

ကျွန်ုပ်တို့ အဖို့မှာ ဓမ္မစကြာ ဒေသနာတခုလုံးမှ ထုတ်၍ယူလျင် ထို သစ္စာ (၄)ပါးပြ ပါဠိ(၄)ပိုဒ်ပင်ဖြစ်၏။ ထိုစာ (၄)ပိုဒ်သည် စတုသစ္စကမ္မဋ္ဌာန်း မည်ပေသည်။

ဆင်ခြင် နှလုံးသွင်းသော အခါ၌ ဘိက္ခဝေကိုဖြုတ်၍ ကျန်သော ပါဠိပုဒ်တို့ကို ရွတ်ဖတ်ရပေမည်။

ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ တို့သည် လောကီသစ္စာ (၂)ပါး ဖြစ်၏။ အလုပ်လုပ်ရမည့် သစ္စာဖြစ်ပေသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ပုံကို ဆင်ခြင်ရမည့် အလုပ်သစ္စာများ ဖြစ်၏။
နိရောဓသစ္စာ နှင့် မဂ္ဂသစ္စာ တို့မှာ လောကုတ္တရာသစ္စာ (၂)ပါးဖြစ်၏။
လောကီသစ္စာ (၂)ပါးကို ကြပ်ကြပ် ကြည့်ပေးရပေမည်။
မီးဟုန်းဟုန်းတောက်လောင်နေသော အဆောက်အအုံကြီးကို ကြည့်ရသလို တရားအားထုတ်သူ၏ ဉာဏ်ဖြင့် လောဘမီး၊ ဒေါသမီး တွေ တဟုန်းဟုန်းတောက်လောင်နေတာကို မြင်ရပေမည်။
မီးကို ကြည့်သောအခါ မျက်စိပူသလို.. လောကီသစ္စာတို့ကို ကြည့်သောအခါ အမှန်ပဲ ပူတာတွေကို တွေ့သိရပေမည်။ လောကီသစ္စာတို့ကို ကြည့်သောအခါ စိတ်ဟာ ငြီးငွေ့လောက်အောင်ဖြစ်ပေမည်။ တရားနယ်တွင် အပူတရားချည်း ရှိသည်မဟုတ် အအေးတရားလည်း ရှိပေသည်။ ထို့ကြောင့် နိရောဓ နှင့် မဂ္ဂမည်သော အအေး လောကုတ္တရာသစ္စာတို့ကိုလည်း ကြည့်ပေးရပေမည်။ ထို လောကုတ္တရာ သစ္စာ(၂)ပါးတို့ကို ပိုင်မှ အေးမည် ငြိမ်းချမ်းမည်ကို သိရပေလိမ့်မည်။ လောကုတ္တရာသစ္စာ (၂)ပါး ပိုင်ဖို့ရန်မှာလည်း ရှေ့က လောကီသစ္စာ(၂)ပါးကို ဆင်းရဲမှန်း၊ ဆင်းရဲဖြစ်ကြောင်းမှန်း၊ အနိစ္စမှန်း၊ ဒုက္ခမှန်း၊ အနတ္တမှန်း ပိုင်ပိုင်သိမှ နောက်က လောကုတ္တရာသစ္စာတို့ ပေါ်ပေမည်။

ထို့ကြောင့် မိမိဘာသာ အလုပ်အနေဖြင့် ဆင်ခြင်သောအခါ၌ ထိုစာ(၄)ပိုဒ်တို့တွင် “ဘိက္ခဝေ” ပုဒ် ကိုဖြုတ်၍ အောက်ပါအတိုင်း သစ္စာကမ္မဋ္ဌာန်း ဆင်ခြင် နှလုံးသွင်းရပေမည်။


ပါဠိ
ဒုက္ခသစ္စာ
ဣဒံ ခေါ ပန ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
သမုဒယသစ္စာ
ဣဒံ ခေါ ပန ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဘ၀ိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ။
နိရောဓသစ္စာ
ဣဒံ ခေါ ပန ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿယေ၀ တဏှာယ အသေသ ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဒုက္ခနိရောဓာဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။



မြန်မာဘာသာဖြင့် ဆင်ခြင်မည်ဆိုပါလျင် အောက်ပါလင်္ကာအတိုင်း ဆင်ခြင်နိုင်ပါသည်။


သစ္စာ (၄)ပါး လင်္ကာ

ပဋိသန္ဓေ၊ အိုနာသေဟု၊ လေးထွေရင်းမြစ်၊ ဒုက္ခဖြစ်၏၊
မချစ်ယှဉ်တွဲ၊ ချစ်သူကွဲနှင့်၊ လိုလည်းမရ၊ အကျဉ်းပြသော်၊ ပဉ္စဥပါဒါန်၊ ငါးခန္ဓာ၊ သစ္စာဒုက္ခ မှန်မောလှ။

ဒုက္ခဖြစ်ကြောင်း၊ မကောင်းတဏှာ၊ သုံးပါးမှာ၊ သစ္စာသမုဒယ မှန်မောလှ။

တဏှာချုပ်ရာ၊ နိဗ္ဗာန်မှာ၊ သစ္စာနိရောဓ၊ မှန်မောလှ။

နိဗ္ဗာန်ရောက်ကြောင်း၊ ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံ ဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည်၊ သွန်ညီမဂ္ဂ မှန်မောလှ။



“မှန်မောလှ” အသုံးအနှုန်းမှာ "ပေါရာဏ" အသုံးအနှုန်းဖြစ်ပါသည်။
မှန်မောလှ = ဧကန်မှန်၏၊ အမှန်ပါတကားဟု ဆိုလိုပါသည်။

ထို မြန်မာဘာသာ လင်္ကာမှာ ဓမ္မစကြာ၏ ဒုက္ခသစ္စာပြ၊ သမုဒယသစ္စာပြ၊ နိရောဓသစ္စာပြ၊ မဂ္ဂသစ္စာပြ ပါဠိစာပိုဒ် (၄)ပိုဒ်တို့၏ အဓိပ္ပါယ်ပင်ဖြစ်၏။

ထို့ကြောင့် ထိုမြန်မာလင်္ကာဖြင့်လည်း ဓမ္မစကြာတရားတော်မှ စတုသစ္စကမ္မဋ္ဌာန်းကို အကျဉ်းအားဖြင့် ထိုကဲ့သို့ နှလုံးသွင်း ဆင်ခြင်နိုင်ပေသည်။

အောက်ပါတရားတော်မှ ရေးသားဖော်ပြထားပါသည်

သစ္စာ(၄)ပါးတရားတော်- မင်းကွန်းဆရာတော်

This entry was posted on 7:32 AM and is filed under , . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: