အရဟံဂုဏ်တော်
6:37 PM | Author: sankooo
အရင်ဖော်ပြခဲ့ပြီးသော ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့် တွေကို မြန်မာလို ရွတ်ဖတ် အာရုံပြုပြီး သွားတဲ့အခါ ဂုဏ်တော်တွေကို မြန်မာလို ရွတ်ဖတ်ပြီး ထည့်သွင်းကြည်ညိုကြည့်ပါမယ်။ ရုပ်ပုံတော် ရွတ်လိုက်လို့အတွေးထဲမှာ ထင်ပေါ်လာတဲ့ ဗုဒ္ဓရုပ်ပုံတော်အား ဂုဏ်တော်သွင်းလိုက်တော့ ဘုရားကို ဖူးနေရသလို ဖြစ်ပြီး သဒ္ဓါတရားတွေ အားကောင်းလာပါမယ်။ ဂုဏ်တော်ကို မြန်မာလို ထပ်ပွားလိုက်ရင်လည်း ဘုရားရှင်တစ်ဆူရဲ့ ဂုဏ်တော်တွေကို အရင်ထက် နားလည်လာသလို ဗုဒ္ဓရှင်တော်အပေါ် ယုံကြည်မှု သဒ္ဓါတွေ တိုးပွားလာပါလိမ့်မယ်။ ဒါကြောင့် အရဟံဂုဏ်တော်ကို စပွားကြည့်ပါမယ်။ အရှင်ဇနကာဘိဝံသ ရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက အဓိပ္ပါယ်ရှင်းလင်းချက်ကိုပဲ ဂုဏ်တော်ပွားခြင်းအတွက် စုဆည်း အသုံးပြုထားပါတယ်။ ယုံယုံကြည်ကြည်နဲ့ ပွားများနိုင်ပါတယ်။ (ဘာသာရေးဘလော့ဘ်ရေးရတာ အရမ်းအရေးကြီးတဲ့အတွက် ကျွန်တော် သေချာ ဖတ်ပြီးမှ ရေးပါတယ်။ စကားလုံးအသုံးအနှုန်းတွေကအစ သေချာ ဂရုပြုရပါတယ်။ အခု အရဟံဂုဏ်တော် အတွက်လည်း ဆရာတော်ကြီးရဲ့ အဓိပ္ပါယ်ရှင်းချက်ကိုပဲ ပွားပြီးရေးသားထားပါတယ်။)

buddha



အရဟံ (ကျက်မှတ်ပွားများရန်)

  1. ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

  2. သောက ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား

  3. တစ်ထောင့်ငါးရာ ကိလေသာ အမှိုက်သရိုက်တို့ ကင်းစင်တော်မူသော မြတ်စွာဘုရား

  4. ကိလေသာ(၁၀)ပါးကို အထုံဝါသနာပါ ကင်းအောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား

  5. ကိလေသာ(၁၀)ပါးအနောက်အကျူတို့ ကင်းစင်တော်မူသော မြတ်စွာဘုရား

  6. ကိလေသာ အားလုံးကို အငွေ့အသက်ပါ ပျောက်ကင်းအောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား

  7. မောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား

  8. အနုသယမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား

  9. ပရိယုဋ္ဌာနမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား

  10. အကြမ်းစားမောဟ၊ အနုစားမောဟ တို့ကို ကုန်စင်အောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား

  11. အဟိရိက ကင်းစင်တော်မူသော မြတ်စွာဘုရား

  12. အနောတ္တပ္ပ ကင်းစင်တော်မူသော မြတ်စွာဘုရား

  13. စိတ်ပျံ့လွင့်ခြင်း မရှိသော မြတ်စွာဘုရား

  14. စိတ်လွင့်ပါးခြင်း မရှိသော မြတ်စွာဘုရား

  15. လိုချင်မှု ကင်းစင်တော်မူသော မြတ်စွာဘုရား

  16. တပ်မက်ခြင်း ကင်းစင်တော်မူသော မြတ်စွာဘုရား

  17. သမုဒယ ကင်းစင်တော်မူသော မြတ်စွာဘုရား

  18. သံယောဇဉ် ကင်းစင်တော်မူသော မြတ်စွာဘုရား

  19. စွဲလမ်းမှု ကင်းစင်တော်မူသော မြတ်စွာဘုရား

  20. လောဘ ကင်းစင်တော်မူသော မြတ်စွာဘုရား

  21. အယူမှားခြင်း မရှိသော မြတ်စွာဘုရား

  22. မာန်မာန ကင်းဝေးသော မြတ်စွာဘုရား

  23. ဒေါသ ကင်းစင်တော်မူသော မြတ်စွာဘုရား

  24. စိတ်ညစ်နွမ်းမှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

  25. စိတ်အားငယ်မှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

  26. စိတ်ညစ်မှု ကင်းဝေးတော်မူသော မြတ်စွာဘုရား

  27. ကြောက်လန့်မှု ကင်းတော်မူသော မြတ်စွာဘုရား

  28. အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား

  29. သတ္တ၀ါတို့၏ အကျိုးကို နေ့စဉ်နှင့်အမျှ ပြုကျင့်ဆောင်ရွက်တော်မူသော မြတ်စွာဘုရား

  30. ၀ိစိကိစ္ဆာ ကင်းစင်တော်မူသော မြတ်စွာဘုရား

  31. စိတ်တော်သန့်ရှင်းတော်မူသော မြတ်စွာဘုရား

  32. အနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား

  33. ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

  34. လျူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား



ရှင်းလင်းချက်
ဒါ ကျွန်တော် အရဟံဂုဏ်တော်မှာ အကျုံးဝင်တာတွေကို ရသမျှ ပွားလိုက်တာပါ။ မိတ်ဆွေတို့လည်း မှန်မှန်ကန်ကန် နဲ့ ထပ်ပွားမယ်ဆိုရင် အရဟံ ဂုဏ်တော်တွေ နောက်ထပ်အများကြီး ရနိုင်ပါသေးတယ်။ ဒါ အရဟံ တစ်ခုပဲ ရှိပါသေးတယ် ကျန်တဲ့ ဂုဏ်တော် (၈)ပါး ရှိသေးတယ်။ အရဟံလို့ ပွားနေရင် အဓိပ္ပါယ် အရင်က သိကောင်းသိထားမယ် ဒါပေမယ့် ပွားနေချိန်မှာ ပါဠိလိုပွားတဲ့အတွက်ကြောင့် အဓိပ္ပါယ် မထင်ပေါ်ဘူးပေါ့။ “အရဟံ” ဆိုတာပဲ တောက်လျောက်ဆိုနေတော့ ကြာတော့ ပျင်းလာနိုင်ပါတယ်။ အခုလို မြန်မာလို ပွားလိုက်တဲ့အတွက် ဂုဏ်တော်နဲ့ ပက်သက်တာတွေ ကျက်ပြီးသားဖြစ်သလို ထပ်ထပ်ပြီး ပွားချင်စိတ်တွေနဲ့ ကြည်ညိုတတ်လာဖို့ ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးလိုက်တာပါ။
အရဟံဆိုတာ ကိလေသာ ကင်းတယ်လို့ အဓိပ္ပါယ် ရတယ်။ ကိလေသာမှာမှ (၁၀)ပါး ရှိပြန်တော့ အများကြီးပွားလို့ရသွားပါတယ်။
ကိလေသာ (၁၀)ပါး...

  1. လောဘ

  2. ဒေါသ

  3. မောဟ

  4. မာန

  5. ဒိဋ္ဌိ

  6. ၀ိစိကိစ္ဆာ

  7. ထိန

  8. ဥဒ္ဓစ္စ

  9. အဟိရိက

  10. အနောတ္တပ္ပ

(ဒေါက်တာမင်းတင်မွန် ဗုဒ္ဓအဘိမ္မာအနှစ်ချုပ် ၊ စာ-၁၉၉)
မောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား လို့ပွားလို့ရသလို..မောဟကို တခါထပ်ခွဲပြီး ပွားလို့ရပါသေးတယ်..












ပရိယုဋ္ဌာန မောဟ(အကြမ်းစား)ဓာတ်သတ္တိ- ထကြွခြင်းအကုသိုလ်၊ကုသိုလ်မှန်းခွဲခြားမသိခြင်း
အနုသယ မောဟ(အနုစား)ဓာတ်သတ္တိ- ကိန်းဝပ်နေခြင်းပဋိစ္စသမုပ္ပါဒ်ကိုမသိခြင်း

Table: မောဟနှစ်မျိုး (အရှင်ဇနကာဘိဝံသ- ကိုယ်ကျင့်အဘိဓမ္မာ၊ စာ-၁၈)

အဲတော့
ပရိယုဋ္ဌာနမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား
အနုသယမောဟ ကင်းစင်တော်မူသော မြတ်စွာဘုရား
အကြမ်းစားမောဟ၊ အနုစားမောဟ တို့ကို ကုန်စင်အောင် ပယ်တော်မူနိုင်သော မြတ်စွာဘုရား
လို့ ပွားဆိုလို့ရသွားတယ်။
အဘိဓမ္မာနားလည်လေလေ ပိုပြီး ပွားလို့ကောင်းမယ် ထင်တယ်။
တခါ ထိန ဆိုတာ အလုပ်ကိစ္စတခုမှာ ထက်ထက်သန်သန်မရှိဘဲ တွန့်ဆုတ်နေခြင်း ထိုင်းတိုင်းတိုင်းဖြစ်နေခြင်း လို့ အဓိပ္ပါယ်ရပါတယ် (အရှင်ဇနကာဘိဝံသ- ကိုယ်ကျင့် အဘိဓမ္မာ၊ စာ-၇၈)
ဘုရားရှင်က ထိန-ကင်းစင်တော်မူတယ်လို့ ပွားချင်တော့..အဲဒီ့အဓိပ္ပါယ် အကျုံးဝင်ပြီးသားဖြစ်တဲ့..
သတ္တ၀ါတို့၏ အကျိုးကို နေ့စဉ်နှင့်အမျှ ပြုကျင့်ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
လို့ ပွားလိုက်တော့ ထိန ကင်းတယ် ဆိုတယ့်အဓိပ္ပါယ်သက်ရောက်ပြီးသားဖြစ်သွားပါတယ်။
မိတ်ဆွေတို့ ဒီပို့စ်လေးကို တခေါက်ဖတ်လိုက်ယုံနဲ့ ပိုပြီး ကြည်ညိုလာရမယ် ထပ်ပြီး ပွားချင်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဗုဒ္ဓရှင်တော်အား မှန်ကန်စွာ ကြည်ညိုမှု တိုးပွားစေခြင်းငှာ..
This entry was posted on 6:37 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: