ရှင်ဥပဂုတ်မထေရ်ကိုးကွယ်မှုသည် မှန်နေသလား မှားနေသလား ?
ထိုကိုးကွယ်မှုနဲ့ပက်သက်ပြီး သက်သေထောက်စရာ တွေ့လို့ ရေးလိုက်ပါတယ်..အရှင်ဧသိက (ရေစကြို) ရေးသော ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းစာဖြစ်ပါသည်။ ထိုကျမ်းစာသည် ပထမစာပေဆု ရရှိထားပါတယ်လို့ လည်း ဖော်ပြထားပါတယ်။ထိုကျမ်းစာ ၏ ဒုတိယပိုင်း အခန်း(၁) “ ထေရ၀ါဒ၌ ရောနှောလာသော ကိုးကွယ်မှုများ ” ခေါင်းစဉ်အောက်မှ ရှင်ဥပဂုတ် ကိုးကွယ်မှု အကြောင်းကို အခုလို ဖော်ပြလိုက်ရပါသည်။…
ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှုများထဲတွင် မဟာယာနဂိုဏ်းမှ အယူအဆများကို ရောနှော လက်ခံနေသည်ကို တွေ့ရသည်။ ထိုအယူများအနက် ရှင်ဥပဂုတ်ကိုးကွယ်မှုလည်း ရှေ့တန်းက ရှိနေလေသည်။
ရှင်ဥပဂုတ်မထေရ်၏ အတ္ထုပ္ပတ်သည် မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော ဒိဗျာဝါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇာတ်လမ်း ဖြစ်သည်။ ရှင်ဥပဂုတ္တမထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိ ဟူသော ဘွဲ့မည် အမျိုးမျိုးဖြင့် ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။
ရှင်ဥပဂုတ္တမထေရ်နှင့် ပက်သက်၍ ထေရ၀ါဒ ပိဋကတ်တော် အဋ္ဌကထာတို့၌ မပါရှိပေ။ ထိုမထေရ်အကြောင်းကို သာသနာနှစ် ၈၀၀-ခန့်က ရှင်မဟာနမ ရေးသော မဟာဝင်ဝတ္ထု၌ ဖော်ပြခဲ့သည်။ ရှင်မဟာနာမသည် မဟာယာနကျမ်းစာ ဒိဗျာဝါနမှ ထုတ်ယူ၍ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။
ထိုမဟာဝင်ကျမ်းလာ စကားကို ယူ၍ မြန်မာကျမ်းပြုဆရာတို့ကလည်း ဖော်ပြခဲ့ကြပြန်သည်။ မဟာရာဇ၀င်ကြီး၊ လောကပညတ္တိကျမ်း၊ ဇိနတ္ထပကာသနီကျမ်း တို့တွင် ထိုမထေရ်၏အတ္ထုပ္ပတ်ကို ကူးယူထည့်သွင်း ခဲ့ကြသည်။ ထိုအခါမှ မြန်မာတို့ စိတ်တွင် ရှင်ဥပဂုတ္တဟူသော ဇာတ်လမ်းသစ်ကို ရရှိခဲ့ကြသည်။ အစွမ်းကောင်းသော မထေရ်တစ်ပါးအဖြစ် မြန်မာတို့၏နှုတ်ဖျားတွင် တွင်ကျယ်လာခဲ့လေသည်။
ရှင်ဥပဂုတ်မထေရ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်ဖြင့် နေသည် ဟုလည်းကောင်း ယနေ့တိုင် အသက်ရှင်လျက်ပင် ရှိနေသေးသည် ဟုလည်းကောင်း ကြံကြီးစည်ရာ ယုံကြည်နေကြသည်။ ထို့ကြောင့် မြန်မာတို့သည် ရှင်ဥပဂုတ်ပုံကို ထုလုပ်၍ ဖောင်ဖြင့် မျှောကာ ပူဇော်ပွဲများ ပြုလုပ်ကြသည်။
ရှင်ဥပဂုတ်သည် မိုးရွာခြင်း၊ ရေလွှမ်းခြင်း၊ မိုးကြိုးပစ်ခြင်း စသော အန္တရာယ်တို့ကို ကာကွယ်ပေးနိုင်မည်ဟုလည်း ယုံကြည်ကြသည်။
ချုပ်၍ ဆိုရလျှင် ရှင်ဥပဂုတ်မထေရ်သည် ထေရ၀ါဒပိဋကတ်တော်လာ ပုဂ္ဂိုလ်မဟုတ်။ မဟာယာနဂိုဏ်းလာ စာအုပ်ထဲက ကူးထားသော ထေရုပ္ပတ္တိသာ ဖြစ်ပေသည်။

(စာမျက်နှာ - ၈၄/ ထေရ၀ါဒ ဗုဒ္ဓဘာသာ- ရေစကြို အရှင်ဧသိက)(ပထမ စာပေဆုရ ကျမ်းစာ)

ထိုအထက်ပါ စာသားကို ဖတ်ခြင်းဖြင့် မရှင်းလင်းသေးသော သူတို့ သံသယကင်းသင့်ပါပြီ ဟုထင်ပါသည်။
ကျွန်တော်လည်း ဦးကောသလ္လတရားမနာခင်က ထိုမထေရ်၏ ရုပ်ထုသည် ဘုရားစေတီများ၌ ပင်ရှိနေသောကြောင့် ရှိခိုး ခဲ့ဖူးပါသည်။ ကျွန်တော်တို့အိမ် ဘုရားကျောင်းဆောင်မှာပင် ထိုအရှင်ဥပဂုတ်မထေရ်၏ ရုပ်ထုကို ထား၍ကိုးကွယ်ခဲ့မိပါတယ်။ ထိုအချိန်က တရားကောင်းတရားမြတ်တို့ကို မလေ့လာမိသောကြောင့် အယူမှားခဲ့ပါတယ်။ သို့ပေမဲ့ ဦးကောသလ္လတရားနာပြီးသည့်နောက်တွင် ထိုမထေရ်၏ရုပ်ထုကို ဘုရားကျောင်းဆောင်မှ ဖယ်ခွာ၍ ကိုးကွယ်ခြင်းမပြုတော့ပါ။ ထေရ၀ါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်သောကိုးကွယ်မှုများသာ အိမ်က ဘုရားကျောင်းဆောင်မှာ ကိုးကွယ်ခဲ့သည်။
အခု အရှင်ဧသိက ၏ ကျမ်းကို ဖတ်မိတော့ အရှင်ဥပဂုတ်ကိုးကွယ်မှုနှင့်ပက်သက်ပြီး သံသယဖြစ်သူတို့ ကို ဖြန့်ဝေငှရန် သက်သေနောက်တစ်ခု အဖြစ် တွေ့ရတာလို့ အားရမိပါတယ်။
သို့ပါသောကြောင့် အမှန်အတိုင်း အားမနာတန်း အတိပြုလက်ခံရမည်ဆိုလျှင်..ယခုကဲ့သို့ ဖော်ပြလိုပါသည်။
shiupagotta1 wrong
Figure: ရှင်ဥပဂုတ်မထေရ် (Shin Upa Gotta) (ကိုးကွယ်ရန်မလို)(no need to worship & not included in Theravada Buddhism)
(ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖော်ပြမှုသည် ထိုဥပဂုတ္တမထေရ်ရုပ်ထုအား အသလွတ် မုန်းနေ၍မဟုတ်ပါ ကိုးကွယ်နေသူတို့ကိုလည်း ရန်လိုချင်၍မဟုတ်ပါ..ထေရ၀ါဒဗုဒ္ဓဘာသာ မှန်ကန်စွာကိုးကွယ်စေလိုသော စိတ်မှန်နှင့် ဖော်ပြပါတယ်)
ထေရ၀ါဒတွင်မပါလျှင် ထိုမထေရ်မှာ အမှန်တကယ်မရှိဟု ယူဆနိုင်ပါတယ်..အဘယ်ကြောင့်ဆိုသော် ထေရ၀ါဒသည်သာလျှင် ဗုဒ္ဓအဆုံးအမကို အတိအကျ လိုက်နာခဲ့သောကြောင့်ဖြစ်သည်။
ထိုအရှင်ဥပဂုတ်ကို ကိုးကွယ်သော မြန်မာတို့ ..

အရှင်ကောသလ္လတရားများကို နာကြည့်ပါ..ပြီးတော့ ယခု ကျွန်တော်ပေးသော အရှင်ဧသိက ကျမ်း၏စာမျက်နှာ (၈၄) ကိုလည်း ဖတ်ကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်..

ဒေါင်းလုပ်
ထေရ၀ါဒ ဗုဒ္ဓဘာသာ - အရှင် ဧသိက (ရေစကြို)
This entry was posted on 9:57 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On March 11, 2014 at 6:10 PM , minkhaung said...

မာရ်နတ်သင်းပင်းတွေက ဥပဂုတ္တအရှင်သူမြတ်ကို ကြည်ညိုခြင်း မရှိလေတော့ နည်းအမျိုးမျိုး ပုံဟန်အမျိုးမျိုးနဲ့ ပူးကပ်ပြီး ယုံကြည်ကြည်ညိုကြသူတွေကို အယုံအကြည်ကင်းမဲ့ အောင်ပြုလုပ်ဆောင်နေကြခြင်းသာဖြစ်တယ်။
အရိယာသူမြတ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ဘာမှ မသိ နားမလည်ပဲ ပြစ်မှားနေမိရင် ကိုယ့်ကိုကိုယ် ဓမ္မ န္တရာယ်ဖြစ်မှန်းမသိ ဖြစ်နေရင် သံသရာဝန်လေးစရာ ကောင်းလှပါတယ်။ ထေရာဝါဒထဲမှာ မှတ်တမ်းမတင်ထားရုံ မတွေ့ မိရုံ နဲ့ ပဲ ပြောနေမယ်ဆိုရင် ပြောစရာ ရဟ န္တာ သိန်းသန်းမက ရှိတော့မှာပေါ့ - ထေရာဝါဒ ဆိုတာကလည်း သုတ် ဝိနည်း အဘိဓမ္မာ ဆိုင်ရာတို့ ကိုသာ အထူးတင်ထားတဲ့ ပိဋကတ်တော်တွေဆိုတာ မမေ့အပ်ဘူးလေ - ဒါကြောင့် ထင်ရှား မထင်ရှား ပုဂ္ဂိုလ်တို့ ရဲ့ ထေရုပ္ပတ္တိ အကြောင်းအရာတွေကို ပိဋကတ်တော် တစ်ခုထဲနဲ့ ဘယ်ရှာတွေ့ နိုင်ပါ့မလဲ။
အဲဒီလို ယောင်ယမ်းရေးသားတဲ့ ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့်စရိုက်ကိုကြည့်တတ်ရင် မြင်သာပါတယ် ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုလူစားတွေဆိုတာ …..