ဗုဒ္ဓဘုရားရှင် အား ပိုပြီး ကြည်ညိုတတ်ရလေအောင် ရည်ရွယ်ပြီး ဘုရားရှင် ၏ရုပ်ပုံတော်ဖွင့်ဆိုတဲ့ ဘုရားရှိခိုးလေးကို မြန်မာလို ရွတ်ဖတ်အာရုံပြုနိုင်အောင် ရေးသားလိုက်ပါသည်။ ရုပ်ပုံတော်ဖွင့် ၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့် ဆိုပြီး အရှင်ဇနကာဘိဝံသ ၏ ရတနာ့ဂုဏ်ရည်စာအုပ်တွင် ဖတ်ဖူးပါသည်။ ဆရာတော်က ဒီဘုရားရှိခိုးတို့ကို သေချာစွာ မြန်မာလို ရှင်းပြထားသည့်အတွက်ကြောင့်လည်း ဘုရားရှင်အား ပိုပြီးကြည်ညိုရပါသည်။ ဆရာတော်မြန်မာလို ရှင်းပြထားတာလေးတွေကို နှစ်သက်တာရယ် မြန်မာလို ရွတ်ဆိုလိုက်လျှင် ဘုရားရှင်၏ ရုပ်ပုံတော် ကို အာရုံပြုရတာ ပိုပြီး ထင်သာတဲ့အတွက်ကြောင့် ကျွန်တော်.. အရှင်ဇနကာဘိဝံသ အဓိပ္ပါယ်ရှင်းလင်းချက်များကို ဘုရားရှိခိုးအဖြစ် ရွတ်ဖတ်လို့ရအောင် စုဆည်းတင်ပြလိုက်ပါသည်။ ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့်များကို မြန်မာလို ရေးသားသွားပြီးလျှင် ဘုရားဂုဏ်တော် မြန်မာလို များကိုပါ စုဆည်းရေးသားသွားပါမည်။

buddha



ရုပ်ပုံတော်ဖွင့်

  • ကမ္ဘာလောက၌ ရှိသမျှ သတ္တ၀ါအပေါင်း၏ ကောင်းမှုပါရမီတို့ကို စုပေါင်း၍ အဆတစ်ရာမြှောက်ပြီးလျှင် တစ်ဆူသောဘုရားရှင်၏ ပါရမီကုသိုလ်နှင့်နှိုင်းယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိပါ၏။

  • သို့ပါ၍ ဘုရားရှင်၏ကောင်းမှုပါရမီတော်များသည် ‘ဤ၍ ဤမျှ ရှိ၏ မည်၍ မည်မျှ ရှိ၏’ ဟု ဂဏာန်းချလျက်နှိုင်းဆရေတွက်၍ မရလောက်အောင် များပြားလှပေ၏။

  • များပြားလှသော ပါရမီတော်တော်တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံးစုဆောင်းတော်မူခဲ့ရသောကြောင့်ဖြစ်၏။

  • ထိုပါရမီတော်တို့၏ ကောင်းမှုကုသိုလ်တို့သည် ဘုရားဖြစ်မည့်ဘ၀၌ အဆုံးစွန် အကျိုးပေးခဲ့၏။

  • ထို့ကြောင့် ရှင်တော်ဘုရားသည်--

    • မျက်နှာတော် ကျက်သရေရှိသည်

    • လက်တော် ခြေတော် ပြေပြစ်ညက်ညော ချောမောသည်

    • ကိုယ်လုံးတော်နှင့် အရပ်တော် ခန့်ညားညီညွတ်သည်



  • တကိုယ်လုံး၏ အသွင်အပြင် အရပ်ရပ်၌ ယောကျာင်္းမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာတော်ကြီး ၃၂ ပါး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်များဖြင့် တံဆိပ်ခတ်ထားလျက် အလွန်တင့်တယ် သပ္ပာယ်နေပါ၏။

  • အညစ်အကြေးကင်း၍ သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတဥာဏ်တော်နှင့် မေတ္တာဂရုဏာတော် ထုံမွှမ်းလျက်ရှိသောကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူတယောက်နှင့်မျှ နှိုင်းပြိုင်၍ မရဘဲ ဖူးမြော်၍ မ၀နိုင်အောင် တက်သစ်စနေ၀န်း ထွန်းသစ်စလစန်း နှင့် ပွင့်ခါစပန်းကဲ့သို့ လန်းလန်း ဆန်းဆန်း ရွှန်းရွှန်းဝေေ၀ အလွန်ကျက်သရေ ရှိတော်မူပါပေသည်။



(အရှင်ဇနကာဘိဝံသ "ရတနာ့ဂုဏ်ရည်" စာအုပ် စာမျက်နှာ-၂ မှ မြန်မာလိုအဓိပ္ပါယ်များကို ဘုရားရှိခိုးအဖြစ် စုဆည်းရေးသားသည်။)
ဒေါင်းလုပ်
ရတနာ့ဂုဏ်ရည်
This entry was posted on 12:36 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: